နယ်ဝယ်လက်ကြောင့်  150 CC  အထက်   တရုတ်သုံးဘီးဆိုင်ကယ်များ   အဝယ်လိုက်

875

မန္တလေးမြို့၌ ယခင်က 110 ၊ 125 စသော အင်ဂျင်ပါဝါအနိမ့် တရုတ်သုံးဘီးဆိုင်ကယ်များသာ အနည်းငယ် ရောင်းချရမှု ရှိခဲ့သော်လည်း နယ်ဒေသများတွင် ယခု သြဂုတ်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် လမ်းပန်းဆက်သွယ်ရေး အနေအထားတို့ကြောင့် 150 CC နှင့် အထက် တရုတ်သုံးဘီးဆိုင်ကယ်များ အဝယ်လိုက်လာခဲ့ကြောင်း မန္တလေးမြို့ သုံးဘီးဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ကိုင်နေသူများထံမှ သိရသည်။

 

”ဇူလိုင်လတုန်းက တစ်လလုံးမှ 110 CC နဲ့ 125 CC သုံး ဘီးဆိုင်ကယ်လေးစီးလောက်ပဲ ရောင်းလိုက်ရတယ်၊ ဒီလထဲကျတော့ 150 CC နဲ့အထက် အင်ဂျင်ပါဝါအမြင့် သုံးဘီးဆိုင်ကယ်တွေ ပိုပြီး အဝယ်လိုက်လာတယ်၊ များသောအားဖြင့် ပြင်ဦးလွင်၊ ဂန့်ဂေါ နဲ့ မန္တလေးမြို့ပေါ်က လာဝယ်တာ များတယ်၊ နယ်တွေမှာက မိုးတွင်းဆိုရင် လမ်းပန်းဆက်သွယ်ရေးခက်ခဲတော့ အင်ဂျင်ပါဝါမြင့်တဲ့သုံးဘီးတွေကမှ ရုန်းအားကောင်းတာကြောင့် ဒီလထဲ 150 CC အထက် သုံးဘီးတွေပဲ အဝယ်များတယ်”ဟု မန္တလေးမြို့ JRC သုံးဘီးဆိုင်ကယ် များ ရောင်းဝယ်ရေးလုပ်ကိုင်နေသူ ဦးမောင်မောင်ခက ပြောသည်။

 

110 CC ၊ 125 CC စသော အင်ဂျင်ပါဝါနိမ့် သုံးဘီးဆိုင်ကယ်များသည် ကုန်ပိဿာချိန် ၁၈ဝ ခန့်သာ တင်ဆောင်နိုင်ပြီး 150 CC နှင့်အထက် သုံးဘီးဆိုင်ကယ်များသည် ကုန်တန်ချိန် တစ်တန်ကျော်အထိ တင်ဆောင်နိုင်သည့်အပြင် ရေတိုင်ကီနှင့် တောင်တက်ဂီယာ သီးသန့်ပါရှိသောကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော နယ်ဒေသများအတွက် များစွာအသုံးဝင် ကြောင်း၊ ထို့ပြင် အင်ဂျင်ပါဝါမြင့် ဆိုင်ကယ်များသည် ဆီပိုစားသော်လည်း တင်ဆောင်နိုင်သည့် ကုန်ချိန်၊ အချိန်ကြာမြင့်မှုနှင့် ရရှိသည့် အကျိုးအမြတ်ကို တွက်ချက်လျှင် များစွာ အဆင်ပြေသည့်အတွက်  ယခုမိုးတွင်းကာလတွင် 150 CC နှင့်အထက် သုံးဘီးဆိုင်ကယ်များ အဝယ်လိုက်လာခြင်း ဖြစ်နိုင်ကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်နေသူများက ဆိုကြသည်။

 

” 110 တို့၊ 125 တို့ အင်ဂျင်ပါဝါအနိမ့် သုံးဘီးဆိုင်ကယ်တွေက  ဆီစားလို့ မြို့တွင်းကုန်ပစ်စည်းသယ် တဲ့သူနဲ့ Taxi မောင်းတဲ့သူ၊ ချဉပေါင်းရောင်းတဲ့သူ၊ ရေခဲမုန့်ရောင်း တဲ့သူလောက်ပဲဝယ်တယ်၊ နယ်ဘက်တွေကျတော့ ကုန်ခြောက်ပစ္စည်းတွေ၊ သစ်တွေ အစရှိတဲ့ အလေးအပင်ပစ်စည်းတွေ သယ်တာများတော့ အင်ဂျင်ပါဝါအမြင့် သုံးဘီးတွေပဲ ဝယ်ကြတယ်၊ ပြီးတော့ လမ်းပန်းဆက်သွယ်ရေးပေါ့၊ အင်ဂျင်ပါဝါကြီးတဲ့ သုံးဘီးတွေမှာ တောင်တက်ဂီယာပါတော့ ရုန်းအားဆွဲအား ပိုကောင်းတယ်၊ ပစ္စည်းဝန် ပိုတင်နိုင်တယ်”ဟု သုံးဘီးဆိုင်ကယ်များရောင်းချနေသူ မန္တလေးမြို့ခံ ကိုကျော်ဝင်းက ဆိုသည်။

 

မန္တလေးမြို့တွင် သြဂုတ်လ ဒုတိယပတ်၌ JRC 110 CC သုံးဘီး ကျပ် ၁,၃၆ဝ,ဝဝဝ၊ 125 CC ကျပ် ၁,၄၆ဝ,ဝဝဝ၊ 150 CC  ကျပ် ၁,၉၅ဝ,ဝဝဝ၊ 200 CC  ကျပ် ၂,၆၆ဝ,ဝဝဝ၊ 250 CC  ကျပ် ၂,၇၈ဝ,ဝဝဝ အစရှိသည့် စျေးနှုန်းများတွင် အသီးသီးရှိနေသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here