နိုဝင်ဘာလအတွင်း အမြန်လမ်းမကြီးတစ်လျှောက် သတ်မှတ်ကီလိုထက် ပိုမောင်းနှင်သည့်ယာဉ်များကို ဒဏ်ရိုက်အရေးယူခဲ့ရာ အစီး ၂၉၀ ကျော် ဖမ်းဆီးရမိ

120

 

ရန်ကုန်၊ ဒီဇင်ဘာ ၉
နိုဝင်ဘာလအတွင်း အမြန်လမ်းမကြီးတစ်လျှောက် သတ်မှတ်ကီလိုထက် ပိုမောင်းနှင်သည့်ယာဉ်များကို ဒဏ်ရိုက်အရေးယူခဲ့ရာ အစီး ၂၉၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် လျှို့ဝှက်ကင်မရာ ၁၅ လုံး တပ်ဆင်ထားပြီး သတ်မှတ်ကီလိုထက် ပိုမောင်းနှင် သည့်ယာဉ်များကို အရေးယူဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့်နှစ်အတွင်း အမြန်လမ်းမကြီးတစ်လျှောက် သတ်မှတ်ကီလိုထက် ပိုမောင်းနှင်သည့် ယာဉ် ၉,၈၁၃ စီးကို ဒဏ်ရိုက် အရေးယူခဲ့သည်။ အဆိုပါ ကီလိုကျော် မောင်းနှင်မှုမှ ကျပ်သိန်း ပေါင်း ၄,၉၀ဝ ကျော် ရရှိခဲ့သည်။

“နိုဝင်ဘာလထဲမှာ အမြန် လမ်းတစ်လျှောက် သတ်မှတ်ကီလိုထက် ပိုမောင်းနှင်တဲ့ယာဉ် ၂၉၈ စီးကို ဖမ်းဆီးအရေးယူခဲ့ပါတယ်၊ ဒီကားတွေထဲမှာ Light Truck နဲ့ Hijet ၈၈ စီး၊ Canter ၁၂၆ စီး၊ Express ခုနစ်စီး၊ အိမ်စီးကား ၇၇ စီး ဖမ်းဆီးအရေးယူခဲ့ပါတယ်၊ အမြန်လမ်းမကြီး ဥပဒေအတိုင်း သတ်မှတ်ကီလိုထက် ပိုပြီးမောင်း နှင်တဲ့ကားတွေကို ၂၀၂၀ မော်တော် ယာဉ်ဥပဒေသစ်နဲ့ တရားသူကြီးရဲ့ စီရင်ချက်အပေါ်မူတည်ပြီး ကျပ်ငါး သောင်း၊ ဒါမှမဟုတ် ကျပ်တစ်သိန်း၊ ထိုင်ခုံခါးပတ်မပတ်တဲ့ ကားတွေ ကိုလည်း ကျပ်သုံးသောင်းစီ ဒဏ် ရိုက် အရေးယူနေပါတယ်”ဟု အမြန် လမ်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အမြန်လမ်းမကြီးတွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် Express များကို ကီလိုကိုးဆယ်၊ အိမ်စီးကားများဖြစ်သည့် Saloon ၊ Wagon ၊ Double Cab များကို ကီလိုတစ်ရာ၊ လုပ်ငန်းသုံးယာဉ်များ ဖြစ်သည့် Light Truck ၊ Pick-up ၊ Single Cab များကို ကီလို ခြောက်ဆယ်သာ မောင်းနှင်ခွင့်ပြုထားကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။
ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here