နံပါတ်ထွက်ပြီးသား ကျပ်သိန်းနှစ်ရာဝန်းကျင်ကားများနှင့် တက္ကစီယာဉ်များသာ အဝယ်လိုက်နေသည့် ကားစျေးကွက်

279
Page(Test)

ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများကို ခွင့်ပြုပေးမည့် မော်တော်ယာဉ် တင်သွင်းရောင်းချခြင်းကိစ္စကို ပြန်လည်ဆွေးနွေးမည်ဟု ကြေညာပြီး နောက်တွင် ထိုပါမစ်များကို ခွင့်မပြုတော့ဟု ကောလာဟလသတင်းများ၊ ကားတင်သွင်းခွင့်အစား အိမ်ရာ၊ တိုက်ခန်းတို့ဖြင့် အစားထိုးခွင့်ပြုမည် ဆိုသည့် ကောလာဟလသတင်းများသာ ထွက်ပေါ်နေပြီး ယင်းပါမစ်နှင့် ပတ်သက်၍ တိကျသေချာသည့် သတင်းများထွက်ပေါ်မလာသေးသောကြောင့် ကားအရောင်းအဝယ်များမှာ မျှော်မှန်းသလောက် အရောင်းအဝယ် မဖြစ်သေးကြောင်း သိရသည်။ လက်ရှိတွင် စျေးကွက်အတွင်း နံပါတ်ထွက်ပြီးသား ကျပ်သိန်းနှစ်ရာဝန်းကျင်ကားများနှင့် တက္ကစီယာဉ်များသာ အဝယ်လိုက်နေပြီး အမြင့်ကားများမှာ ဝန်ထမ်းပါမစ် ပေး၊မပေးကို စောင့် ကြည့်နေကြ၍ အဝယ်အေးနေသည်။ ဖေဖော်ဝါရီလမှ ဧပြီလဆန်းအထိ သည် ကုန်စည်စီးဆင်းမှု များလေ့ရှိသည့် နထစသမအ ရာသီဖြစ်ခြင်းနှင့် ဝန်ထမ်းပါမစ်များနှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသောကြောင့် လုပ်ငန်းသုံးယာဉ်များမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေသည်။ ဝန်ထမ်းများ ကို အခွန်သက်သာခွင့်ဖြင့် ကားတင်သွင်းခွင့် ပေး၊ မပေး မသေချာသေး သောကြောင့် ကားတင်သွင်းမှုများမှာ အရင်နှစ်ကထက် သိသိသာသာ လျော့နည်းသွားသည်။ နယ်အဝယ်အဆင်းနည်းနေပြီး ကားစျေးကွက်တွင် ကျပ်သိန်းနှစ်ရာဝန်းကျင် ၁၃ဝဝ စီစီ ကားများဖြစ်သည့် Toyota Probox ၊ Toyota Vitz (ပုံပြောင်း)၊Toyota Belta ၊ Honda Fit တို့သာ အနည်း ငယ် အရောင်းအဝယ်ဖြစ်သည်။

”ဒီအချိန်က Export ရာသီဖြစ်လို့ လုပ်ငန်းသုံးယာဉ်တွေ ပုံမှန်အတိုင်း အရောင်းအဝယ် ဖြစ်ပါတယ်၊ ဝန်ထမ်းပါမစ်က ကြားသိရသလောက် ၂၅ နှစ်ဝန်ထမ်းကောင်းတွေကို မပေးတော့ဘူး၊ ကားပါမစ်အစား တိုက်ခန်း၊အိမ်ရာတွေ အစားထိုးပေးမယ်လို့ ကြားနေရပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေက တိကျသေချာတဲ့သတင်း ထွက်လာတာ ကို အားလုံးက စောင့်ကြည့်နေကြတဲ့အတွက် အဝယ်က သိသိသာသာ လိုက်လာတာ မတွေ့ရပါဘူး၊ ဒီပါမစ်ကိစ္စနဲ့ သက်ဆိုင်မှု မရှိတဲ့အတွက်ကြောင့် လုပ်ငန်းသုံးကားတွေကတော့ စျေးတန်းတည်ငြိမ်နေသလို အရောင်းအဝယ်လည်း ပုံမှန်သွားနေတာ တွေ့ရပါတယ်၊ ယာဉ်အို၊ယာဉ်ဟောင်းစလစ်တွေကတော့ ဖောက်စွပ်စလစ်တွေ နည်းသွားတဲ့အတွက် နည်းနည်းလေး အတက်ဘက်ကို ပြန်ပါလာတာ တွေ့ရပေမဲ့ သိသိ သာသာ စျေးထပ်တက်နိုင်တဲ့ အနေအထားမျိုးတော့ မရှိနိုင်ပါဘူး”
ဟု Shwe Sar Yae Trading Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ကိုအေးနိုင်က ဆိုသည်။

ပြည်ပမှ ကားတင်သွင်းရောင်းချရန် ခက်ခဲသွားချိန်တွင် စျေးကွက် အတွင်းရှိ နံပါတ်ထွက်ပြီးသား ညာမောင်းကားများနှင့် ပြည်တွင်းထုတ် SKD ကားများမှာ အရောင်းအဝယ်ဖြစ်ပြီး ကျပ်သိန်းသုံးရာအောက် ကားများမှာ အရောင်းအဝယ် ပိုဖြစ်သည်။ လုပ်ငန်းသုံးကားစျေးကွက်တွင် ၆၆ဝ စီစီ ကားများနှင့် နံပါတ်ထွက်ပြီးသား ကျပ်သိန်းသုံးရာအောက် တစ်တန်၊ တစ်တန်ခွဲ၊ နှစ်တန် လုပ်ငန်းသုံးကားများ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အိမ်စီးကားများထက် တက္ကစီယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များ အရောင်းအဝယ် ပြန်လိုက်လာသော်လည်း အမှန်တကယ်အသုံးလိုသည့်သူများသာ ဝယ်ယူကြ၍ မျှော်မှန်းသလောက် အ ရောင်းအဝယ်မဖြစ်ကြောင်း သိရသည်။

”အထူးပါမစ်လို့ အများခေါ်ကြတဲ့ ဝန်ထမ်းပါမစ်တွေကို ဆိုင်းငံ့သ တင်းမကြေညာခင်က စျေးကွက်က စျေးကွက်ပျက်တဲ့အထိ ဖြစ်သွားပြီး ကားစျေးတွေလည်း ရုတ်တရက် ကျသွားပါတယ်၊ လတ်တလောအခြေ အနေမှာကျတော့ ဝန်ထမ်းပါမစ်ကို ဆိုင်းငံ့ထားတဲ့အတွက် စျေးချရောင်း တဲ့သူနည်းသွားပါတယ်၊ ဒါပေမဲ့လည်း စောင့်ကြည့်တဲ့သူများတဲ့အတွက် အရင်ချထားတဲ့စျေးကို တစ်ဝက်လောက်ပြန်တင်ပြီး ရောင်းတဲ့ကားတွေ လောက်ပဲ အရောင်းအဝယ်ဖြစ်တာ တွေ့ရပါတယ်၊ ကျပ်သိန်းနှစ်ရာဝန်း ကျင်ကားလေးတွေပဲ အမေးများပြီး အဝယ်လိုက်တဲ့အတွက် ကားစျေး ကွက်က ပြန်ပြီး ဦးမော့လာတယ်လို့တော့ ပြောလို့မရပါဘူး၊ ပါမစ်ကိစ္စ ကလည်း မပေးတော့ဘူးလို့ ပြောကြသလို မြေ၊ အိမ်ရာတွေနဲ့ အစားထိုး ခွင့်ပြုမယ်ဆိုတဲ့ ကောလဟလသတင်းတွေလည်း ထွက်နေပေမဲ့ သက် ဆိုင်ရာတာဝန်ရှိသူတွေဆီက ကြားရတဲ့သတင်းအရတော့ အစားထိုးခွင့်ပြု မယ်ဆိုတဲ့ အစီအစဉ်မရှိတာ သိရပါတယ်”ဟု MMM ကားအရောင်းစင်တာမှ မန်နေဂျင်းဒါရိုက်တာ ကိုမင်းမင်းမောင်က ဆိုသည်။

ကားစျေးကွက်အတွင်း နံပါတ်ထွက်ပြီးသား ညာမောင်းကားများမှာ ဝယ်လိုအားပြန်လိုက်လာကာ Toyota Vitz ၂ဝ၁၁ မိုဒယ်ကို ကျပ်သိန်း ၁၈ဝ ဝန်းကျင်၊Toyota Probox ၂ဝဝ၇၊ ၂ဝဝ၈ မိုဒယ်ကို ကျပ် ၁၈၅ သိန်း ဝန်းကျင်၊Honda Fit ၂ဝဝ၈ မိုဒယ်(မှန်မည်း)ကို ကျပ်သိန်း ၁၉ဝ ဝန်းကျင်တွင် အရောင်းအဝယ် ဖြစ်နေသည်။ တက္ကစီယာဉ်များထဲတွင် Honda Fit ၊ Toyota Belta ၊ Toyota Vitz ၂ဝဝ၈၊၂ဝဝ၉ မိုဒယ်များမှာ ကျပ်သိန်း ၁၆ဝ ဝန်းကျင်၊ Nissan AD Van ၂ဝဝ၇၊ ၂ဝဝ၈ မိုဒယ်ကားများမှာ ကျပ်သိန်း ၁၄ဝ မှ ၁၅၅ သိန်းဝန်းကျင်၊Toyota Fielder ကားများမှာ မိုဒယ်အပေါ်မူတည်ပြီး ကျပ်သိန်းနှစ်ရာမှ ၂၅ဝ ဝန်းကျင်တွင် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

”ယာဉ်ရောင်းဝယ်ရေးစခန်းတွေမှာ အိမ်စီးကားတွေကတော့ တကယ်လိုတဲ့သူလောက်ပဲ လာဝယ်ကြတာ တွေ့ရပါတယ်၊ ဝယ်/ရောင်းအချင်းချင်းဆိုရင် ပေါက်စျေးအောက် သိန်းနှစ်ဆယ်၊ သုံးဆယ် ချရောင်းမှပဲ ဝယ်ရဲတာ တွေ့ရပါတယ်၊ အကုန်လုံးက ဝန်ထမ်းပါမစ်ဂယက်ကြောင့် အထိနာမှာ ကြောက်နေတဲ့အတွက် စောင့်ကြည့်နေကြတာများပါတယ်၊ ပါမစ်ဆိုင်းငံ့သတင်းကြောင့် အဝယ်ပြန်လှုပ်ပေမဲ့ တက္ကစီတွေပဲ အမေးများ ပါတယ်”ဟု ကားဝယ်/ရောင်း ကိုစန်းဝင်းရှိန်က ေြပာသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here