ရန်ကုန်၊ ဇန်နဝါရီ
ရန်ကုန်မြို့အတွင်း ဝင်ရောက်ပြေးဆွဲနေသည့် နယ်လိုင်စင် Taxi များကို ညအိပ်ခွန်နှုန်းထားတစ်ခု သတ်မှတ်၍ ထိန်းချုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်လိုင်စင် Taxi များ City Taxi မှတ်ပုံတင်ပြုလုပ်မှု ပြီးစီးပါက မြို့တွင်းဝင်ရောက်နေသည့် နယ်လိုင်စင်တက္ကစီများကို အခွန်နှုန်းထားတစ်ခုသတ်မှတ်၍ စတင် ထိန်းချုပ်မည်ဖြစ်ကြောင်း သိရသည်။
”ရန်ကုန်လိုင်စင်တက္ကစီတွေ City Taxi မှတ်ပုံတင် ပြီးတာနဲ့ နယ်လိုင်စင်တက္ကစီတွေ ရန်ကုန်မြို့ထဲ ဝင်ရောက်နေတာကို ထိန်းချုပ်တဲ့အနေနဲ့ ညအိပ်ခွန် တိုးကောက်မယ်၊ ဒါဆိုရင် နယ်တက္ကစီတွေ ရန်ကုန်မှာ တောက်လျှောက်နေဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး”ဟု ‘ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့’ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။
ရန်ကုန်အမည်ပေါက် တက္ကစီများနှင့် နယ်လိုင်စင်တက္ကစီများ ကွဲကွဲပြားပြား ဖြစ်စေရန်အတွက် ရန်ကုန်လိုင်စင် တက္ကစီများကို City Taxi မှတ်ပုံတင် အမြန်ပြုလုပ်ခိုင်းခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားသည့် တက္ကစီအစီး ရေ ၆၇,ဝဝဝ ကျော် ရှိပြီး လက်ရှိအချိန်အထိ City Taxi မှတ်ပုံတင် ပြုလုပ်ထားသည့် Taxi အစီးရေ ၃၅,ဝ၈၆ စီးရှိကြောင်း သိရသည်။
ကြည်ပြာ