နယ်လိုင်စင်ကားများကို စနစ်တစ်ခုဖြင့် ထိန်းချုပ်နိုင်ရန် မြို့ဝင်ပေါက် အားလုံးတွင် CCTV ကင်မရာများ တပ်ဆင်မည်

1105

ရန်ကုန်၊ မေ

နယ်လိုင်စင်ကားများကို စနစ်တစ်ခုဖြင့် ထိန်းချုပ်နိုင်ရန်အတွက် မြို့ ဝင်ပေါက်များတွင် CCTV ကင်မရာများ တပ်ဆင်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

ရန်ကုန်မြို့တွင်းရှိ နယ်လိုင်စင်ကားများကို စနစ်တစ်ခုဖြင့်ထိန်းချုပ်နိုင်ရန် စီစဉ်နေပြီး ရန်ကုန်မြို့ပြင်ပမှ   ဝင်ရောက်လာမည့် ကားများကိုလည်း စောင့်ကြည့်နိုင်ရန် မြို့ဝင်ဂိတ်များတွင် CCTV ကင်မရာများ တပ်ဆင်ရန် စီစဉ်နေခြင်းဖြစ်သည်။

”နယ်လိုင်စင်ကားအများစု က ရန်ကုန်မြို့ကိုအခြေခံပြီး ပြေးဆွဲနေကြတာပါ၊ ရန်ကုန်မြို့မှာ နယ်လိုင်စင် ကိုယ်ပိုင်ယာဉ်တွေနဲ့ အငှားယာဉ်တွေ အများကြီးရှိပါတယ်၊ ရန်ကုန်မြို့ပြင်က နယ်လိုင်စင်ကားတွေလည်း ဝင်ရောက်လာနိုင်တဲ့အတွက် မြို့ဝင်/ထွက် ဂိတ်တွေမှာ CCTV ကင်မရာတွေတပ်ဆင်ပြီး စောင့်ကြည့်ဖို့ စီစဉ်နေပါတယ်” ဟု အထက်ပါအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် နယ်လိုင်စင်ကားများကို ညအိပ်ခွန်များ တိုးမြှင့်ကောက်ခံခြင်း၊ မြို့ဝင်ကြေးများ ကောက်ခံခြင်းတို့ဖြင့် ထိန်းချုပ်သွားမည်ဖြစ်သည်။ထို့ပြင် နယ်လိုင်စင်ကျောင်းကား ပြေးဆွဲခြင်းကိုလည်း လာမည့်ပညာသင်နှစ်မှစ၍ ကန့်သတ်လိုက်ပြီဖြစ်သလို နယ်လိုင်စင်တက္ကစီများကိုလည်း သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်း စနစ်တကျပြေးဆွဲရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျောင်းကားစနစ်ဖော်ဆောင်ရေးနှင့်ပတ်သက်ပြီး ကျောင်းတာဝန်ရှိသူများနှင့် တွေ့ ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ကြည်ပြာ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here