နတ်မတောင်တက်မည့် ခရီးသွားဆိုင်ကယ်များကို ဆမီးလမ်းခွဲအထိသာ တက်ရောက်ခွင့်ပြုမည်

242

 

ကန်ပက်လက်၊ ဒီဇင်ဘာ
အရှေ့တောင်အာရှတွင် အမြင့်ဆုံး မြေသားဖုံးလွှမ်းတောင်ဖြစ်သော ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက် လက်မြို့နယ်ရှိ နတ်မတောင်သို့ တက်ရောက်မည့် ခရီးသွားဆိုင် ကယ်များကို ဆမီးလမ်းခွဲအထိ သာ တက်ရောက်ခွင့်ပြုသွားမည် ဖြစ်ကြောင်း အဆိုပါဒေသခံများ ထံမှ စုံစမ်းသိရသည်။

“ဟိုးအရင်တုန်းက နတ်မတောင်တက်မယ့် ဆိုင်ကယ်တွေ အားလုံး တောင်ထိပ်အထိ တက်ခွင့်ရတယ်၊ နောက်တော့ တောင်ထိပ်မရောက်ခင်နားမှာ အားလုံး ရပ်နားခဲ့ရတယ်၊ အခုကျတော့ အရင်တက်ရောက်ခွင့်နေရာအထိကို မောင်းခွင့်၊ တက်ရောက်ခွင့် မပေးတော့ဘဲ ဆိုင်ကယ်တွေအားလုံး ၁၁ မိုင် ၁ ဖာလုံမှာရှိတဲ့ ဆမီး လမ်းခွဲမှာထားခဲ့ရမယ်၊ ဆိုင်ကယ် တွေထားခဲ့ပြီး ကျန်တဲ့ခရီးမိုင်ကိုတော့ ခြေလျင်တက်ရောက်ခွင့်ရမယ်”ဟု ကန်ပက်လက်မြို့ခံတစ်ဦး ဖြစ်သူ ကိုစတီဗင်ထန်းလိခ်က ပြောသည်။

လက်ရှိတွင် Covid-19 ကပ်ရောဂါဖြင့် ရင်ဆိုင်နေရဆဲဖြစ်သဖြင့် နတ်မတောင်သို့ လာရောက်လည်ပတ်သူ မရှိသေးသော်လည်း ခရီးသွားများ ဝင်ရောက်လာချိန်တွင် ခရီးသွားများအတွက် သဘာဝ တောတောင်များ ကြည့်ရှုခံစားရင်း ခြေလျင်တောင်တက်နိုင်ရန် ကား၊ ဆိုင်ကယ်များ တက်ရောက်ခြင်းကို ကန့်သတ်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နတ်မတောင်သို့လာရောက် လည်ပတ်သည့် မော်တော်ကားများသည် ၁၀ မိုင်စခန်းဝန်းကျင်တွင်ထားရှိခဲ့ရမည်ဖြစ်ပြီး မော်တော် ဆိုင်ကယ်များသည် ၁၁ မိုင် ၁ ဖာလုံရှိ ဆမီးလမ်းခွဲ၌ ထားရှိခဲ့ရ မည်ဖြစ်ကာ အရေးပေါ်ယာဉ်များ နှင့် လုပ်ငန်းဆောင်ရွက်ရန် လို အပ်သည့်ယာဉ်များကိုသာ တက်ရောက်ခွင့်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဒေသခံများထံမှ ထပ်မံသိရ သည်။

“အဓိက ကတော့ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ပီပီပြင်ပြင် ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်တယ်၊ ဒါကြောင့် နတ်မတောင်တက်မယ့် မော်တော်ယာဉ်တွေကို တက်ရောက်ခွင့် ကန့်သတ်လိုက်ရတာ” ဟု ကန်ပက်လက်မြို့နယ် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ကော်မတီဝင်တစ်ဦးက ဆိုသည်။

ချင်းပြည်နယ် တောင်ပိုင်းဒေသ ကန်ပက်လက်မြို့နယ်အတွင်း တည်ရှိသော နတ်မတောင်သည် အမြင့်ပေ ၁၀,၅၀ဝ ပေရှိကာ အရှေ့တောင်အာရှတွင် အမြင့်ဆုံး မြေသားဖုံးလွှမ်းတောင်လည်းဖြစ်သည်။ အဆိုပါဒေသခံများကမူ ခေါ်နူးစုမ်ဟုခေါ်ဆိုကြပြီး အင်္ဂလိပ်အစိုးရလက်ထက်တွင် ဝိတိုရိယတောင်ဟု ပြောင်းလဲခေါ်ဆိုခဲ့ရာ မှ ယခုအခါတွင်မူ အများစုက နတ်မတောင်ဟု ခေါ်တွင်ကြသည်။

နတ်မတောင်သည် မြန်မာနိုင်ငံတွင် ပြည်တွင်း၊ ပြည်ပ ခရီး သွားလာရောက်မှုအများဆုံးနေရာ တစ်ခုဖြစ်ပြီး နှစ်စဉ် ဒီဇင်ဘာလမှ ဧပြီလအတွင်း ခရီးသွားဝင်ရောက်မှု အများဆုံးဖြစ်သလို လတ်တလော တွင် Covid-19 ကပ်ရောဂါကာလ ဖြစ်သဖြင့် ခရီးသွားလာရောက်မှု မရှိသေးကြောင်း အဆိုပါဒေသခံများက ထပ်မံပြောဆိုသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here