နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၅ ရက်အတွင်း ပြည်သူများ နေအိမ်များတွင် နေထိုင်ကြရန် ပန်ကြားခြင်းသာဖြစ်ပြီး Lock Down လုပ်မည်ဆိုသည်မှာ မဟုတ်မှန်

108

 

မန္တလေး၊ နိုဝင်ဘာ ၂၀

နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၅ ရက်အတွင်း ပြည်သူများအနေဖြင့် နေအိမ်များတွင် နေထိုင်ကြရန် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ပန်ကြားထားခြင်းသာ ဖြစ်ပြီး Lock Down လုပ်မည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း မြို့နယ်အသီးသီးရှိ Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများထံမှ သိရသည်။

နိုဝင်ဘာ၂၁ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ ပြည်သူများ နေအိမ်တွင် နေထိုင်ရန် ပန်ကြားချက် ထုတ်ပြန်သွားရေးနှင့် အဆိုပါကာလအတွင်း ပြည်သူများ အပန်းဖြေနိုင်ရန် ဖျော်ဖြေရေး အစီအစဉ်များ ပိုမိုတိုးမြှင့် ထုတ်လွှင့်ပြသနိုင်ရေးကိုပါ ဆွေးနွေးခဲ့ပြီး Stay at Home သတ်မှတ်ထားသော မြို့နယ်များအား ဖြေလျှော့ပေးနိုင်ရေးအပြင် ပြည်တွင်းလေယာဉ်ခရီးစဉ်များ ပြန်လည်ပြေးဆွဲခွင့်ပြုနိုင်ရေးနှင့် ခရီးသွားကဏ္ဍ ဖြေလျှော့မှုအချို့ ပြုလုပ်ရန်တို့ကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်သည်။

ထိုသို့ ထုတ်ပြန်မှုအပေါ် မြို့နယ်အများစုတွင် နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၅ ရက်အတွင်း Lock Down လုပ်မည်ဟူသော ကောလာဟလများ ထွက်ပေါ်ခဲ့ပြီး ဈေးများ၊ ဈေးဆိုင်များပါ ပိတ်မည်ဟူသော သတင်းများပါ ပျံ့နှံ့ခဲ့မှုကြောင့် အဆိုပါသတင်းမှာ မဟုတ်မှန်ကြောင်း အချိန်ပြည့်ရှင်းပြနေရသည်ဟု စစ်ကိုင်းမြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများက ပြောဆိုသည်။

အမှန်တကယ်တွင် Stay at Home သတ်မှတ်ထားသော မြို့နယ်များအား ဖြေလျှော့ပေးနိုင်ရေးပါ ဆွေးနွေးနေပြီး Stay at Home သတ်မှတ်ထားခြင်းမရှိသော မြို့နယ်များရှိ A အဆင့် သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလကုန်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ရေး၊ Stay at Home သတ်မှတ်ထားခြင်းမရှိသော တိုင်းဒေသကြီး၊ ပြည်နယ်များမှ တန်ခိုးကြီးဘုရား၊ ပုထိုး၊ စေတီများအား နေ့စဉ် နံနက် တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ် လူဦးရေ ကန့်သတ်ချက်ဖြင့် ဖူးမြော်ခွင့်ပြုနိုင်ရေးနှင့် ဘုန်းကြီးကျောင်း၊ ဗလီ၊ Church ကျောင်းများတွင် ဥပုသ်သီလဆေက်တည်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်းများ တစ်လလျှင် လေးကြိမ် လူဦးရေ သုံးဆယ်ထက်မပိုဘဲ ခွင့်ပြုနိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိရေးနှင့် Covid-19 ရောဂါဖြစ်ပွားမှုအပေါ်မူတည်၍ ချက်ချင်းပြန်လည်ရပ်ဆိုင်းနိုင်ရေးတို့ကို ဆွေးနွေးခဲ့သည့်အပြင် နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၅ ရက်နေ့အတွင်း နေအိမ်အတွင်းနေထိုင်ပေးကြရန် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ပြည်သူလူထုထံပန်ကြားမှုအပေါ် နားလည်မှုလွဲခဲ့ကြခြင်းဖြစ်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ပန်ကြားမှုအတိုင်း ယခုကာလအတွင်း နေအိမ်အတွင်းနေထိုင်ကြရန် လိုအပ်သည်ဟု မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြောဆိုသည်။ ထို့ပြင် Covid-19 ရောဂါ ကူးစက်မှုရာခိုင်နှုန်း မြင့်တက်နေသည့်အတွက် ကာကွယ်နိုင်ရန် ပြည်သူများအနေဖြင့် ယခုကာလအတွင်း မလိုအပ်ဘဲ ခရီး မသွားလာကြရန်နှင့် လူစုလူဝေးပြုလုပ်ခြင်းမျိုး ရှောင်ကြဉ်ရန်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)
စစ်ကိုင်းတိုင်းဒေသကြီးသို့ ၀င်ရောက်မည့် ကား၊ ဆိုင်ကယ်များအား ထောက်ခံများပါမပါနှင့် ခရီးသွားမှတ်တမ်း ကောက်ယူနေသည်ကို စစ်ကိုင်းမြို့အ၀င်တွင် တွေ့ရစဉ်။
ဓာတ်ပုံ- စစ်ကိုင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန။

LEAVE A REPLY

Please enter your comment!
Please enter your name here