‘နောက်နှစ်တွေရောက်လာလေ၊  EFI System ပိုအသုံးတွင်ကျယ်လာလေ  ဖြစ်မှာပါ’ မန္တလေးမြို့ ရွှေနဒီ EFI ဆိုင်ကယ် Service Center မှ  ဝါရင့်ဝပ်ရှော့ဆရာ ကိုဇော်ဝင်းနှင့် တွေ့ဆုံခြင်း

1754

 

မြန်မာနိုင်ငံမှာ ဟိုးအရင်က ကာပရိုက်တာ Type ဆိုင်ကယ်တွေပဲ အသုံးတွင်ကျယ်ခဲ့ပေမဲ့ ဒီနေ့ခေတ်မှာတော့ နိုင်ငံတကာကုမ္ပဏီကြီးတွေရဲ့ တိုးတက်လာတဲ့ နည်းပညာအရ EFI System အသုံးပြုပြီး ထုတ်လုပ်လာကြရာ အပြိုင်အဆိုင်ဖြစ်လို့လာခဲ့ပါတယ်။ လက်ရှိပြည်တွင်းကိုလည်း EFI နည်းပညာသုံး ဆိုင်ကယ်တွေ အများအပြားဝင်ရောက်လာပေမဲ့ အဲဒီ EFI ဆိုင်ကယ်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြင်ဆင်ပေးနိုင်တဲ့ ဝပ်ရှော့ကတော့ နည်းပါးနေပါသေးတယ်။ မြန်မာနိုင်ငံရဲ့ ဆိုင်ကယ်မြို့တော် မန္တလေးမှာတောင် EFI ဘီးတွေကို ကျွမ်းကျင်စွာ ပြင်ဆင်ပေးနိုင်တဲ့ဝပ်ရှော့က လက်ချိုးရေလို့ရပါသေးတယ်။ အဲဒါကြောင့် ဒီတစ်ပတ်မှာတော့ EFI  ဆိုင်ကယ်တွေကို ပြင်ဆင်ပေးနေတဲ့ မန္တလေးမြို့က ရွှေနဒီ Service Center ဖွင့်လှစ်ထားတဲ့ ဝါရင့်ဝပ်ရှော့ဆရာတစ်ဦးဖြစ်သူ ကိုဇော်ဝင်းနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာတွေကို ပြန်လည်ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

ကျော်ကျော်အောင်   တွေ့ဆုံမေးမြန်းသည်။

Automobile : EFI နည်းပညာသုံး ဆိုင်ကယ်တွေက မြန်မာနိုင်ငံကို ဘယ်အချိန်က စဝင်ခဲ့တာလဲ။ ဘယ်လိုဆိုင်ကယ်အမျိုး အစားတွေရှိမလဲ …

K.Z.W        :   EFI နည်းပညာသုံး ဆိုင်ကယ်တွေက ၂ဝဝ၈ ခုနှစ်လောက်ကနေ မြန်မာနိုင်ငံကို စဝင်လာတယ်။ အဝင်များတာတော့  Honda ရှိမယ်၊ YAMAHA ရှိမယ်။ Honda ထဲမှာဆို Click ၊ Scoopy i ၊ Wave ဆိုင်ကယ်တွေရှိမယ်။ YAMAHA ထဲမှာဆို Tricker တို့၊ WR စတာတွေရှိမယ်။ အဓိကကတော့ ဂျပန်တံဆိပ်တွေပေါ့။ တရုတ်ဘီးထဲမှာတော့ အခုအချိန်အထိ EFI ဘီး ဆိုတာ မထွက်သေးဘူး။

Automobile :  EFI Type နဲ့ ကာပရိုက်တာ Type မတူတဲ့ကွာခြားချက်တွေက ဘာတွေရှိမလဲ . . .

K.Z.W        EFI System မှာကျတော့ ဆီနည်းတာ၊ များတာ မရှိတော့ဘူး။ အာရုံခံ Control Box ECU ကနေ အမိန့်ပေးခိုင်းစေတာဖြစ်လို့ ဆီနည်းမှာ၊ ဆီများမှာ ပူစရာမရှိတော့ဘူး။ ဆီကို လိုအပ်သလောက်ပဲ သုံးသွားတယ်။ ကိုယ်သုံးရင် သုံးသလောက်ကုန်မှာပဲ။ ပလပ်တွေလည်းကောင်းမယ်၊ ဆီစားနှုန်းလည်းပုံမှန်ဆိုရင် ရုန်းအားဆွဲအားကအစ အထသွက်တယ်ပေါ့။ ကာပရိုက်တာဘီးလို လီဗာ ရုတ်တရက်ဆွဲလိုက်လို့ မီးသံခေါက်တာမျိုး မရှိတော့ဘူး။ လီဗာတင်ရင် တင်သလို ဆီကိုပိုဖျန်းပေးတယ်။ ဆီလည်းမှန်၊ ဆွဲအားလည်းကောင်းပေါ့။ ပြီးတော့ ဆီမှန်တဲ့အတွက် အိပ်ဇောကနေ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်တာကအစ နည်းသွားလို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပြီးသား ဖြစ်တယ်။ အဲဒါကြောင့်လည်း ကမ္ဘာကျော် ကုမ္ပဏီ တော်တော်များများ EFI System ကို အကုန်လုံးပြောင်းကြတာပေါ့။ အခုနောက်ပိုင်း ကုမ္ပဏီကြီးတွေမှာ တရုတ်ဘီးကလွဲရင် ကာပရိုက်တာဘီးမထုတ်ကြတော့ဘူး။ အများစုက EFI System ပြောင်းသွားပြီ။ ကာပရိုက်တာဘီးမှာကျတော့ ဆီနည်းရင် စီးရတာ တွန့်ဆုတ် တွန့်ဆုတ်ဖြစ်တာတွေရှိတယ်။ သူ့ရဲ့အားသာချက်က ဆီတော့မရွေးဘူးပေါ့။

Automobile   :  EFI System ဆိုင်ကယ်တွေမှာ ဆီမသန့်ရင် ဘာတွေဖြစ်နိုင်မလဲ . . .

K.Z.W           :  ဆီမသန့်ရင် ပန့် Pressure တွေ ပျက်စီးမယ်၊ နော်ဇယ် Injector တွေပိတ်မယ်၊ ပန့်တွေနာ၊ Injector တွေပိတ်သွားတာဖြစ်တဲ့အတွက် နောက်ပိုင်းပျက်စီးတာများပြီး အသစ်လဲရတာတွေတောင်ရှိနိုင်တယ်။ EFI System ဆိုင်ကယ်တွေမှာ အဓိက ဆီသန့်ဖို့ အရေးကြီးတယ်။လက်ရှိစျေးကွက်ထဲမှာဆိုရင် Octane 95 ထည့်ရင် အကောင်းဆုံးပဲ။ အနိမ့်ဆုံးတော့ 92 ပေါ့။ တကယ်လို့ ဆီသန့်မယ်ဆိုရင် အပျက်အစီးနည်းပြီး ကုန်ကျစရိတ် သက်သာစေမယ်။ အကောင်းဆုံးက EFI ဘီးဆိုရင် ဆီသန့်ရမယ်၊ ဆိုင်ကယ်ထဲမှာ အမြဲတမ်း အနည်းဆုံး ဆီတစ်လီတာ လက်ကျန်ထားစီးရမယ်။ ဘာဖြစ်လို့လဲ ဆိုရင် ဆီမသန့်တော့ ဆီတအားနည်းသွားရင် ဆီထဲမှာပါတဲ့ အမှုန်အမွှားတွေက ထလာမယ်။ အဲဒီအမှုန်အမွှားတွေက ဆီပန့်မှာ သွားပိတ်ပြီး အချိန်ကြာလာတာနဲ့အမျှ ပြင်ဆင်ရတာတွေ၊ အသစ်တစ်လုံးလဲရတာတွေဖြစ်တတ်တယ်။ ဒါကြောင့် ဆီသန့်ဖို့ အရေးကြီးတယ်။

Automobile   :  Honda ဆိုင်ကယ်တွေမှာ ဘာကြောင့် Reset ချပေးသင့်တာလဲ . . .

K.Z.W           :  EFI ဆိုင်ကယ်တွေဟာ စီးတာကြာလာရင် ကြေး(ဂျီး) ကပ်တာ များလာတာနဲ့အမျှ လေစက်မှာ လေအဝင်/ အထွက် ပိတ်တာတွေ၊ ဆီအဝင်/အထွက်ပိတ်တာတွေ၊ နော်ဇယ်ပိတ်တာတွေရှိလာမယ်။ အဲဒီလိုပြစ်ချက်တွေများလာပြီဆိုရင် Control Box ကနေ ဘယ်လောက်ပဲ အမိန့်ပေးပေး စက်ပစ္စည်းတွေမှာ အလုပ်လုပ်နိုင်စွမ်းနည်းသွားမယ်။ ဒါကြောင့် ဖုန်းတစ်လုံးကို Reset လုပ်သလိုပဲ ဆိုင်ကယ်တစ်စီးကိုလည်း စီးတာကြာလာရင် ECU မှာ Reset လုပ်ပေးသင့်တယ်။ ဒါမှ ဆိုင်ကယ်က သွက်လက်မှုအမြဲရှိနေမယ်။ အဲဒီလို Reset ချဖို့ဆိုရင် ဆိုင်ကယ်တစ်စီးကို Scanner စက်နဲ့ ချိတ်ဆက်လိုက်တာနဲ့ ဘယ်အစိတ်အပိုင်းမှာ ဘယ်လိုပြစ်ချက်တွေ ဖြစ်နေတယ်ဆိုတာ အကုန်ပေါ်လာတယ်။ အဲဒီလို ပြသပေးတော့ ပြင်ဆင်ချိန် သက်သာတယ်။ EFI ဆိုင်ကယ်တစ်စီးကို အရုန်းအဆွဲကောင်းဖို့ဆိုရင် ဓာတ်ဆီပန့်ကို ပန့် Pressure နဲ့ စစ်ရမယ်။ နောက်တစ်ခုက နော်ဇယ်ကို စက်နဲ့ စစ်ဆေးပြီး လေစက်ကိုပါ တစ်ခါတည်းစစ်ရမယ်။ လေတံခါးရွက်(Throttle Body)နဲ့ Idle Air Control လေချုပ်ဗားကို စစ်ဆေးပြီး ပလပ်ကိုပါ စစ်ဆေးရမယ်။ အဲဒါတွေအကုန်စစ်ဆေးပေးလို့ ကြေး(ဂျီး)တွေ ပြောင်စင်သွားပြီဆိုရင် ဆိုင်ကယ်တစ်စီးဟာ ဆီစားနှုန်းလည်း သက်သာသွားမယ်၊ အဆွဲအရုန်းလည်း ကောင်းမွန်လာမယ်။ အဲဒါ Scanner နဲ့ Reset ချပေးခြင်းရဲ့ ကောင်းကျိုးပဲ။ Reset ချတာလည်း ရာသီဥတုအပေါ်မူတည်ပြီး လုပ်ပေးရတာ။ မစီးဘဲနဲ့ တစ်နှစ်လုံးပစ်ထားရတဲ့ဘီးကတော့ Reset ချစရာမလိုဘူးပေါ့။

Automobile   :  ရွှေနဒီ Service Center မှာရော ဘယ်လိုဝန်ဆောင်မှုတွေပေးထားလဲ . . .

K.Z.W         :    ဝန်ဆောင်မှုကတော့ EFI ဆိုင်ကယ်တွေ အကုန်လုံး Scanner နဲ့ ပြစ်ချက်တွေရှာပေးတယ်၊ Reset ချသင့်တဲ့ဘီးဆိုရင် Reset ချပေးတယ်၊ ပြီးရင် Injectorတွေကိုလည်း စက်နဲ့ဆေးကြောပေးတယ်။ ကာဗွန် ချိုး (ဂျိုး) တွေများရင် ဆေးတဲ့ကာဗွန်ဆေးစက်တွေကအစ ကျွန်တော့်ဆီမှာ ကိရိယာအစုံရှိတယ်။ ပစ္စည်းစုံတော့ အချိန်ခဏအတွင်းမှာ အကောင်းဆုံးနဲ့ အမြန်ဆုံး လုပ်ပေးနိုင်တာပေါ့။ နောက်တစ်ခုက ပြင်နေကျ Customer တွေထဲက ဆိုင်ကယ်ကစီးလာလို့ အဆင်မပြေတာပဲဖြစ်ဖြစ်၊ မအားလို့ပဲဖြစ်ဖြစ် ဖုန်းဆက်ခေါ်တယ်ဆိုရင် ဆိုင်ကယ်ကို ကိုယ်တိုင်ကိုယ်ကျ သွားယူပေးပြီး ပြင်ပေးတယ်။ လိုအပ်လို့ ပြန်ပို့ပေးပါဆိုရင်လည်း ပြန်ပို့ပေးတယ်။ ဒါကတော့ အထူးဝန်ဆောင်မှုပေါ့။

Automobile   :  ကာပရိုက်တာဘီးထက် EFI ဘီးတွေမှာ ဘယ်လို အားသာချက်တွေရှိဦးမလဲ . . .

K.Z.W           :  EFI ဘီးက ကာပရိုက်တာဘီးထက် ဘာတွေ အားသာချက်ရှိသလဲဆိုရင် မိုးရွာထဲ စီးနေတယ်ဆိုပါစို့။ ကာပရိုက်တာဘီးတွေမှာ ဆော့ကတ်ပေါ်ရေကျရင် စက်ထိုးရပ်သွားတာမျိုး၊ ပျက်တာမျိုးဖြစ်တတ်တယ်။ EFI ဘီးတွေမှာကျတော့ ဆော့ကတ်ထဲမှာကို ရော်ဘာခံပေးထားတော့ ရေငွေ့ကအစ မဝင်ဘူး၊ လုံခြုံမှုရှိတာပေါ့။ ကလက်ကုပ်တွေမှာကအစ ပိုပြီးကောင်းသွားပြီ။ ကာပရိုက်တာဘီးတွေမှာ ဘက်ထရီကနေ ဖျူ့စ်၊ ဖျူ့စ်ကနေ တစ်ဆင့်သွားတာ။ ဒီ EFI ဘီးတွေမှာက Relay ဆိုတာလေးပါလာတယ်။ အဲဒီ Relay က အကုန်လုံးကိုပတ်ပြီး အလုပ်လုပ်သွားတော့ ထိရောက်မှုမြန်ဆန်တယ်။ ကာပရိုက်တာဘီးတွေမှာ ဖျူ့စ်တစ်ခုတည်း။ EFI ဘီးထဲက Click ၊ Scoopy i တွေမှာဆိုရင် ဖျူ့စ်နှစ်ခုပါလာပြီ။ EFI System အတွက်က ဖျူ့စ်တစ်ခု၊ မီးပိုင်းတွေအတွက်က Relay တစ်ခု၊ Click တွေမှာဆိုရင် ဖျူ့စ်က ငါးခုပါလာပြီ။ ECUအတွက်က တစ်ခု၊ မီးပိုင်းက တစ်ခု စတဲ့ တစ်ခုစီပါလာတယ်။ အဓိကကတော့ ဖျူ့စ်တစ်ခုပြတ် လိုက်တာနဲ့ တခြားအစိတ်အပိုင်းတွေမှာ မထိခိုက်အောင် လို့ ကာကွယ်လုပ်ဆောင်ပေးထားတဲ့ သဘောပါ။ ဖျူ့စ် ကို ဖြတ်ပြီးမှ Relay ၊ Relay ပြီးမှ အဆင့်ဆင့်ပို့ပေးတာ ဖြစ်တဲ့အတွက် ပိုစိတ်ချရတယ်။

Automobile   :   ရွှေနဒီ Service Center မှာ လာပြင်တဲ့ Customer တွေနဲ့ အပြင်မှာ ဆိုင်ကယ်စီးနေတဲ့သူတွေအတွက် စကားလက်ဆောင်လေးပြောပေးပါဦး …

K.Z.W         :     နောက်နှစ်တွေရောက်လာလေ၊ EFI System က ပို အသုံးတွင်ကျယ်လာလေဖြစ်မှာပါ။ မန္တလေးမှာ EFI ဆိုင်ကယ် ကျွမ်းကျွမ်းကျင်ကျင်ပြင်ဆင်နိုင်တဲ့ဆိုင်က လက်ချိုးရေလို့ရပါတယ်။ EFI ဆိုင်ကယ်နဲ့ပတ်သက်လို့ ပြင်ဆင်တာပဲဖြစ်ဖြစ် သက်တမ်းကြာရှည်ခံအောင် ထိန်းသိမ်းပုံ ထိန်းသိမ်းနည်းကအစ အကြံဥာဏ်ပေးလို့ရသလို ကျွန်တော့်ဆိုင်မှာလည်း EFI နဲ့ပတ်သက်ရင် Techanical ပညာရှင် ဆရာကျော်ဇင်ကောင်းဆီက သင်ကြားထားတာဖြစ်တဲ့အတွက် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်တယ်လို့ အာမခံပါတယ်။ ဆိုင်ကယ်စီးသူအားလုံးလည်း ဘေးအန္တရာယ်ကင်းပြီး စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့ စီးပွားလာဘ်လာဘတွေ တိုးပွားကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

 

ရွှေနဒီ EFI ဆိုင်ကယ် Service Center ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့

၄၁ လမ်း၊ ၈၂ × ၈၃ လမ်းကြား၊ မန္တလေးမြို့။

ဖုန်း ဝ၉-၄၃ဝ ၆၁၅ ၄ဝ။

LEAVE A REPLY

Please enter your comment!
Please enter your name here