နာမည်ကြီးဒီဇိုင်နာ Tamburini  ၏  နောက်ဆုံးလက်ရာ Tamburini T12 Massimo  ဆိုင်ကယ်  ၁၂ စီးကို အမေရိကန်ဒေါ်လာ တစ်သန်းနှုန်းဖြင့် ရောင်းချမည်

604

အီတလီဆိုင်ကယ်ဒီဇိုင်နာ Tamburini ၏ နောက်ဆုံးလက်ရာဖြစ် သည့် Tamburini T12 Massimo ဆိုင်ကယ်ကို စတင်ထုတ်လုပ်ရန် နီးစပ်နေပြီဟု မေ ၇ ရက်တွင် autocarindia သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

Ducati နှင့် MV Agusta  ကုမ္ပဏီများတွင် အလုပ်လုပ်ခဲ့ဖူးသော Tamburini သည် Ducati 916  နှင့် MV Agusta F4 တို့လို အနုပညာလက်ရာမြောက် ဆိုင်ကယ်များ ဖန်တီးခဲ့သဖြင့် အကြီးကျယ်ဆုံး ဆိုင်ကယ်ဒီဇိုင်နာတစ်ဦးအဖြစ် ကျွမ်းကျင်သူများက သတ်မှတ်ထားသည်။ ၂ဝဝ၈ ခုနှစ်တွင် MV Agusta နှင့် လမ်းခွဲခဲ့သော Tamburini သည် ၂ဝ၁၂ ခုနှစ်၌ Tamburini T12 Massimo ဆိုင်ကယ်ကို စတင်ဒီဇိုင်းရေးဆွဲခဲ့သော်လည်း အပြီးမသတ်သေးမီ ၂ဝ၁၆ ခုနှစ်၊ ဧပြီလ၌ အဆုတ်ကင်ဆာဖြင့် ကွယ်လွန်သွားခဲ့သည်။

Tamburini ၏ နောက်ဆုံးဖန်တီးမှုလက်ရာ Tamburini T12 Massimo  ကို သားဖြစ်သူ Andrea  က ပြီးဆုံးအောင် ကူညီပေးမှုကြောင့် ၂ဝ၁၈ ခုနှစ်အတွင်း စတင်ထုတ်လုပ်နိုင်တော့မည်ဟု သိရသည်။ Tamburini အမည်နှင့် သူ၏ကံကောင်းခြင်းဂဏန်း 12 တို့ ပေါင်းစပ်မှည့်ခေါ်ထားသည့် Tamburini T12 Massimo  ဆိုင်ကယ်မှာ လေခွင်းအားကောင်းသော ပြိုင်ဘီးအမျိုးအစားဖြစ်ပြီး အထူးပြုလုပ်ထားသည့် ပြေးလမ်းပေါ်တွင်သာ မောင်းနိုင်မည် ဖြစ်သည်။ Tamburini T12 Massimo  ကို စုစုပေါင်း ၁၂ စီးသာ ထုတ်လုပ်ရန် စီစဉ်ထားကာ ၂ဝ၁၆ ခုနှစ်က အမေရိကန်ဒေါ်လာ ၃၆ဝ,ဝဝဝ ပေးရမည်ဟု ခန့်မှန်းခဲ့သော်လည်း အမှန်တကယ် ရောင်းချရာတွင် အမေရိကန်ဒေါ်လာ တစ်သန်း စတင်သတ်မှတ်ထားကြောင်း သိရသည်။

Ref : autocarindia.com

LEAVE A REPLY

Please enter your comment!
Please enter your name here