နိုင်ငံတကာခရီးသွားလုပ်ငန်း ပြန်လည် နာလန်ထူရန် အနည်းဆုံး ၂ နှစ်မှ ရှစ်နှစ်အထိ ကြာမြင့်နိုင်မည်ဟု မှန်းဆကြကြောင်း ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူပြော

170

 

မန္တ​လေး၊ စက်တင်ဘာ ၂၆

Covid-19 ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံတကာ ခရီးသွားလုပ်ငန်းများ လုံး၀ ရပ်ဆိုင်းသွားခဲ့ပြီး ပြန်လည် နာလန်ထူရန် အနည်းဆုံး၂ နှစ်မှ ရှစ်နှစ်အထိ ကြာမြင့်နိုင်မည်ဟု မှန်းဆကြကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားလိုက်သည်။

“Covid-19 ကပ်ရောဂါကြောင့် ခရီးသွားတွေရဲ့ ရွေးချယ်မှုဟာ ယခင်နဲ့မတူ ပြောင်းလဲသွားပြီး လူတွေပြည့်ကျပ်တဲ့ မြို့ပြဘ၀ခရီးတွေထက် Physical Distancing နဲ့ နေထိုင်သွားလာခြင်းတွေ Nature Tourism , Ethnic Tourism, Environmental Tourism လို ခရီးသွားလာခြင်းတွေကို ပိုပြီးလိုလားလာကြလိမ့်မယ်လို့လည်း ခန့်မှန်းကြပါတယ်” ဟု ၎င်းက ပြောကြားသည်။

ယနေ့ စက်တင်ဘာ ၂၇ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (၂၀၂၀) ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စက်တင်ဘာ ၂၅ ရက်က ကျင်းပခဲ့သော Tourism and Rural Development Online ဆွေးနွေးပွဲတွင် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဌလည်းဖြစ်သည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာဓလေ့ ယဉ်ကျေးမှုတို့ကို ဖော်ထုတ်ပေးရန်၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရန်နှင့် သဘာ၀ပတ်၀န်းကျင်ကို ထိန်းသိမ်းရန် စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၁၆ ခုနှစ်မှစတင်ပြီး စံသတ်မှတ်ချက်များပြဌာန်းခဲ့ကြောင်း၊ ယခုအခါ ခရီးစဉ် ဒေသအသီးသီးတွင် အရှိန်အဟုန်နှင့် ဖော်ဆောင်နေသည့် ဒေသခံပြည်သူလူထုကို တိုက်ရိုက်အကျိုးဖြစ်ထွန်းစေသည့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း Community Based Tourism သည် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ဆောင်ပုဒ်ဖြင့် အပြည့်အ၀ ကိုက်ညီနေသည်ကို တွေ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“တိုင်းရင်းသားလူမျိုး တစ်ရာကျော် မှီတင်းနေထိုင်တဲ့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေရဲ့ မတူကွဲပြားတဲ့ ယဉ်ကျေးမှုဓလေ့စရိုက်တွေ၊ တောတောင်ရေမြေ အလှအပတွေကြောင့် ခရီးသွားလုပ်ငန်းဆောင်ရွက်ဖို့ အရင်းအမြစ်ကောင်းတွေ အဆင်သင့်ရှိပြီး ဖြစ်ပါတယ်၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရင် ခရီးစဉ်ဒေသမှာရှိတဲ့ ဒေသခံပြည်သူလူထုရဲ့ လူမှုစီးပွားဘ၀ကို တိုးတက်ဖွံ့ဖြိုးလာစေတာကြောင့် ဒီအရင်းအမြစ်တွေကို စနစ်တကျ စီမံခန့်ခွဲပြီး မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ပြန်လည်အရှိန်အဟုန် ရရှိလာအောင် ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်” ဟု အဆိုပါ Online ဆွေးနွေးပွဲတွင် ၎င်းက ထပ်မံပြောကြားခဲ့သည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် Connectivity နှင့် Infrastructure သည် အရေးပါသည့်ကဏ္ဍ၌ ပါ၀င်နေကာ မြန်မာနိုင်ငံ၏ အဓိက ခရီးစဉ်ဒေသများဖြစ်သည့် ရန်ကုန်၊ ပုဂံ၊ မန္တလေးနှင့် အင်းလေးတို့အပြင် အခြား အလားအလာရှိသည့်ဒေသများတွင်ပါ ခရီးစဉ်ဒေသအသစ်များ၊ ခရီးသွားထုတ်ကုန်အသစ်များ ဖော်ထုတ်၍ ခရီးသွားများသိရှိလာအောင် Online မှ Digital နည်းလမ်းဖြင့် လုပ်ဆောင်သွားရတော့မည်ဖြစ်ကြောင်း ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက တိုက်တွန်းပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here