နိုင်ငံဝန်ထမ်းများအား တာဝန်အရ ပြည်တွင်းခရီးသွားလာရာတွင် တည်းခိုစရိတ်စတင်ခွင့်ပြု

149

 

မန္တလေး၊ နိုဝင်ဘာ ၁၃

နိုင်ငံဝန်ထမ်းများအား တာဝန်အရ ပြည်တွင်းခရီးသွားလာရာတွင် ဌာန၊ အဖွဲ့အစည်းများက အခမဲ့တည်းခိုနေထိုင်ရန် စီစဉ်ပေးနိုင်ခြင်းမရှိပါက ပြင်ပ၌ မိမိအစီအစဉ်ဖြင့် တည်းခိုရသည့် တည်းခိုခန်းခကုန်ကျစရိတ်ကို ကာမိစေရန်အတွက် တည်းခိုစရိတ်နှုန်းထားများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် စတင်ခံစားခွင့်ပြုလိုက်ကြောင်း သိရသည်။

ထိုသို့ ခွင့်ပြုရာတွင် ညွှန်ကြားရေးမှူးချုပ်နှင့်အဆင့်တူ၊ ညွှန်ချုပ်အထက်အဆင့် အရာရှိကြီးများဖြစ်သော နိုင်ငံဝန်ထမ်းများ တာဝန်အရ နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့သို့ ခရီးသွားလာခြင်းအတွက် တည်းခိုစရိတ်အဖြစ် တစ်ဦးလျှင် တစ်ရက် ကျပ် ငါးသောင်း၊ အခြားမြို့များသို့ ခရီးသွားလာခြင်းအတွက် တည်းခိုစရိတ်အဖြစ် တစ်ဦးလျှင် တစ်ရက် ကျပ် သုံးသောင်းအထိလည်းကောင်း၊ ညွှန်ကြားရေးမှူးနှင့်အဆင့်တူမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဆင့်တူအထိ နိုင်ငံ့ဝန်ထမ်းများတာဝန်အရ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့သို့ ခရီးသွားလာခြင်းအတွက် တည်းခိုစရိတ်အဖြစ် တစ်ဦးလျှင် တစ်ရက် ကျပ် သုံးသောင်းအထိလည်းကောင်း၊ အခြားမြို့များသို့ ခရီးသွားလာခြင်းအတွက် တည်းခိုစရိတ်အဖြစ် တစ်ဦးလျှင် တစ်ရက် ကျပ် နှစ်သောင်းအထိလည်းကောင်း ခံစားခွင့်ပြုသွားမည်ဖြစ်သည်။

ထို့ပြင် ဦးစီးအရာရှိနှင့်အဆင့်တူမှ ဒုတိယညွှန်ကြားရေးမှူးနှင့်အဆင့်တူအထိ နိုင်ငံဝန်ထမ်းများ တာဝန်အရ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့သို့ ခရီးသွားလာခြင်းအတွက် တည်းခိုစရိတ်အဖြစ် တစ်ဦးလျှင် တစ်ရက် ကျပ် ၂၅,၀၀၀ အထိလည်းကောင်း၊ အခြားမြို့များသို့ ခရီးသွားလာခြင်းအတွက် တည်းခိုစရိတ်အဖြစ် တစ်ဦးလျှင် တစ်ရက် ကျပ် နှစ်သောင်းအထိလည်းကောင်း ခံစားခွင့်ပြုသွားမည်ဖြစ်ကာ နိုင်ငံ့ဝန်ထမ်း (အမှုထမ်း)များအနေဖြင့်လည်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးသို့ ခရီးသွားလာခြင်းအတွက် တည်းခိုစရိတ်အဖြစ် တစ်ဦးလျှင် တစ်ရက် ကျပ် နှစ်သောင်းအထိနှင့် အခြားမြို့များသို့ ခရီးသွားလာခြင်းအတွက် တည်းခိုစရိတ်အဖြစ် တစ်ဦးလျှင် တစ်ရက် ကျပ် ၁၅,၀၀၀ အထိ ခံစားခွင့်ပြုသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရသည်။

သို့သော် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် တာဝန်အရ ပြည်တွင်းခရီးသွားလာရာတွင် နိုင်ငံတော်အစိုးရပိုင်ဧည့်ရိပ်သာတွင် တည်းခို၍မရသည့်အခါနှင့် နိုင်ငံတော်အစိုးရပိုင် တည်းခိုရိပ်သာမရှိသည့်ဒေသများတွင်သာ ပုဂ္ဂလိကပိုင် တည်းခိုခန်း၊ သို့မဟုတ် ဟိုတယ်တွင် တည်းခိုကြရန်နှင့် ထိုသို့ တည်းခိုသည့်အခါတွင်လည်း အထူးသတ်မှတ်ထားသည့် ဈေးနှုန်းဖြင့် တည်းခိုနိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းနှင့် နိုင်ငံတော်အစိုးရပိုင်တည်းခိုရိပ်သာ၊ ပုဂ္ဂိလိကပိုင် တည်းခိုခန်း၊ ဟိုတယ်တို့နှင့် Corporate Agreement ပြုလုပ်ထားရမည်ဖြစ်သည်။

ထို့ပြင် တာဝန်အရ ခရီးသွားလာရသည့် ဝန်ထမ်းကိုယ်တိုင်အတွက်သာ ခွင့်ပြုသွားမည်ဖြစ်ပြီး တည်းခိုစရိတ်ငွေတောင်းခံလွှာအား ခရီးစဉ်ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် တင်ပြတောင်းခံရမည်ဖြစ်ကာ ပြည်ပအကူအညီ၊ ပြည်ပချေးငွေတို့ဖြင့် ဆောင်ရွက်သည့် လုပ်ငန်း၊ စီမံကိန်းများအတွက် လုပ်ငန်းတည်ရှိရာနေရာသို့ သွားရောက်ရခြင်းကြောင့် ပြည်ပအကူအညီ၊ ပြည်ပချေးယူရငွေတို့မှ ကျခံသုံးစွဲသည့် ခရီးစဉ်များအတွက် တည်းခိုစရိတ်ကိုမူ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူခွင့်ပြုမည်မဟုတ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကျော်ကျော်အောင်(ကလေးမြို့)
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်းများအား အစည်းအဝေးတစ်ခု၌ တွေ့ရစဉ်။ ဓာတ္ပုံ-MOPFI ။

LEAVE A REPLY

Please enter your comment!
Please enter your name here