နယ်လိုင်စင်ကားများကို စနစ်တစ်ခုဖြင့် ထိန်းချုပ်ပြီးမှသာ YVQC စနစ်ဖြင့်   ရန်ကုန်လိုင်စင်ကားဝယ်ယူခွင့်ကို  ခွင့်ပြုပေးမည်

1337

ရန်ကုန်၊ မေ

ရန်ကုန်အတွင်း ပြေးဆွဲနေသည့် နယ်လိုင်စင်ကားများကို စနစ်တစ်ခုဖြင့် ထိန်းချုပ်ပြီးမှသာ YVQC စနစ်ဖြင့် ရန်ကုန်လိုင်စင် ကားဝယ်ယူခွင့်ကို ခွင့်ပြုပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

ရန်ကုန်မြို့တွင်း ဖြစ်ပေါ်နေသည့် ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့ရန်အတွက် နယ်လိုင်စင်ကားများကို စနစ်တစ်ခုဖြင့် ထိန်းချုပ်နိုင်ရန် စီစဉ်ပြီးမှသာ YVQC စနစ်ဖြင့် ရန်ကုန်လိုင်စင် ကားဝယ်ယူခွင့်ကို ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် နယ်လိုင်စင်ကားများကို စိစစ်ပြီး နယ်လိုင်စင်တက္ကစီများကို သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များထံ ပြန်ပို့မည်ဖြစ်သလို အခြားနယ်လိုင်စင်ကားများကိုလည်း ထိရောက်သည့် မြို့ဝင်ကြေးများ ကောက်ခံရန် စီစဉ်နေခြင်း ဖြစ်သည်။

”YVQC စနစ်နဲ့ ရန်ကုန်လိုင်စင် ကားဝယ်ယူခွင့်ထုတ်ပေးဖို့ စီစဉ်နေပါတယ်၊ ဒီစနစ်မကျင့်သုံးခင်မှာ ရန်ကုန်မြို့ထဲ ပြေးဆွဲနေတဲ့ နယ်လိုင်စင်ကားတွေကို စနစ်တစ်ခုနဲ့ အရင်ဆုံး ထိန်းချုပ်ရမှာ ဖြစ်ပါတယ်၊ အတင်းအကြပ် ကန့်သတ်တာမျိုးတော့ မဟုတ်ပါဘူး၊ ရန်ကုန်မြို့မှာ နယ်လိုင်စင်ကားတွေ များနေပြီး ယာဉ်ကြောကျပ်တည်းမှုကလည်း နေရာအနှံရှိနေတဲ့အတွက် စနစ်တစ်ခုနဲ့ ထိန်းချုပ်မှာ ဖြစ်ပါတယ်၊ နယ်လိုင်စင်ကားတွေ ထိန်းချုပ်ပြီးပြီဆိုရင်တော့ YVQC စနစ်နဲ့ ရန်ကုန်လိုင်စင်ကား ဝယ်ယူခွင့်ပြုဖို့ ဆက်လက်လုပ်ဆောင်သွားမှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

နယ်လိုင်စင်ကားများကို စနစ်တစ်ခုဖြင့် ထိန်းချုပ်ရာတွင် ညအိပ်ခွန်ကောက်ခံခြင်းနှင့် မြို့ဝင်ကြေးကောက်ခံခြင်း စသည့်စနစ်များဖြင့် ထိန်းချုပ်ရန်စီစဉ်နေကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့အတွင်းရှိ နယ်လိုင်စင်တက္ကစီများကိုလည်း  သက်ဆိုင်ရာဒေသများထံပြန်ပို့ရန်အတွက် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here