နန်းရှေ့ရေနီမြောင်း၏ မြောင်းဖုံးများပေါ် ကားများတက်မမောင်းနိုင်စေရန် မြောင်းဘေးတစ်လျှောက် အလှပန်းပင်များ စိုက်ပျိုးမည်ဟု မန္တလေးမြို့တော်ဝန်ပြော

163

 

မန္တလေး၊ နိုဝင်ဘာ ၂၉

မန္တလေးမြို့ ကျုံးရေကို ပိုမိုသန့်စင်နိုင်ရန် ကျုံးအရှေ့ဘက်ခြမ်းရှိ နန်းရှေ့ ရေနီမြောင်းကို အဆင့်မြှင့်တင်မှုများ ပြုလုပ်လျက်ရှိရာ ရေနီမြောင်း၏ မြောင်းဖုံးများပေါ်တွင် ကားတက်မမောင်းနိုင်စေရန် မြောင်းဘေးတစ်လျှောက် အလှပန်းပင်များ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်။

“မြောင်းဖုံးပါတော့ လမ်းတစ်လျှောက်မှာ အမှိုက်ကျနိုင်ခြေ နည်းသွားပါပြီ၊ အဖုံးပေါ် ကားတက်မမောင်းနိုင်ဖို့ မြောင်းဘေးတစ်လျှောက်မှာ အလှပန်းပင်တွေ စိုက်သွားပါမယ်၊ သံချိတ်တွေကိုလည်း မဖြုတ်သေးပါဘူး၊ ရေစစ်ကန်အရှေ့ဘက်က မြောင်းဖုံးပေါ် အရက်ထိုင်သောက်သူတွေရှိလို့ Chain Link ကာပြီး ပန်းကစားဌာနရဲ့ ပျိုးခြံကို များများပျိုးနိုင်အောင် နေရာပေးလိုက်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မန္တလေးမြို့ ကျုံးရေသည် ရေနီမြောင်းမှ စီးဆင်းဝင်ရောက်သော ရေများဖြစ်သည့်အတွက် ရေနီမြောင်းအတွင်း စီးဆင်းလာသော ရေများနှင့်အတူ အမှိုက်များကို တား၍ဆယ်ယူနိုင်ရန် နန်းရှေ့ ၁၉ လမ်းထိပ်နှင့် ၆၆ လမ်းထိပ်များ၌ သံဆန်ခါနှင့်တားပြီး ဆယ်ယူနေကြောင်း၊ တစ်နေ့လျှင် တစ်ကြိမ်မှ နှစ်ကြိမ် ဆယ်ယူခိုင်းထားကာ သံဆန်ခါကိုလည်း အကွက်ပိုစိပ်ခိုင်းထားကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“အပျော်အပျက်လိုလိုနဲ့ အဖျက်လုပ်ငန်းလုပ်တဲ့သူတွေကြောင့် ရေထိန်းတံခါးတွေရဲ့ လုံခြုံရေးအတွက်ပါ ထည့်စဉ်းစားဖို့ ဆွေးနွေးမှာကြားခဲ့ပါတယ်၊ အရင်က ရေစစ်ကန်ရှိပေမဲ့ အသုံးမပြုဘဲ ကျုံးထဲကို တိုက်ရိုက်ထည့်လို့ ကျုံးရေနောက်တဲ့အထိ အနည်များလာတဲ့အတွက် ရေစစ်ကန်မှာ အနည်ထိုင်ခိုင်းပြီးမှ ကျုံးရေသွင်းမြောင်းထဲကို ဝင်ခိုင်းတော့မှာပါ၊ ကျုံးရေလည်း ပြန်ကြည်လာပါတော့မယ်” ဟု ၎င်းက ထပ်မံပြောဆိုသည်။

ရေနီမြောင်းအဆင့်မြှင့်တင်မှုမှာ မကြာမီ ပြီးစီးတော့မည်ဖြစ်ပြီး ယင်းအဆင့်မြှင့်တင်ခြင်းနှင့်အတူ လမ်းအသစ်ဖောက်ခြင်း၊ ပန်းပင်များစိုက်ပျိုးခြင်း၊ အမှိုက်များ ပိုမိုဆယ်ယူနိုင်အောင် လုပ်ဆောင်ခြင်း၊ ရေထိန်းတံခါးလုံခြုံရေးနှင့် ဓာတ်တိုင်အချို့ နေရာရွှေ့ရန် စသည့် လုပ်ငန်းများပါ ဆက်တိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ထပ်မံပြောကြားသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ- Ye Lwin Fb

LEAVE A REPLY

Please enter your comment!
Please enter your name here