နယူးယော့ခ်မြို့လယ်ကောင် မိုးပျံတက္ကစီ စီမံကိန်း နာမည်ကြီး တရုတ်အင်တာနက် ကုမ္ပဏီ Tencent ပါဝင်ရင်းနှီးမြှုပ်နှံမည်

816

နယူးယော့ခ်မြို့လယ်ကောင် မန်ဟက်တန်မှ ဂျွန်အက်ဖ်ကနေဒီလေဆိပ်သို့ ငါးမိနစ်အတွင်း ခရီးသည်များ ပို့ဆောင်ပေးနိုင်မည့် မိုးပျံတက္ကစီ စီမံကိန်း အတွက် ကမ္ဘာ့ပဉ္စမမြောက်အကြီးဆုံး တရုတ်အင်တာနက်ကုမ္ပဏီ  Tencent ပါဝင်သည့် လုပ်ငန်းရှင်များအုပ်စုမှ ဂျာမန်ဂျက်တက္ကစီထုတ်လုပ်ရေး ကုမ္ပဏီ Lilium ၌ ဒေါ်လာသန်းကိုးဆယ် ထည့်ဝင်ထားကြောင်း စက်တင်ဘာ ၈ ရက်တွင် နိုင်ငံတကာသတင်းမီဒီယာများက ရေးသားဖော်ပြခဲ့ သည်။

နှစ်ယောက်စီး စမ်းသပ်မိုးပျံယာဉ်ကို ဧပြီလက ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ်ပျံသန်းခဲ့ပြီးနောက် တစ်နာရီလျှင် ၁၈၆ မိုင်နှုန်း အထိ မြန်မြန်ပျံသန်းနိုင်မည့် ငါးယောက်စီး မိုးပျံနမူနာ ယာဉ်ထုတ်လုပ်ရာ ၌ ယင်းငွေများကို သုံးစွဲလိုခြင်းဖြစ်ကြောင်း Lilium ၏ အကြီးအကဲတစ်ဦး ဖြစ်သူ Remo Gerber က ဆိုသည်။ ယင်းစီမံကိန်းတွင် ကမ္ဘာ့အကြီးဆုံး မိသားစုပိုင် ပုဂ္ဂလိကဘဏ်လုပ်ငန်း LGT Group of lichtenstein၊ Twitter  ပူးတွဲထူထောင်သူ Ev William ၏ Obvious Ventures ကုမ္ပဏီ နှင့် ဗြိတိန်နည်းပညာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Atomico တို့လည်း ပူးပေါင်း ပါဝင်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံငွေ ဒေါ်လာသန်းတစ်ရာကျော် မတည်ထူထောင်သွားမည်ဟု သိရသည်။ Lilium အနေဖြင့် မိုးပျံယာဉ် အများ အပြားထုတ်လုပ်နိုင်ရန် နှစ်အတန်ကြာ ကြာမြင့်နိုင်သေးကြောင်း Gerber က ခန့်မှန်းသည်။ မိုးပျံကားစီမံကိန်းအတွက် Daimler က ဂျာမန်စွန့်ဦး ကုမ္ပဏီ Volocopter နှင့် Airbus က Vahana အလိုအလျောက် ပျံသန်းမှုစီမံကိန်းတို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။ ဥရောပ အာကာသအေဂျင်စီက ပံ့ပိုးမှုပေးထားသည့် Lilium သည် ယခုစီမံကိန်း အတွက် Italdesign ကုမ္ပဏီ၊ ရေပေါ်လျှပ်ပြေးတက္ကစီယာဉ်ဒီဇိုင်း ရေးဆွဲခဲ့သည့် ပြင်သစ်စွန့်ဦးကုမ္ပဏီ Seabubbles တို့နှင့်ပါ ပူးပေါင်းဆောင် ရွက်နေကြောင်း သိရသည်။

မြူးနစ်နည်းပညာတက္ကသိုလ်ကျောင်းဆင်း လေးဦးက ၂၀၁၅ ခုနှစ် တွင် စတင်တည်ထောင်ခဲ့သည့် Lilium ကုမ္ပဏီသည် Gett Taxis ၊ Airbus နှင့် Tesia  တို့မှ ဝါရင့်ကျွမ်းကျင်ဝန်ထမ်းများကို ငှားရမ်းကာ လုပ် ငန်းလည်ပတ်နေခြင်းဖြစ်သည်။ ”ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ တခြား ယာဉ်ပျံတွေရဲ့ ကွဲပြားတဲ့နည်းပညာတွေပေါ် အခြေခံထားတဲ့ အယူအဆ အတွေးအမြင်တွေကို တွေ့ရမှာပါ”ဟု Gerber က ဆိုသည်။

Ref : Boomberg, Auto News China

LEAVE A REPLY

Please enter your comment!
Please enter your name here