နေအိမ်နောက်ဘက်တွင် မြေ ကွက်လပ်ကျယ်ရှိကြသည့် အိမ်ပိုင်ရှင်များသည် များသောအားဖြင့် ယင်းနေရာကို ရေကူးကန်၊ ဟင်းသီးဟင်းရွက် စိုက်ခင်း၊ သို့မဟုတ် မိသားစုပျော်ပွဲစား ထွက်ရာနေရာ အစရှိသည့် စိတ်ကူးအမျိုးမျိုးဖြင့် ဖန်တီးလေ့ရှိကြရာ ဘဏ်လုပ်ငန်းရှင် သူဌေးတစ်ဦးဖြစ်သည့် Alan Wilzig ဆိုသူကမူ ၎င်းနေအိမ် နောက်ဘက်ရှိ မြေနေရာလွတ်အား ဖော်မြူလာဝမ်းပြိုင်ကား မောင်းကွင်းအဖြစ် ထူးထူးခြားခြား ပြောင်းလဲ ဖန်တီးထားကြောင်း Daily Mail သတင်းဌာနက ရေးသား ဖော်ပြခဲ့သည်။
အသက် ၅၂ နှစ်အရွယ် Alan Wilzig သည် ၎င်းပိုင်ဆိုင်သော နယူးယော့ခ်ပြည်နယ်၊ Taghkanic မြို့ရှိနှစ်ပေါင်း ၁၅ဝ သက်တမ်းနီးပါးရှိပြီဖြစ်သည့် ဒတ်ချ်ကိုလိုနီခေတ် စတိုင်လ် ရဲတိုက်ဆန်ဆန်နေအိမ်ကြီး၏အနောက်ဘက်ရှိ ၂၇၅ ဧက ကျယ်ဝန်းသော ကွင်းပြင်ကျယ်ကြီးကို ကားများနှင့် မော်တော်ဆိုင်ကယ်များ အပြိုင်မောင်းနှင်နိုင်ရန် အတွက် ၁ ဒသမ ၁၅ မိုင်ရှည်လျားပြီး ပေ လေးဆယ် ကျယ်ဝန်းသည့်ဖော်မြူလာဝမ်းပြိုင်ကွင်းအဖြစ် ဖန်တီး ထားခြင်း ဖြစ်သည်။ Wilzig သည် အဆိုပါပရော်ဖက်ရှင် နယ်အဆင့် ပြိုင်ကွင်းအား တစ်ကိုယ်ရေ အသုံးပြုရန် သာဖန်တီးလိုက်ခြင်းဖြစ်ပြီး ၂ဝဝ၄ ခုနှစ် တွင် သူပိုင်ဘဏ်လုပ်ငန်းဆိုင်ရာ ကုမ္ပဏီ တစ်ခုကို အမေရိကန်ဒေါ်လာ ၇၂၆ သန်းဖြင့် ရောင်းချပြီး နောက်တစ်နှစ်တွင် ၂၇၅ ဧက အကျယ်ရှိသည့် အဆိုပါ မြေနေရာကို ဒေါ်လာ ၃ ဒသမ ၃၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ကနဦးတွင် အိမ်နီးချင်းများက စီးပွားရေး ဆန်ဆန် ကားမောင်းပြိုင်ပွဲများ ပြုလုပ်ခြင်းနှင့် အသံဗလံများဆူညံခြင်းတို့ဖြစ်ပေါ်မည်စိုး၍ ကန့်ကွက်ခဲ့ကြရာ ၂ဝဝ၇ ခုနှစ်၌ သက်ဆိုင်ရာက ၎င်း၏ပြိုင်ကားကွင်းဆောက်မည့်အစီအစဉ်ကို တားမြစ်ခဲ့သော်လည်း နောက်ဆုံးတွင် Wilzig သည် ၎င်း၏ အိပ်မက်စီမံ ကိန်းအား ဒေါ်လာ သုံးသန်းဝန်းကျင် အကုန်အကျခံကာ ၂ဝ၁ဝ ပြည့်နှစ်၊ မေလအတွင်း အချောသပ် ဆောက်လုပ်နိုင်ခဲ့သည်။
ကလေးနှစ်ဦး ဖခင် Wilzig ၏ချစ်သူ အသက် ၂၃ နှစ် အရွယ် Clemence Lapeyre သည်လည်း ပြိုင်ကားမောင်းခြင်း ကို အလွန်နှစ်ခြိုက်သူဖြစ်ပြီး ဝါသနာတူ ၎င်းတို့စုံတွဲသည် နေ့စဉ်နေ့တိုင်း ယင်းပြိုင်ကား ကွင်းထဲတွင် ကားမောင်းကြလေ့ ရှိကြောင်း Wilzig က ပြော သည်။ Wilzig တွင် ၎င်းပိုင်ဆိုင်သော အမေရိကန်ဒေါ်လာ ငါးသန်းတန် ကားများနှင့် ဆိုင်ကယ်များကို စုစည်းပြသထားသည့် သုံးထပ်အဆောက်အအုံ ပြတိုက်တစ်ခုလည်း ရှိကြောင်း သိရသည်။
Ref: Daily Mail