နယ်အဝယ်အဆင်းများလာသည့်အတွက်လူစီးကားများသာမကလုပ်ငန်းသုံးကားများပါအရောင်းအဝယ်ဖြစ်လာသည့် ရန်ကုန်ကားစျေးကွက်

1789

စျေးကွက်တည်ငြိမ်လာသဖြင့် ရန်ကုန်အဝယ်များသာမက နယ်အဝယ်များပါဆင်းနေသည့်အတွက် အရောင်းအဝယ်ပြန်လည်ကောင်းမွန်လာကြောင်းသိရသည်။ ယခင်လများကမူဝါဒများမတည်ငြိမ်သည့်အတွက် ကားစျေးနှုန်းများတည်ငြိမ်မှုမရှိခဲ့သလို အရောင်းအဝယ်လည်း အေးစက်ခဲ့သည်။ သကြင်္န်ကာလပြီးနောက်ပိုင်းတွင်စျေးကွက်တဖြည်းဖြည်းတည်ငြိမ်လာသဖြင့် အရောင်းအဝယ်ပုံမှန်ပြန်ဖြစ်လာပြီး နယ်အဝယ်များဆင်းနေသည့်အတွက်လည်း ရန်ကုန်လိုင်စင်ကားများသာမက နယ်လိုင်စင်ကားများပါ အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။အထက်မြန်မာပြည်ဘက်မှနယ်အဝယ်များအဆင်းများနေပြီး လုပ်ငန်းသုံးကားများလည်း အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။  အရောင်းအဝယ်ပုံမှန်ဖြစ်လာသည်ဟုဆိုသော်လည်း သိန်း ၁၅ဝ မှသိန်း ၂ဝဝ ဝန်းကျင်ကားများသာ အရောင်းအဝယ်အဖြစ်များကြောင်း သိရသည်။

”သကြင်္န်ပြီးကတည်းကအရောင်းအဝယ်တွေ ပြန်သွက်လာပါတယ်၊ ၁၃ဝဝ စီစီကားတွေသာမက စလစ်ကားတွေပါရောင်းရပါတယ်၊ နယ်အဝယ်တွေလည်းဆင်းလာတဲ့အတွက် နယ်လိုင်စင်စတိကားနဲ့ရန်ကုန်လိုင်စင်နံပါတ်ထွက်ပြီးကားတွေအရောင်းသွက်ပါတယ်၊ ၊နံပါတ်ထွက်ပြီးသား ကားထဲမှာ Honda Fit၊ Toyota Probox ၊Toyota Vitz  ၊ Toyota Belta ကားတွေအရောင်းအဝယ်ပြန်ဖြစ်သလို စလစ်ကပ်ကားထဲမှာဆိုရင် Kluger၊Wish၊Harrier တို့အရောင်းအဝယ်ဖြစ်တယ်၊သိန်း ၄ဝဝ အထက်စတိနံပါတ်ကားတွေကတော့ အရောင်းအဝယ်ဖြစ်တာနည်းပါတယ်၊မူဝါဒတွေတည်ငြိမ်လာတဲ့အတွက်  လိုအပ်တဲ့သူတွေ ပြန်ဝယ်လာကြလို့ အရောင်းအဝယ်ပြန်ကောင်းလာတာဖြစ်ပါတယ်”ဟု အောင်ကမ္ဘာကားအရောင်းစင်တာမှ မန်နေဂျာကိုငယ်ကဆိုသည်။

ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်လည်း နယ်အဝယ်များပြန်ဆင်းလာသည့်အတွက် စလစ်ကပ်ကားများသာမကဖရီးပါမစ်ဘယ်မောင်းကားများပါ အရောင်းအဝယ်ပုံမှန်ဖြစ်လာကြောင်းသိရသည်။ အထက်မြန်မာပြည်ဘက်မှနယ်အဝယ်များအဆင်းများသဖြင့် လုပ်ငန်းသုံးကားများသာမက အိမ်စီးကားများပါအရောင်းအဝယ်ဖြစ်နေသည်။ နံပတ်ထွက်ပြီးသားကားများထဲတွင် ၁၃ဝဝစီစီ၊၁၅ဝဝစီစီ ကားများဖြစ်သည့် Probox၊ FitBelta၊ Ractis ၊Fit Shuttle ၊ GK3  ကားများ အရောင်းအဝယ်အဖြစ်များသည်။စလစ်ကပ်ကားများထဲတွင် စတိနံပတ်များမှာ အရောင်းအဝယ်နည်းနေသော်လည်းနံပတ်ထွက်ပြီးသားကားများထဲတွင် Alphard Wish၊ Kluger ကားများအရောင်းအဝယ်ဖြစ်ကြောင်း ကားဝယ်ရောင်းများက ဆိုသည်။

”ဒီရက်ပိုင်းမှာ ကားတွေပြန်ပြီးအရောင်းအဝယ်ဖြစ်ပါတယ်၊ အရင်လတွေတုန်းက အဝယ်မရှိသလောက်ဖြစ်နေလို့ အရောင်းအဝယ်ရပ်သွားပေမယ့် ဒီရက်ပိုင်းမှာတော့ နယ်အဝယ်တွေ ဆက်တိုက်ဆင်းနေတဲ့အတွက် စျေးတန်းအပေါ်မူတည်ပြီးစလစ်ကပ်ကားတွေသာမက ဖရီးပါမစ်ဘယ်မောင်းကားတွေပါအရောင်းအဝယ်ဖြစ်ပါတယ်၊ ၁၃ဝဝ စီစီ ကားတွေထဲက Probox ၊Fit ၊ Insight၊Axio ကားတွေရောင်းရတယ်၊ စလစ်ကပ်ကားထဲမှာတော့ သိန်း ၃ဝဝ အထက်ဆိုရင် ရောင်းလို့မသွက်ပါဘူး၊နယ်အဝယ်တွေလည်းဆင်းနေတော့လုပ်ငန်းသုံး Pick Up တွေလည်း ရောင်းရပါတယ်၊ နယ်အဝယ်ကတော့မြန်မာပြည်အထက်ပိုင်းဘက်က ဝယ်လက်များပါတယ်၊ဇွန်လကစပြီးအရောင်းအဝယ်ကဒီထက်ပိုကောင်းလာဖို့ရှိပါတယ်”ဟုကားဝယ်ရောင်းကိုကျော်ကျော်ကဆိုသည်။

ရန်ကုန်လိုင်စင်ဖြင့်ကားဝယ်ယူခွင့်မူဝါဒထွက်ပေါ်မလာသေးသည့်အတွက် ကားတင်သွင်းမှုများလျော့နည်းသွားပြီး နံပါတ်ထွက်ပြီးသားကားများနှင့်ကားအရောင်းစင်တာများမှ တင်သွင်းထားသည့်ဂျပန်ညာမောင်းကားများသာ အရောင်းအဝယ်ဖြစ်နေသည်။ရန်ကုန်ကားတင်သွင်းခွင့်မူဝါဒကိုစောင့်ဆိုင်းနေချိန်တွင် Brand New ကားများ၏စျေးကွက်လည်းထင်သလောက်ကောင်းမလာသေးပဲ တစ်လလျှင်အစီးနှစ်ထောင်ကျော်သာ အရောင်းအဝယ်ဖြစ်ကြောင်း ကားသစ်တင်သွင်းရောင်းချသူများထံမှသိရသည်။စတိနံပါတ်ကားများအရောင်းအဝယ်ကောင်းမလာသေးသည့်အတွက် စလစ်စျေးလည်းစျေးတန်းတစ်ခုတွင်ရပ်တန့်နေပြီး ရန်ကုန်လိုင်စင် သက်တမ်းနှစ် ၂ဝ စလစ်သည် ၁၂၅ သိန်း ဝန်းကျင်နှင့် တိုက်ကြေစလစ်သည် သိန်း ၁ဝဝ ဝန်းကျင်တွင်အရောင်းအဝယ်ရှိနေသည်။နယ်လိုင်စင် အပ်ကားများမှာဝယ်လက်နည်းနေသဖြင့် လိုအပ်သည့်သူများသာစျေးနှုန်းညှိနိုင်းပြီးအရောင်းအဝယ်ပြုလုပ်နေကြောင်း ကားစျေးကွက်အတွင်းမှသိရသည်။

ကိုရဲ

LEAVE A REPLY

Please enter your comment!
Please enter your name here