နိုဝင်ဘာလအထိသာ  ဂျပန်လေလံဘီးများ တင်သွင်းခွင့်ရတော့မည်ဆိုခြင်းကြောင့် ဂျပန်တစ်ပတ်ရစ် ဒိုနှင့်  R Start ဆိုင်ကယ်များ အဝယ်လိုက်

2573

ဂျပန်နိုင်ငံမှ လေလံဆိုင်ကယ်များ ကို မြန်မာနိုင်ငံအပါအဝင် အခြားသော နိုင်ငံများသို့ပါ လာမည့် နိုဝင်ဘာလကုန် အထိသာ တင်သွင်း ခွင့်ပြုတော့မည်ဟူသော သတင်းကြောင့် မန္တလေးမြို့တွင် ဂျပန်တစ်ပတ်ရစ် ဒိုနှင့် R Start ဆိုင်ကယ်များ အဝယ်လိုက်လာကြောင်း မန္တလေးမြို့ ဆိုင်ကယ်အရောင်းဆိုင်များထံမှ စုံစမ်းသိရသည်။

 

”ဂျပန်နိုင်ငံမှာ ဂျပန်လေလံ ဘီးတွေကို နိုဝင်ဘာလအထိပဲ လေလံဆွဲခွင့် ပြုတော့မယ်ဆိုပြီး သူတို့ အစိုးရက စာထုတ်တယ်ဆိုပြီး အေးဂျင့်တွေကပြောလို့ သိရတယ်၊ လေလံဆွဲတဲ့ ဆိုင်ကယ်ကုန်သည် တွေဆီလည်း စာတွေလိုက်ဝေတယ် လို့ပြောတယ်၊ ဘီးကလည်း ရှားတော့ တကယ်လို့ နိုဝင်ဘာလအထိပဲ သွင်းခွင့်ရပြီး နောက်ပိုင်းသွင်းခွင့် မရတော့ဘူးဆိုရင် ဘီးရနိုင်မယ့်အခြေအနေ သိပ်မရှိတော့ မန္တလေးမြို့ပေါ်ကရော၊ နယ်ဘက်တွေကရော ဒိုနဲ့ R Start ဘီးတွေ အဝယ်လိုက်လာတယ်၊ အရင်လက တစ်လလုံးမှ လေးစီး၊ ငါးစီးလောက်ပဲ ရောင်းရတဲ့ဟာ အခု ဒီသြဂုတ်လ လယ်ပိုင်းမှာကို တစ်ရက် လေးစီး၊ ငါးစီး ရောင်းလာရတယ်”ဟု ဂျပန်တစ်ပတ်ရစ်ဆိုင်ကယ်များ တင်သွင်းရောင်းချနေသည့် မန္တလေး မြို့ ‘ Moto Shanlay ဆိုင်ကယ် အရောင်းပြခန်း’ပိုင်ရှင် ကိုရှမ်းလေး က ပြောကြားသည်။

 

ယင်းသို့ ဂျပန်တစ်ပတ်ရစ် ဆိုင်ကယ်များကို နိုဝင်ဘာလအထိ သာ လေလံဆွဲခွင့်ရတော့မည့် သတင်းကြောင့် လေလံဆွဲဝယ်ယူ ရာတွင် ဆိုင်ကယ်တစ်စီးလျှင် ဂျပန် ယန်းငါးသောင်း(မြန်မာငွေ ကျပ်ခြောက်သိန်းခန့်) ထိုးတက်သွားခဲ့ပြီး နောက်ပိုင်း ဘီးရှားပါး နိုင်မှုအခြေအနေကြောင့် ရုတ်တရက် အဝယ်လိုက်လာခြင်းဖြစ်နိုင်ကြောင်း မန္တလေးမြို့ခံ ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ငန်းရှင်အချို့က သုံးသပ်သည်။

 

”အခုတောင် ဂျပန်တစ်ပတ် ရစ်ဘီးကနည်းလာတော့ လေလံဆွဲ ရတာလည်း စျေးများလာသလို ဘီးက လိုချင်သလောက် မရဘူး၊ ဒို၊ R Start ဘီးတွေက လမ်းကြမ်း သုံး အဆင်ပြေတော့ နယ်ဘက်တွေက ကြိုက်ကြတယ်၊ ဒီရက်ပိုင်း ဆိုရင် မန္တလေးမြို့ပေါ်အပြင် ပခုက္ကူ၊ ရွှေဘို၊ မုံရွာနဲ့ မြင်းခြံဘက်တွေကအစ တောက်လျှောက် လာဝယ်နေကြတယ်”ဟု မန္တလေးမြို့ခံ ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

 

ဂျပန် ဒို ဆိုင်ကယ်များသည် ၁၉၈၈ မိုဒယ်မှ ၁၉၉ဝ မိုဒယ်ကြားသာ တင်သွင်းနိုင်ပြီး R Start ဆိုင်ကယ်များသည် ၁၉၉၂ မိုဒယ်မှ ၂ဝဝဝ မိုဒယ်ကြားသာ တင်သွင်းခွင့်ရတော့ကာ  WR 200 2 Stroke ဆိုင်ကယ်များသည် ၁၉၉၂  မိုဒယ် မှ ၁၉၉၄ မိုဒယ်ကြား ဆိုင်ကယ်များသာ တင်သွင်းခွင့်ရကြောင်း အဆိုပါ ဂျပန်တစ်ပတ်ရစ်ဆိုင်ကယ် အရောင်းဆိုင်များမှ သိရသည်။

 

ဂျပန်တစ်ပတ်ရစ် ဒိုဆိုင်ကယ် များသည် သြဂုတ်လ တတိယပတ်၌ မိုဒယ်အလိုက် ကျပ်သိန်းငါးဆယ်မှ သိန်းကိုးဆယ်တန်ကြား ဆိုင်ကယ်များ အဝယ်လိုက်ပြီး R Start ဆိုင်ကယ်မှာမူ မိုဒယ်အလိုက် ကျပ်သိန်းငါးဆယ်မှ သိန်းတစ်ရာကြား ဆိုင်ကယ်များ အဝယ်လိုက်လျက် ရှိ၍ WR 200 2 Stroke ဆိုင်ကယ်မှာမူ ကျပ် ၄၈ သိန်းဝန်းကျင် စျေးပေါက်နေကြောင်း မန္တလေးစျေးကွက်အတွင်းမှ စုံစမ်းသိရသည်။

 

ကျော်ကျော်အောင်(ကလေးမြို့)

 

LEAVE A REPLY

Please enter your comment!
Please enter your name here