နယ်လိုင်စင်ကားများဖြင့်  ကျောင်းကားပြေးဆွဲခြင်း ခွင့်ပြုတော့မည်မဟုတ်

516

ရန်ကုန်၊ မေ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ ကျောင်းကားစနစ်သစ် ဖော်ဆောင်ရာတွင် နယ်လိုင်စင်ဖြင့် ကျောင်းကားပြေးဆွဲခြင်းကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း ကျောင်းတာဝန်ရှိသူများနှင့် ဝန်ကြီးချုပ် တွေ့ ဆုံပွဲမှ သိရသည်။

School Bus စနစ်အတွက် မေ ၁၃ ရက်က ပြုလုပ်ခဲ့သည့် ကျောင်းအုပ် ဆရာ/ဆရာမကြီး များ၊ မြို့နယ်ပညာရေးမှူးများ၊ ဌာနဆိုင်ရာများနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက လာမည့် ပညာသင်နှစ်၌ ကျောင်းကားစနစ်သစ် ဖော်ဆောင်ရာ၌ နယ်လိုင်စင် ကျောင်းကားများ ပြေးဆွဲခွင့်ပြုတော့မည် မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

”နယ်လိုင်စင်ကားတွေကို ကျောင်းကားအဖြစ် ပြေးဆွဲခွင့်မပြုတော့ဘူး၊ ကျောင်းကားအမျိုးအစားတစ်ခုတည်း မဟုတ်ပါဘူး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြေးဆွဲနေတဲ့ နယ်လိုင်စင်တက္ကစီတွေနဲ့ လူစီးကားတွေကိုလည်း ထိန်းချုပ်ဖို့ စီစဉ်နေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

ကျောင်းကားစနစ်သစ် ပြေးဆွဲခြင်းနှင့် ပတ်သက်၍ အစိုးရကျောင်း ၁၈ ကျောင်းမှ ကျောင်းကားလုပ်ငန်းရှင်များနှင့် မေ ၄ ရက်က ကနဦးတွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့နောက် ဆွေးနွေးပွဲရလဒ် ကို မေ ၁၃ ရက်က ကျောင်းအုပ် ဆရာ/ဆရာမကြီးများ၊ မြို့နယ်ပညာရေးမှူးများ၊ ဌာနဆိုင်ရာများနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့ရာတွင် နယ်လိုင်စင်ဖြင့် ကျောင်းကားပြေးဆွဲခြင်းကို ခွင့်ပြုတော့မည် မဟုတ်ကြောင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ကျောင်းကားပြေးဆွဲမည့်ကားများသည် လုပ်ငန်းလိုင်စင် ပြုလုပ်ရမည်ဖြစ်သလို ဘီးခွန်လည်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here