နယ်စပ်လမ်းကြောင်းမှ တင်သွင်းသည့် အိန္ဒိယဆိုင်ကယ်များ လက်ကျန်များ၍ စျေးကွက်အတွင်း ပြတ်လပ်ခြင်းမရှိဟုဆို

81

အိန္ဒိယနိုင်ငံထုတ် ၂၀၂၀ မိုဒယ် Ray ZR ဆိုင်ကယ်များကို တွေ့ရစဉ်။

မန္တ​လေး၊ ​အောက်တိုဘာ ၁၃

အိန္ဒိယ-မြန်မာ နယ်စပ်လမ်းကြောင်းမှ တင်သွင်းသော အိန္ဒိယနိုင်ငံထုတ် YAMAHA FZS , YAMAHA Ray Z နှင့် Ray Z R ဆိုင်ကယ်များသည် နယ်စပ်လမ်းကြောင်းမပိတ်မီကတည်းက လက်ကျန်ဆိုင်ကယ်အစီးရေများသဖြင့် စျေးကွက်အတွင်း ပြတ်လပ်ခြင်းမရှိကြောင်း တမူးနှင့် ကလေးမြို့ရှိ ဆိုင်ကယ်ကုန်သည်များထံမှ စုံစမ်းသိရသည်။

၂၀၂၀ မိုဒယ် အိန္ဒိယ FZ S ဆိုင်ကယ်များကို ရောင်းချရန် ပြင်ဆင်ထုပ်ပိုးထားမှုအား တွေ့ရစဉ်။

“အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်ပေါက်တွေက Covid-19 ကြောင့် မတ်လကတည်းက ပိတ်သွားတယ်၊ အခုဆို ခုနစ်လကြာနေပြီ၊ နယ်စပ်လမ်းကြောင်းပိတ်သွားပေမဲ့ အိန္ဒိယဆိုင်ကယ်တွေက စျေးကွက်ထဲ ပြတ်မသွားဘူး၊ လမ်းကြောင်းမပိတ်ခင် ကျွန်တော့်ဆီမှာဆို အစီးရေ နှစ်ရာ ကျော်လောက် ၀ယ်ထားမိလိုက်နိုင်တော့ အခု Covid-19 ဖြစ်လို့ ဆိုင်ကယ်၀င်တဲ့လမ်းကြောင်း ပိတ်နေပေမဲ့ ဆိုင်ကယ်တွေ ပြတ်မသွားဘူး၊ ပုံမှန်၊ ရောင်းပေးနေနိုင်တယ်ပေါ့” ဟု တမူးမြို့ခံ ဆိုင်ကယ်ကုန်သည်တစ်ဦးဖြစ်သူ ကိုမျိုး၀င်းက ပြောကြားသည်။

အိန္ဒိယ-မြန်မာ နယ်စပ်မြို့ဖြစ်သည့် တမူးမြို့နှင့် ကလေးမြို့တို့သည် တရုတ်ဆိုင်ကယ်ဆိုလျှင် 125 R နှင့် အိန္ဒိယဆိုင်ကယ်ဆိုလျှင် YAMAHA Ray Z, Ray ZR , FZS တို့ အစီးအများဆုံးဖြစ်ကာ အခြားဆိုင်ကယ်အမျိုးအစားများမှာမူ စီးနင်းသူ နည်းပါးလှသည်။ ယခုအခါ အိန္ဒိယဆိုင်ကယ်များ တင်သွင်းရာလမ်းကြောင်းဖြစ်သော အိန္ဒိယ-မြန်မာနယ်စပ်ဂိတ် အမှတ် ၁ နှင့် အမှတ် ၂ ဂိတ်တို့ ပိတ်ထားသည်မှာ ခုနစ်လကျော် ကြာမြင့်နေပြီဖြစ်သဖြင့် အိန္ဒိယဆိုင်ကယ်များ ထပ်မံတင်သွင်းနိုင်ခြင်းမရှိသော်လည်း စျေးကွက်ထဲ ပြတ်လပ်ခြင်းမရှိကြောင်း တမူးနှင့် ကလေးမြို့ရှိ ဆိုင်ကယ်ကုန်သည်များထံမှ ထပ်မံသိရသည်။

အိန္ဒိယနိုင်ငံထုတ် Ray Z ဆိုင်ကယ် အစီးများသော ကလေးမြို့၏ မြို့တွင်း တစ်နေရာအား တွေ့ရစဉ်။

“ပုံမှန်ဆိုရင်တော့ လမ်းကြောင်းပိတ်တာကြာရင် အိန္ဒိယဆိုင်ကယ်တွေလည်း စျေးကွက်ထဲပြတ်သွားတယ်၊ အခုက Covid-19 ကာလ အရောင်းလည်း အေးတာရော လက်ကျန်ဆိုင်ကယ် များနေတာရောနဲ့ စျေးကွက်ထဲ ပြတ်လပ်တာတော့ မဖြစ်ဘူး” ဟု ကလေးမြို့ခံ ဆိုင်ကယ်ရောင်း၀ယ်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ယခုအခါ မြန်မာနိုင်ငံ အနှံ့အပြားသို့ အိန္ဒိယဆိုင်ကယ်များကို ပင်လယ်ရေကြောင်းမှ Brand New တင်သွင်းရောင်းချ နေကြပြီဖြစ်သော်လည်း တမူးမြို့နှင့် ကလေးမြို့တို့သည် အိန္ဒိယနယ်စပ်အနီးရှိ မြို့များဖြစ်သဖြင့် အိန္ဒိယဆိုင်ကယ်များကို နယ်စပ်လမ်းကြောင်း တရား၀င်ဂိတ်ပေါက်များမှသာ တရား၀င်တင်သွင်းရောင်းချကြသည်။

ယခု အောက်တိုဘာလ ဒုတိယပတ်အတွင်း တမူးနှင့် ကလေးမြို့တို့တွင် အိန္ဒိယနိုင်ငံထုတ် ၂၀၂၀ မိုဒယ် YAMAHA Ray Z R ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၁,၇၅၀,၀၀၀၊ YAMAHA FZ S ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၂,၅၅၀,၀၀၀ စသော နှုန်းထားများဖြင့် ရောင်းချလျက်ရှိ​​ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here