နတ်မတောင်တွင် ခရီးသွားနည်းပါးသွား၍ တောင်တက်ဆိုင်ကယ် Taxi များ ဝင်ငွေလျော့နည်း

712

မန္တလေး၊မတ်

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁ဝ,ဝဝဝ ကျော်ရှိပြီး အာဆီယံတွင် သက်နုမြေသားတောင်များ အနက် အမြင့်ဆုံးအဖြစ် သတ်မှတ်ခြင်းခံထားရသော ခေါ်နူးစုမ်(ခေါ်) နတ်မတောင်တွင် ယခုမတ်လအတွင်း ခရီးသွားနည်းပါးလာသည့်အတွက် တောင်တက်ဆိုင်ကယ် Taxi များဝင်ငွေလျော့နည်းလာကြောင်း သိရှိရသည်။

”ဒီဇင်ဘာလနဲ့ဇန်နဝါရီလ မှာ ပြည်တွင်း၊ပြည်ပခရီးသွားအများဆုံးရာသီဖြစ်လို့ အဲဒီအချိန်တုန်းကတော့ တစ်ရက်ကို ၄ ခေါက် ၅ ခေါက်ပြေးရတယ်၊ အခု မတ်လထဲကျတော့ ခရီးသွားနည်းလာလို့ တစ်ရက်မှ ၂ ခေါက်ကမိုင်ကုန်ပဲ၊ တစ်ချို့ရက်တွေတစ်ခေါက်ပဲဆွဲရတဲ့ရက်တွေဆို ဆီဖိုးတောင် အနိုင်နိုင်ရယ်”ဟု နတ်မေတာင်ဆိုင်ကယ် Taxi အသင်း(ယာ ယီ)မှ ဦးဟာအွမ်းက ပြောကြားသည်။

နတ်မတောင်ထိပ်သို့ကန်ပက်လက်မြို့မှတဆင့်သွားလာရပြီး ထိုသို့သွားလာရာတွင်လည်း ၁၂ မိုင် ခရီးတွင် ၁ဝ မိုင်ထိသာ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ သွားလာနိုင်၍ ကျန်၂မိုင်ခရီးကို ဆိုင်ကယ်များသာ တက်ခွင့်ပေးထားကြောင်း၊ထို့ကြောင့် ၁ဝ မိုင်လမ်းဆုံမှ ကျန် ၂ မိုင်ခရီးကို ဆိုင်ကယ် Taxi များနှင့် တဆင့်သွားလာရသော်လည်း ယခုဖေဖော်ဝါရီလတွင် ခရီးသွား ဝင်ရောက်မှုနည်းပါးလာသောကြောင့် ဝင်ငွေလျော့နည်းလာခြင်းဖြစ်ကြောင်း နတ်မတောင် ဆိုင်ကယ် Taxi အသင်းမှသိရ သည်။

”ကန်ပက်လက်နဲ့ နတ်မတောင်က ၁၂ မိုင် တောင်တက်ခရီး မှာ ၁ဝ မိုင်ထိပဲ မော်တော်ယာဉ်တွေ သွားခွင့်ပြုထားတယ်၊ ၂ မိုင်ခရီးက တောင်ကမတ်ပြီး လမ်းဆိုးလို့ ဆိုင်ကယ်တွေပဲ တက်ခွင့်ရတယ်၊ အဲဒီ ၂မိုင်ခရီးကို လမ်းလျှောက်နိုင်တဲ့သူကတော့ လမ်းလျှောက်ပေါ့၊ လမ်းမလျှောက်နိုင်တဲ့သူကတော့ ဆိုင်ကယ် Taxi ငှားပေါ့၊ခရီးသွားကုမ္ပဏီတွေက လာရင်တော့ခြေလျင်တက်ကြတာများလို့ Taxi သိပ်မလိုက်ရဘူး၊ ဒီရက်ပိုင်း ပြည်တွင်းခရီးသွားလောက်ပဲနည်းနည်းကျန်တော့တယ်၊ပြည်ပခရီးသွားက အတော်လေးနည်းသွားပြီ”ဟု နတ်မတောင်တွင် ဆိုင်ကယ် Taxi ပြေးဆွဲနေသူ ကန်ပက်လက်မြို့ခံ ကိုတမ်ကယ်ကဆိုသည်။

နတ်မတောင်တွင် ယခင်နှစ်များက တောင်ထိပ်ထိဆိုင်ကယ်များ တက်ခွင့်ပေးထားသော်လည်း ၂ဝ၁၇ ခုနှစ်မှစ၍ တောင်ထိပ်ရောက်ခါနီး ကိုက် ၃ဝဝ အလိုခန့် တွင် ဆိုင်ကယ်များပါတက်ခွင့်ပိတ်ပင်ခဲ့ပြီး ခရီးသွားများအားလုံးခြေလျင်ဖြင့်တဆင့်သွားလာကြရ သည်။

ထို့ပြင် နတ်မတောင်တွင် ဆိုင်ကယ် Taxi များကိုလည်း KenBo 125 R ဆိုင်ကယ်အမျိုးအစားဖြင့်သာ ပြေးဆွဲခွင့်ပြုထားပြီး ဆိုင်ကယ်ဖြင့်တက်လိုသူများအား တစ်ဦးလျှင် အသွားအပြန် ကျပ် ၁ဝ,ဝဝဝ နှုန်းထားဖြင့် ပြေးဆွဲလျက်ရှိကြောင်း အဆိုပါ ဒေသခံ များထံမှ သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here