နိုင်ငံခြားခရီးသွားလာတဲ့အခါ မိမိပိုင် လုံခြုံရေးကျည်ကာကားကိုပါ တစ်ပါတည်းယူသွားတတ်တဲ့ Ivanka Trump

953

အရည်အသွေးပြည့်ဝထက်မြက်ပြီး ရုပ်ရည်လည်းချောမောလှပတဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးချော အီဗန်ကာထရန့်ပ်(Ivanka Trump)ဟာ မိုဒယ်၊ ဖက်ရှင်ဒီဇိုင်နာနဲ့ ရုပ်သံအစီအစဉ်တင်ဆက်သူ ဖြစ်ပြီး အခုလက်ရှိအချိန်မှာတော့ ဖခင်ဖြစ်သူ အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရန့်ပ်ရဲ့ အကြီးတန်းအကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်နေပါတယ်။ ထရန့်ပ်မိသားစုရဲ့ လေးဆက်မြောက် စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး ဘိုးဘွားတွေနဲ့ ဖခင်ရဲ့ခြေရာကိုနင်းခဲ့တဲ့ အီဗန်ကာဟာ ဖခင်ဖြစ်သူ သမ္မတမဖြစ်ခင်က မိသားစုပိုင် The Trump Organization ကြီးရဲ့ အမှုဆောင် ဒုဥက္ကတြစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ ဒါ့ပြင် အဝတ်အစား၊ အိတ်နဲ့ ဖိနပ်တို့လို ဖက်ရှင်အသုံးအဆောင်တွေကိုလည်း ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ထုတ်လုပ်ခဲ့ပြီး Macy’s နဲ့ Hudson’s Bay တို့လို ဆိုင်ကြီးတွေမှာ ရောင်းချခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်တုန်းက မိခင်ရဲ့ ခြေရာကိုနင်းပြီး မိုဒယ်အလုပ်ကိုလည်းလုပ်ခဲ့ဖူးတဲ့ အီဗန်ကာဟာ Tommy Hilfiger ကြော်ငြာတွေမှာ ပါဝင်ခဲ့သလို Versace ၊ Marc Bouwer နဲ့ Thierry Mugler အမှတ်တံဆိပ်တွေရဲ့ ဖက်ရှင်ရှိုးပွဲတွေမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ နောက်ပိုင်း စီးပွားရေးလုပ်ငန်းဘက်ကို ဦးလှည့်လာပေမဲ့ သူ့ကိုယ်ပိုင်အဝတ်အစား၊ ဖိနပ်နဲ့ လက်ဝတ်ရတနာ အမှတ်တံဆိပ်တွေအတွက်လည်း သူကိုယ်တိုင်ပဲ မိုဒယ်လုပ်ခဲ့ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် သူဌေးကြီးတစ်ဦးရဲ့ သမီးကြီးဖြစ်ရုံတင်မက လုပ်ငန်းတွေကို အောင်အောင်မြင်မြင်ဦးဆောင်နိုင်တဲ့ အရည်အချင်း နဲ့ စမတ်ကျတဲ့ ဝတ်စားနေထိုင်ပုံ၊ လှပတဲ့ ရုပ်ရည်ရူပကာနဲ့ သူ့ရဲ့ထုတ်ကုန်ပစ္စည်းတွေကြောင့် လူအများရဲ့ စိတ်ဝင်စားမှုကိုရရှိခဲ့တဲ့ အီဗန်ကာ ဟာ Maxim Hot 100 နဲ့ AskMen.com ရဲ့ ထိပ်တန်းအမျိုးသမီးများစာရင်းတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ ၂ဝ၁၇ ခုနှစ်၊ မတ်လမှာတော့ ဖခင်သမ္မတကြီးရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ လစာမယူဘဲ အကြီးတန်းအကြံပေးအဖြစ် စတင်ဆောင်ရွက်ပေးခဲ့ပြီး အဲဒီအချိန်ကစလို့ အီဗန်ကာတစ်ယောက် အရင်ထက် ပိုလူသိများလာခဲ့ပါတယ်။ စီးပွားရေးနဲ့ နိုင်ငံရေးလုပ်ငန်းတွေတင်မက ပရဟိတလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ခဲ့တဲ့ အီဗန်ကာထရန့်ပ် တစ်ယောက်တည်းရဲ့ လက်ရှိအသားတင် ပိုင်ဆိုင်မှုဟာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်းသုံးရာဖြစ်ပါတယ်။ CNN ရဲ့အဆိုအရ ခင်ပွန်းဖြစ်သူနဲ့ ပေါင်းလိုက်မယ်ဆိုရင်တော့ သူတို့ လင်မယားရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၇၆၂ သန်းနီးပါးရှိပါတယ်။

အီဗန်ကာထရန့်ပ်ကို ၁၉၈၁ ခုနှစ်၊ အောက်တိုဘာ ၃ဝ ရက်က အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့၊ မန်ဟက်တန်မှာ ၄၅ ဆက် မြောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ပ်နဲ့ ဇနီးဟောင်း အမေရိကန်မိုဒယ် အီဗန်ကာတို့ရဲ့ ဒုတိယသမီးအဖြစ် မွေးဖွားခဲ့ပါတယ်။ သူ့အသက် ၁ဝ နှစ်အရွယ် ၁၉၉၂ ခုနှစ်မှာတော့ မိဘနှစ်ပါး ကွာရှင်းခဲ့ပါတယ်။ အီဗန်ကာမှာ အစ်ကိုတစ်ယောက်၊ မောင်တစ်ယောက်တင်မက အဖေတူ မအေကွဲ မောင်နှမတွေလည်းရှိပါတယ်။ ၂ဝဝ၄ ခုနှစ်မှာ စီးပွားရေးပညာ နဲ့ ဘွဲ့ရရှိခဲ့တဲ့ အီဗန်ကာဟာ ဆယ်ကျော်သက်အရွယ်က မိုဒယ်လုပ်ခဲ့ဖူးပေမဲ့ နောက်ပိုင်း မိသားစုစီးပွားရေးလုပ်ငန်းထဲ ဝင်ရောက်ခဲ့ပြီး အခု လက်ရှိမှာတော့ ဖခင်သမ္မတကြီးရဲ့ အကြံပေးအဖြစ်ဆောင်ရွက်နေလို့ နိုင်ငံရေးမှာ အရေးပါအရာရောက်သူတစ်ယောက် ဖြစ်နေပါပြီ။ ၂ဝဝ၉ ခုနှစ်မှာတော့ အိမ်ခြံမြေလုပ်ငန်းရှင် ဂျာရတ်ဒ်ကတ်ရှ်နာနဲ့ လက်ဆက်ခဲ့ပြီး သမီးတစ်ယောက်၊ သားနှစ်ယောက် ထွန်းကားခဲ့ပါတယ်။

အဆင်းရောအချင်းပါပြည့်စုံပြီး ကြွယ်ဝချမ်းသာသလို လက်ရှိ အမေရိကန်သမ္မတရဲ့ အကြီးတန်းအကြံပေးလည်းဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် မီလျံနာစီးပွားရေးလုပ်ငန်းရှင် အီဗန်ကာထရန့်ပ်ဟာ သူ့ရဲ့ စီးတော်ယာဉ်အဖြစ် အနက်ရောင် Chevrolet Suburban SUV ကားကြီးကို အသုံးပြုနေသလို တစ်ခါတစ်ရံမှာ တခြားကျည်ကာကားတွေနဲ့ ဖခင်ဖြစ်သူ သမ္မတထရန့်ရဲ့ စီးတော်ယာဉ်တွေကိုလည်း လိုက်ပါစီးနင်းတတ်ပါတယ်။ ဒါ့ပြင် အီဗန်ကာဟာ အမေရိကန်အစိုးရအတွက် အရေးပါတဲ့နေရာတစ်နေရာက အလုပ်လုပ်နေသူပီပီ လုပ်ငန်းကိစ္စတွေသွားလာတဲ့အခါမှာ လုံခြုံရေးအတွက် ကျည်ကာကားတွေကို အသုံးပြုတတ်ပါတယ်။ ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလတုန်းက အစိုးရအလုပ်ကိစ္စနဲ့ အိန္ဒိယနိုင်ငံ၊ Hyderabad ကို သွားရောက်ရာမှာလည်း သူစီးနင်းအသုံးပြုဖို့ အတွက် ကျည်ကာကားသုံးစီးကို အမေရိကန်ကနေ တစ်ပါတည်းယူဆောင်ခဲ့ပါတယ်။ စီးပွားရေးအလုပ်၊ နိုင်ငံရေးအလုပ်တွေတင်မက မိသားစုအရေးတွေနဲ့လည်း အလုပ်များနေလေ့ရှိတဲ့ အီဗန်ကာဟာ တစ်ခါတစ်လေမှာ မိမိကိုယ်ကို အလှပြင်ဖို့တောင် အချိန်ပေးနိုင်ဟန်မတူပါဘူး။ အကြောင်းကတော့ ပြီးခဲ့တဲ့နှစ် ဇူလိုင်တုန်းက UN အစည်းအဝေးတစ်ခု တက်ရောက်ရမယ့် အီဗန်ကာဟာ ကားနောက်ခန်းထိုင်ခုံမှာ လိုက်ပါစီးနင်းရင်း သူ့မျက်နှာကို အလျင်အမြန်အလှပြင်နေပုံကို သတင်းစာမျက်နှာတွေမှာ ဖော်ပြခဲ့ကြလို့ပါပဲ။ အမြဲလိုလို အလုပ်တွေဆက်နေတတ်တဲ့ အီဗန်ကာဟာ ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းကလည်း ဝါရှင်တန်ဒီစီက ဟီလ်တန်ဟိုတယ်ကနေထွက်လာပြီး ဟိုတယ်ရှေ့ရပ်ထားတဲ့ အနက်ရောင် SUV ကားတစ်စီးပေါ်ကို သူ့ကားအထင်နဲ့ တက်ဟန်ပြုခါနီးမှ သူ့လုံခြုံရေးအရာရှိက သူတို့စီးရမယ့်ကားမဟုတ်ကြောင်း သတိပေးခဲ့ရဖူးပါတယ်။ အဲဒီလိုမအားလပ်နိုင်အောင် အမြဲတမ်း ရေးကြီးသုတ်ပျာဖြစ်နေပေမဲ့ အီဗန်ကာဟာ နှစ်မိနစ်လောက် လမ်းလျှောက်ရမယ့် ခရီးကိုတော့ မိနစ်နှစ်ဆယ်လောက်အချိန်ပိုပေးပြီး ကားစီးလေ့ရှိသူပါ။ သူနေထိုင်ရာ နယူးယော့ခ်မြို့ Park Avenue မှာရှိတဲ့ စံအိမ်ကနေ တစ်ဘလောက်စာပဲ ဝေးတဲ့ Regency Hotel ကို လမ်းလျှောက်သွားရင် နှစ်မိနစ်လောက်ပဲ ကြာနိုင်ပေမဲ့ အီဗန်ကာကတော့ ကျပ်တည်းတဲ့ ယာဉ်လမ်းကြောကြောင့် မိနစ်နှစ်ဆယ်လောက်မောင်းရတဲ့ ကားလမ်းခရီးကိုပဲရွေးချယ်ပြီး သွားခဲ့ပါတယ်။ ဒါ့ပြင် ဟိုတယ်ကိုရောက်ပြီး သိပ်မကြာခင်မှာ သူ့အိမ်ကို ကားနဲ့ပဲ ပြန်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကို အကြောင်းပြုပြီး ဝေဖန်ရေးသမားတချို့က ကားအသုံးပြုစရာမလိုဘဲ အသုံးပြုတာကြောင့် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေတယ်ဆိုတာမျိုး ဝေဖန်ရေးသားခဲ့ကြပါတယ်။ လူသိများသူတွေပီပီ ဝေဖန်ရေးမလွတ်တဲ့ အီဗန်ကာဟာ တစ်ခါတုန်းကလည်း သူ့ကလေးတွေနဲ့အတူ မိသားစုလိုက် ဖခင်ဖြစ်သူရဲ့ Cadillac One စီးတော်ယာဉ်ကြီးကို စီးနင်းခဲ့ရာမှာ ကားစီးတဲ့အခါ ကလေးတွေလုံခြုံရေးအတွက် အသုံးပြုရလေ့ရှိတဲ့ Car Seat မပါဘဲ အငယ်ဆုံးသားလေးကို လိုက်ပါစီးနင်းစေတာကြောင့် ဝေဖန်ခံခဲ့ရဖူးပေမဲ့ တချို့ကလည်း Cadillac One ဟာ ကမ္ဘာ့လုံခြုံရေးအကောင်းဆုံးကားဖြစ်တာကြောင့် Car Seat မလိုကြောင်း ခုခံပြောဆိုခဲ့ကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here