နိုင်ငံအသင်းအတွက် ကစားနေစဉ် လေဆိပ်အတွင်း ရပ်ထားသည့် ဒိုလ်ဘတ်၏ကား ခိုးယူခံရ

85

 

ဒိန်းမတ်တိုက်စစ်မှူး ကက်စပါဒိုလ်ဘတ်သည် အင်္ဂလန်အသင်းနှင့် နေးရှင်းလိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားနေစဉ် နိုက်စ်လေဆိပ်အတွင်းရပ်ထားသည့် ၎င်း၏ တန်ဖိုးကြီး Porsche ကားကို သူခိုးများက ခိုးယူခဲ့ပြီးနောက် နေအိမ်ကိုပါ ဆက်လက်ဖောက်ထွင်းခဲ့ကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြသည်။

ပြင်သစ် လီဂူးကလပ် နိုက်စ်တွင် ကစားနေသော အသက် ၂၂ နှစ်အရွယ် ဒိုလ်ဘတ်သည် စက်တင်ဘာ ၉ ရက်က အင်္ဂလန်နှင့်ကစားရန် မွေးရပ်မြေ ဒိန်းမတ်သို့ နိုင်ငံ့တာဝန်ဖြင့် သွားရောက်ခဲ့သည်။ ဒိန်းမတ်လက်ရွေးစင် အသင်းအတွက် ၁၉ ပွဲတွင် ငါးဂိုးသွင်းထားသော ဒိုလ်ဘတ်သည် ၎င်း၏ ကားကို Nice Cote d’azur လေဆိပ်အတွင်းရှိ အခပေးကားပါကင်တွင် ရက်ရှည်ဌားကာ ရပ်နားထားခြင်းဖြစ်သည်။
အင်္ဂလန်အသင်းနှင့် ဂိုးမရှိသရေကျသည့်ပွဲပြီးနောက် ပြင်သစ်နိုင်ငံ၊ နိုက်စ်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် ဒိုလ်ဘတ်က လေဆိပ်အတွင်း ရပ်နားထားသော ၎င်း၏ကားကိုယူရန်သွားရောက်စဉ် ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
ထို့နောက် နေအိမ်သို့ပြန်လာရာ တစ်စုံတစ်ယောက်က နေအိမ်အတွင်း ဝင်ရောက်၍ ငွေသားယူရို နှစ်ထောင်နှင့် လက်ကိုင်ဖုန်းများ ခိုးယူသွားခဲ့သည်။ ကားသူခိုးသည် ဒေါ်လာတစ်သိန်းကျော်တန် ကားအတွင်း ဒိုလ်ဘတ်၏ အိမ်သော့ကိုတွေ့ရှိကာ နေအိမ်ကိုပါ ဆက်လက်ဖောက်ထွင်းခဲ့ခြင်းဖြစ်သည်။

နိုက်စ်ရဲတပ်ဖွဲ့က ဒိုလ်ဘတ်အကြောင်း သိရှိထားသူဟု ယူဆရဖွယ်ရှိသည့် ကားသူခိုးကို ဖော်ထုတ်နိုင်ရေးအတွက် ကြိုးစားလျက်ရှိကြောင်း ဒေသမီဒီယာများက ဖော်ပြသည်။ ဒိုလ်ဘတ်သည် အေဂျက်စ်မှ နိုက်စ်သို့ ယူရို ၂၀ ဒသမ ၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့သည့် ၂၀၁၉ ခုနှစ်ကလည်း အသင်း၏ အ ဝတ်လဲခန်းအတွင်း ယူရို ခုနစ်သောင်းတန် တန်ဖိုးကြီးနာရီတစ်လုံး ခိုးယူခံခဲ့ရဖူးသည်။

ထိုနာရီကို အသင်းဖော်တိုက်စစ်မှူး လာမိုင်းဖာဒီဂါက ခိုးယူခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဖာဒီဂါက သူ ၏အမှားအတွက် ပြန်လည်တောင်းပန်ခဲ့သော်လည်း နိုက်စ်က အသင်းမှ ထုတ်ပယ်ခဲ့သည်။

Ref:L’Equipe

LEAVE A REPLY

Please enter your comment!
Please enter your name here