နိုင်ငံကူးရောဂါ

499

ငယ်ရွယ်စဉ်က နိုင်ငံရပ်ခြားကိုသွားပြီး လုပ်ကိုင်ရှာဖွေဖို့ အခွင့်အလမ်း ကြိမ်ဖန်များစွာ ရရှိခဲ့သော်ငြားလည်း မသွားဖြစ်ခဲ့။

IC  ဖခင်ကြီးဖြစ်လာမည့် တစ်ချိန်က ဂစ်တာကဝေ သီချင်းရေးကောင်းသော ချစ်ခင်ရသည့် အစ်ကိုကြီး စောဘွဲ့မှူးလို လေယာဉ်ပျံကြောက်သည့် အစွဲရှိလို့မဟုတ်။ အဲဒီတုန်းက IC ခမျာ လေယာဉ်နှင့် သွားရမည့်ပွဲဆိုလျှင် အောင့်အည်းနေခဲ့ရသည်ပေါ့။

ကိုယ့်နိုင်ငံသာ ချစ်ပြီး ပြည်တွင်းမှာသာ နေထိုင် စီးပွားရှာချင်လွန်း၍လည်း မဟုတ်။ မိသားစုကို မခွဲနိုင်သောကြောင့်ရယ်၊ အဘိုးအဘွားဖြစ်သည့် မွေးစားအဖေနှင့် အမေက နယ်ဝေးနေခွင့်ကိုတောင် စိတ်မချရလောက်အောင် ချစ်လွန်းလို့ရယ်သာ။

သို့သော်ငြား ဒီအသက်၊ ဒီအရွယ်ကြီးကျမှ လေယာဉ်စီးဖို့အကြောင်း ကြုံရလေပြီ၊ နိုင်ငံ့စည်းရိုးကျော်ခွင့်ကြုံရလေပြီ။ ပိုက်ဆံပေါလို့၊ တတ်နိုင်လို့ ကမ္ဘာလည်ထွက်ခြင်း၊ ပညာသင်ခြင်း၊ စီးပွားရှာခြင်း မဟုတ်ဘဲ ကျန်းမာရေးကြောင့်သာ နိုင်ငံ ပြင်ပ ထွက်ရမှာ ဖြစ်သည်။

ကိုယ့်ခန္ဓာ ကိုယ်ဂရုမစိုက် လွယ်မွေးလာခဲ့သော ဆီးချိုရောဂါက အဖော်မက်လေရကား အာရုံကြော၊ သွေးကြောပိတ်၊ သွေးတိုး၊ နှလုံး စသည့် သူ့အချစ်ဆုံး ရဲဘော်ရဲဘက်များ ဖိတ်ခေါ်ကာ ကျွန်တော့်ကိုယ်ထဲတွင် တစ်စုတစ်ဝေး ပျော်ရွှင်စွာနေထိုင်ကြလေပြီ။

ရန်သူ ရောဂါတပ်မကြီး အတော်အင်အားခိုင်မာလာသည်နှင့် ကျွန်တော် မကြာခဏဆိုသလို သေမင်းကို ပရောပရီ အီစီကလီလုပ်ကာ အာဘွားပေးလျက် သေမင်းလက်က ရုန်းထွက်ပြေးနေရသည်။ ဘယ်အချိန် သေမင်းက ကွိခနဲ ဇိခနဲ အပိုင်ကျင့်မည် မသိနိုင်ပေ။ သေလည်းမသေ၊ ပျောက်လည်း မပျောက်သော မသေ မပျောက် ဆီးချိုသမားဘဝဖြင့်၊ သက်သာရုံဆေးဖြင့် ကျားကန်ကာ ဟန်လုပ်နေရသည်။ အမြင်အားဖြင့် ဘာမျှမဖြစ်နေသလို မသာရုပ်ပြ ကောင်းနေပေသည်။

သေရမှာ တန်လောက်အောင် ရောဂါ စုံပလုံ ချမ်းသာလာသော် မသေရဲတော့ ကုသချင်လာ၏။ လူဆိုတာ သေမျိုးလို့ ပြောနေလည်း သေမှာတော့ကြောက်သည်။ ဖြစ်ပျက်ကို ရှုသော်လည်း ခန္ဓာပျက်မှာ တော့ မရှုစိမ့်နိုင်။

ထိုထိုသော အကြောင်းများဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဘုရင့်တော်ဝင် ဆေးရုံကြီးသို့ အမြန်သွားကုရန် အကြောင်းမသွေ ဖန်လာလေတော့၏။

နိုင်ငံကူး ကုရမည့် နိုင်ငံကူးရောဂါမို့ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် ရန်ကုန်သို့ နံနက် ချမ်းချမ်းကြီးမှာ ထသွားရသည်။ အိပ်ရာနိုးသည်နှင့် သွေးချိုဖောက်တိုင်းကာ နံနက်တိုင်း လက်မရွံ့သူရဲကောင်း အရွေးခံပြီး သွေးပေါင်ချိန်ရသည်။ ပြီးနောက် ဆေးတွေသောက်ရန်  အစာစားရသည်။

သနပ်ပင်မှ ပဲခူး-ရန်ကုန် မီနီဘတ်စ် ဂိတ်သို့ ဆိုင်ကယ်ဖြင့် အအေးတောထဲ ဖြတ်ရသည်။ နံနက်ရှစ်နာရီ အရောက်လာဖို့ လောဆော်သည့် သူငယ်ချင်းက ဖုန်းတဂျီဂျီ။ ပတ်စပို့ရုံးက လူများလို့ ဆိုသည်။ ရုံးချိန်ရောက်ရင် ပြီးတာပဲဟု ပြန်ဆင်ခြေပေးရ၏။

မီနီဘတ်စ်မှာ တစ်လမ်းလုံး ရပ်ကာ လူကြိုသည်။ လမ်းပေါ်က ခရီးသည်အပြင် အိမ်ထဲမှာထိုင်နေသည့် လူများပင် အော်ခေါ်စည်းရုံး ကားပေါ်တင်မလား ထင်ရသည်။ အကြိမ်မရေနိုင်အောင် ရပ်ကာ၊ စောင့်ကာ၊ ခေါ်ကာ တင်လေသည်။ ပဲခူး-ရန်ကုန်ကြား ဟိုနား ဒီနား ငါးရာကျပ် တောင်းသလို နေဝင်သည်နှင့် ၁,၅ဝဝ တောင်းတတ်ပါသေး။

လူစောင့်ကြိုတာတွေနှင့် မောင်းချိန် ပုံမှန်ထက် တစ်နာရီနီးပါး ပိုကြာသွားသည်။ ဒီလောက် လမ်းမှာ အချိန်ကြာသည်ကိုပင် အားမရနိုင်သေး။ ဓာတ်ငွေ့ဆိုင်အဝတွင် ဆင်းခိုင်းကာ ဓာတ်ငွေ့ထည့်ပြန်သည်။ လမ်းဘေးမှာ နာရီဝက်ကျော်ကျော် မတ်တတ်စောင့်ကြရသည်။ ခရီးသည်များအတွက် နည်းနည်းမှ ဂရုမစိုက်တာ ထုံးစံပဲလေ။ သူငယ်ချင်းက ဘယ်နားရောက်ပြီလဲဆိုသော အမေးဖုန်းကိုပင် မကိုင်ရဲပေပြီ။

မီနီဘတ်လေးမှာ ခရေပင်လမ်းခွဲ ရောက်သောအခါ ညာချိုးသွားပြန်သည်။ အောင်ဆန်း အင်းစိန်ဘက်ကမောင်းသည်။ စော်ဘွားကြီးကုန်းကို ပြည်လမ်းအတိုင်း မောင်းလျှင် ဖမ်းနေလို့ပါတဲ့။ အချိန်တွေ ပိုကြာရလေပြီ။

အင်းစိန် ရထားခုံးတံတား ကျော်ပြီးသောအခါ စော်ဘွားကြီးကုန်းမှာ ခရီးသည် အကုန်ဆင်းခိုင်းသည်။ လမ်းနားမလည်သည့် ခရီးသည်မိန်းမတစ်စု ယောင်ချာချာ ဖြစ်နေကြတာ သနားမိသည်။ ကျွန်တော်က တက္ကစီစီးမှာမို့ ပြဿနာ မရှိသော်လည်း အချိန်က နောက်ကျလွန်နေပေပြီ။

ရုံးထဲသာဝင်ခဲ့တော့၊ ငါဖောင်ဖြည့်နေပြီဟု သူငယ်ချင်းက ငြိုငြင်သံဖြင့် ဖုန်းဆက်လာသည်။ လမ်းပေါ် ကားကျပ်နေတော့ တက္ကစီပေါ်မှာပင် အသက်ကြီးကာ အရွယ်ကျရပြန်သည်။ ကိုယ်ပိုင်ကားမရှိ သော ခရီးသွားဒုက္ခတွေက များလှသည်။ လိုင်းကားများက ခရီးသည်တွေကို နည်းမျိုးစုံဖြင့် ဒုက္ခပေး အနိုင်ကျင့်သည်။ လိုင်းကားများကိုတော့ ဘာညာ သာရကာတွေက အမျိုးမျိုးအနိုင်ကျင့်သည်။ ဝိုင်းကြီးပတ်ချာ ဒုက္ခသံသရာလည်နေပေသည်။ ခရီးသည်များ ခရီးသွားအဆင်ပြေဖို့ ထိန်းသိမ်းကြီးကြပ် စီစဉ်တာတော့ဖြင့် သိပ်မတွေ့ရပေ။

ရန်ကင်းမြို့နယ်ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် ရုံးကြီးသို့ ရောက်လေပြီ။ ရုံးအဝင်တွင် လူအုပ်ကြီး တွေ့ရ၏။ ရုံးတွင်း လူအုပ်က ပိုများလှသည်။ ရုံးထဲ ဝင်သည်နှင့် ခန်းမကျယ်ကြီးထဲတွင် မေးမြန်းသူများ၊ ဖောင်ဖြည့်သူများနှင့် စည်ကားနေသည်။ မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားလေးများ လက်က ကိုင်ရင်း ဘာအရင်လုပ်ရမလဲ မေးစမ်းနေကြသူများ၊ ဖောင်ဖြည့်နေသူများ ဟိုတစ်စု ဒီတစ်စုပါပဲ။

ပထမဆုံး ပတ်စပို့ လျှောက်လွှာပုံစံ ဖြည့်စွက်ရမည် ပြောသည်။ သူငယ်ချင်း အကူအညီခေါ်ထားသော ကောင်လေးက ပုံစံဖြည့်ပေးသည်။ ပုံစံဖြည့်စာရွက်ပြီးသော် နောက်အခန်းကျယ်ကြီးသို့ မှတ်ပုံတင်၊ အိမ်ထောင်စုဇယား ကိုယ်စီကိုင်ကာ တန်းစီဝင်ရသည်။ လဝကမှ အစပြုကာ တန်းစီနေသော ကောင်တာများတွင် အဆင့်ဆင့် မြွေကြီးများလို လူတန်းက လိမ်ခွေတန်းစီရပြန်သည်။ စပြီး ဝင်တန်းစီသည်မှ ဓာတ်ပုံရိုက် စလစ်ရသည်အထိ အချိန်ငါးနာရီကျော် ကြာလေသည်။

ပြည်ပသို့ အလုပ်ထွက်လုပ်မည့် အလုပ်သမား အုပ်စုတွေ များစွာတွေ့ရသည်။ အချို့ကလည်း ပြည်ပမှ ပြန်လာပြီး တရားဝင်ပတ်စပို့ ပြန်လုပ်ကြသူများ၊ အချို့ကတော့ နိုင်ငံကူး အလည်ထွက်မည့် ချမ်းသာသူများပေါ့။ ဤသို့လျှင် နေ့စဉ် မပြတ် လူဦးရေသုံးထောင်လောက် ပတ်စပို့ အမြဲလုပ်နေကြသည်ဟု ဆို၏၊

ပြည်ပဝင်ငွေရှာကြသည်ဟု ဆိုရမလား၊ ပြည်တွင်းလုပ်အား ပြုန်းတီးသည်ဟု ဆိုရမလား မတွေးတတ်တော့ပြီ။ မည်သို့ဆိုစေ ၁ဝ ရက်ကို လူသုံးသောင်း ပြည်ပသို့ ထွက်ခွာနေသည်သာ။

ကိုယ့်နိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်း အဆင်မပြေလို့ ဆိုသည်မှာ တော့ သေချာသည်။ နယ်တိုင်းလိုလိုပင် အိမ်ရှိကလေးနှင့် သက်ကြီးရွယ်အိုသာ ချန်ကာ ပြည်ပတွင် အလုပ်ထွက်လုပ်ကြသည်။ လယ်လုပ်သားပင် ရှားနေပေပြီ။ပညာမတတ်သော်လည်း ရရာလုပ်ကြသည်။ မည်သို့ လုပ်ခလစာ စျေးနှိမ်ပါစေ ပြည်တွင်းထက်တော့ ဝင်ငွေသာသည်ကိုး။

ငွေတန်ဖိုးသည် နိုင်ငံ့အဆင့်အတန်း ဟု ထင်မိ၏။ တစ်ကျပ်ကို တစ်ရာကွာလျှင် အဆတစ်ရာသာနေပြီဟု မှတ်ချင်သည်။ပညာမဲ့များစွာပင် ပညာတတ်ကြီးတွေထက် သာမန်အလုပ်သမားလခက ပြည်တွင်းငွေကြေးထက် အဆများစွာ သာနေသည်ကိုး။

ပြည်ပအလုပ်ထွက်လုပ်သည့် နိုင်ငံကူးရောဂါက ဘယ်တော့ အဆုံးသတ်ပျောက်ကင်းနိုင်မည်လဲ မတွေးတတ်ပေ။

ရန်ကုန်မှအပြန် သူငယ်ချင်း လင်မယားနှင့် လမ်းသင့်သမို့ သဃင်္န်းကျွန်း ဇဝနကားဂိတ်မှ မီနီဘတ်စ် စီးမိသည်။ လူစောင့်၍ လူပြည့်သော် စထွက်၏။ စံပြစျေး အလွန်ရောက်သောအခါ ကားရပ်ပြီး အခြားကားပေါ် ပြောင်းတက်ခိုင်းသည်။ ခရီးသည်များ ကသိကအောက် ဆင်းရ၊ တက်ရ၊ နေရာပျောက်ကြရသည်။ ညနေစောင်းဖြစ်လို့ နောက်ထပ်ကားမရှိဟုပြောသည်။ မည်သို့မျှ မလွန်ဆန်နိုင်။

ပြောင်းစီးလာရသည့် မီနီဘတ်စ်က ဇရပ်ကွင်းလမ်းဆုံအရောက်တွင် ပဲခူးသွားမည့်လူ နည်းလို့ဆိုကာ ထောက်ကြံ့ဘက်မှလာသော အခြား မီနီဘတ်စ်ထံ ထပ်ပြီး ရောင်းစားခံရပြန်သည်။

ခရီးသည်ကို လက်လွှဲရောင်းချတတ်ပေစွ။ ခရီးသည်လုပ်ကာမှ ရောင်းကုန်ဖြစ်နေရပြီလေ။ ထောက်ကြံ့ဘက်မှလာသည့် မီနီဘတ်စ်ပေါ်မှာ ဒုက္ခကြီးကြီး ထပ်ကြုံရပြန်လေပြီ။ လူပြည့်နေ၍ ပဲခူးအထိ မတ်တတ်ရပ်စီးရသည်။ တစ်နေကုန် ပင်ပန်းနေလည်း အံကြိတ်ကာ ခြေညောင်း၊ လက်ညောင်း ကြောအောင့်ခံရတော့သည်။

နောက်ကို တိုးပေးပါလား။ ဘာဖြစ်လို့ အဲဒီမှာ ရပ်နေတာလဲ။ ပိုက်ဆံပေးစီးပြီး စပယ်ယာရဲ့ အဟောက်အဆူ ခံရသေးသည်။

x x x

ဘန်ကောက်ရောက်သော် လှပသပ်ရပ်သည့် ယူနီဖောင်းအမိုက်စားများဖြင့် ဘတ်စ်ကား စပယ်ယာမလေးများ မြင်ရတော့ မြန်မာပြည်ကို သတိရမိသည်။ ချို သာညက်ညောသည့် စကားလေးများကြားရသည်။ ခရီးသည်ကို အတော်ဂရုစိုက် သိမ်မွေ့ပေစွ။

လမ်းလယ်ကျွန်းမှာ တိုင်ထူပြီး အထပ်မြင့် မိုးပျံလမ်းတွေ ဖောက်လုပ်ထားတာ မြင်ရတော့ ရန်ကုန်မှာ လမ်းပေါ် အသက်ကြီးနေရတာ သတိရမိပြန်သည်။

မြေအောက်ရထား ဘူတာရုံကြီးရဲ့ ခမ်းနားမှုကိုတွေ့ရတော့လည်း ရန်ကုန်က မြို့ပတ်ရထားကို သတိရမိပြန်သည်။ မိုးပျံ ဓာတ်ရထား စီးရတော့ ရန်ကုန်မြို့တွင်း ဘတ်စ်ကားတွေ သတိရမိသည်။

ဘန်ကောက် အဝေးပြေးကားဝင်းကြီး မှာ တက္ကစီတွေ စည်းကမ်းတကျ တန်းစီပြီး အလှည့်ကျ ထိုးဝင်လာ၊ ခရီးသည်တွေကလည်း စည်းကမ်းတကျ တန်းစီပြီး အေးဆေးစီးကြတာ မြင်ရတော့ လုယက်ရမ်းကားနေသည့် ရန်ကုန်က အဝေးပြေးကားဂိတ်ကြီးကို သတိရနေပြန်သည်။

x x x

ဤသို့ဖြင့် အမိမြန်မာပြည် နေရပ်သို့ ပြန်ရောက်သောအခါ ကျွန်တော့်ထံ၌ ရောဂါတစ်ခု စွဲကပ်လာပြီ ဖြစ်သည်။ ထိုရောဂါသည်ကား သူများနိုင်ငံ သွားမိသည့် နိုင်ငံကူး ရောဂါပင်တည်း။

ဒီမှာနေတုန်းက ဘာမှမဖြစ်သလို ခရီးသွား လိုင်းကားစီး ဒုက္ခပေါင်းစုံနှင့် ဆွေမျိုးသားချင်း ဖြစ်နေသော်လည်း အခြားနိုင်ငံသွားပြီးမှ ဒီရောဂါ ရလာသည်။

ဒီ နိုင်ငံကူးရောဂါ ဘယ်သူ ကုနိုင်ပါ့။

သြော် …ဒုက္ခ.. ဒုက္ခ…။ ။

 

ဖြိုးသီဟ

LEAVE A REPLY

Please enter your comment!
Please enter your name here