နိုဝင်ဘာ ၂၃ ရက်မှစ၍ Covid-19 ရောဂါပိုးကင်းရှင်းကြောင်း ဆေးစစ်ထောက်ခံချက်ပါရှိမှသာ ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်ခွင့်ပြုမည်

155

 

ကလော၊ နိုဝင်ဘာ ၂၁

နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လိုပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်အကျုံးဝင်ရက်အတွင်း စစ်ဆေးထားသော Covid-19 ရောဂါပိုးကင်းရှင်းကြောင်း ဆေးစစ်ချက်ထောက်ခံချက်ပါရှိမှသာ ပြည်နယ်အတွင်းသို့ ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ပြီး လာမည့် နိုဝင်ဘာ ၂၃ ရက်တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကလောမြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

Covid-19 ရောဂါပိုးကင်းရှင်းကြောင်း ဆေးစစ်ထောက်ခံချက် မပါရှိသော ကုန်တင်ယာဉ်များနှင့် ဆေးစစ်ချက် သတ်မှတ်ရက်ကျော်လွန်ပြီးသော ယာဉ်များကို ဆေးပြန်လည်စစ်ဆေးပေးမည်မဟုတ်ဘဲ ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်ခွင့် လုံး၀ ခွင့်ပြုမည်မဟုတ်ကြောင်း၊ ရှမ်းပြည်နယ်အခြေပြု ဒေသခံကုန်တင်ယာဉ်များသည်လည်း ကလောမြို့အထွက် စစ်ဆေးရေးဂိတ်နှင့် အေးသာယာမြို့ဆေးရုံတို့မှ ဆေးစစ်ပြီး ‘ကလောမြို့နယ်၊ နန့်ပန်တက်စစ်ဆေးရေးဂိတ် ပြန်လည်ဝင်ရောက်လာပါက ဆေးပြန်စစ်ရမည်’ ဟူသော တံဆိပ်ရိုက်နှိပ်ထားသည့် ဆေးထောက်ခံချက်ပါရှိမှသာ ဆေးစစ်ခြင်းအား ပြန်လည်ဆောင်ရွက်၍ ရှမ်းပြည်နယ်သို့ ပြန်လည်ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း အဆိုပါကော်မတီမှ ထပ်မံသိရသည်။

ရှမ်းပြည်နယ်အခြေပြု ဒေသခံကုန်တင်ယာဉ်များအနေဖြင့် ကလောမြို့အထွက် စစ်ဆေးရေးဂိတ်နှင့် အေးသာယာမြို့ဆေးရုံတို့မှ ဆေးစစ်ချက်မပါရှိပါက နန့်ပန်တက်စစ်ဆေးရေးဂိတ်မှ ဆေးပြန်လည်စစ်ဆေးပေးမည်မဟုတ်ဘဲ ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်ခွင့် လုံးဝခွင့်ပြုမည်မဟုတ်ဟု နန့်ပန်တက်စစ်ဆေးရေးဂိတ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် နေပြည်တော်ကောင်စီ၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အိမ်စီးကားများသည်လည်း Covid-19 ရောဂါပိုးကင်းရှင်းကြောင်း Negative ဆေးစစ်ချက်ပါရှိမှသာ ရှမ်းပြည်နယ်သို့ ဝင်ခွင့်ပြုမည်ဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း နေထိုင်သူများသည်လည်း အခြားတိုင်းနှင့်ပြည်နယ်များသို့ သွားရောက်ပြီး အိမ်စီးကားဖြင့် ပြန်ရောက်လာပါကလည်း သတ်မှတ်မြို့နှင့်ချိတ်ဆက်၍ သက်ဆိုင်ရာ Facility Quarantine စင်တာများသို့ ဝင်ရောက်ရမည်ဖြစ်ကာ နန့်ပန်တက်စစ်ဆေးရေးဂိတ်အား နေ့စဉ် ည ၁၀ နာရီတွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ကလောမြို့နယ် နန့်ပန်တက်စစ်ဆေးရေးဂိတ်က ထုတ်ပြန်သည်။

ကျော်ကျော်အောင်(ကလေးမြို့)
ကလောမြို့အ၀င် စစ်ဆေးရေးဂိတ် တစ်နေရာအား တွေ့ရစဉ်။
ဓာတ်ပုံ- ကလော ပြန်/ဆက်။

LEAVE A REPLY

Please enter your comment!
Please enter your name here