ဓာတ်ဆီအင်ဂျင် တစ်မျိုးတည်းသာရနိုင်တဲ့ 2019 Volkswagen Arteon R-Line

836

နာမည်ကျော် Volkswagen ကားလုပ်ငန်းစုကြီးဟာ Volkswagen CC မိုဒယ်ရဲ့ ဆက်ခံသူကားမိုဒယ်သစ်

Arteon ကို ပိုအဆင့်မြင့်တဲ့ မိုဒယ်တစ်ခုအဖြစ် ၂၀၁၇ ခုနှစ်ကမှ စတင်ထုတ်လုပ်ဈေးကွက်တင်ခဲ့ပါတယ်။

အခုနှစ်မှာ ထပ်တိုးအဆင့်မြှင့်တင်ထုတ်လုပ်လိုက်တဲ့ ၂၀၁၉ မိုဒယ် Arteon  မှာတော့ အဆင့်မြင့် R-Line

ဗားရှင်းလည်း ပါ၀င်လာပြီး ၂၀၁၈ ခုနှစ်ရဲ့ နယူးယော့ခ်နိုင်ငံတကာကားပြပွဲကြီးမှာ တရား၀င်ပွဲထုတ်ပြသ ခဲ့ပါတယ်။ ကားကိုယ်ထည်ရော အတွင်းခန်းကိုပါ ထပ်တိုးမွမ်းမံထားတဲ့ R-Line ဟာ Arteon ကားမိုဒယ်တွေထဲမှာ အဆင့်အမြင့်ဆုံးလို့ ဆိုနိုင်ပါတယ်။ 2019 Volkswagen Arteon R-Line ဆီဒန်ကားမိုဒယ်သစ်ကို လာမယ့် ၂၀၁၈ ခုနှစ်၊ ဆောင်းဦးရာသီမှာ ဈေးကွက်တင်ရောင်းချဖို့ စီစဉ်ထားပါတယ်။

စက်စွမ်းရည်

Arteon R-Line မိုဒယ်သစ်ဟာ စက်စွမ်းရည်ပိုင်းမှာ သမားရိုးကျ Arteon မိုဒယ်နဲ့ သိပ်မကွာခြားလှပေမဲ့ Arteon လို ဒီဇယ်အင်ဂျင်ကိုပါ မရနိုင်ဘဲ ဓာတ်ဆီအင်ဂျင်တစ်မျိုးတည်းကိုသာ ရရှိနိုင်ပါတယ်။ Arteon R-Line မှာ မြင်းကောင်ရေ ၂၇၆ ကောင်အား 2.0 Liter ဆလင်ဒါလေးလုံးထိုး ဓာတ်ဆီအင်ဂျင် တပ်ဆင်ပေးထားပါတယ်။ အင်ဂျင်က ထုတ်လုပ်ပေးလိုက်တဲ့ စွမ်းအင်တွေကိုတော့ Dual-Clutch  ဂီယာခုနစ်ချက်ကနေတစ်ဆင့် ကားဘီးတွေဆီ ပို့လွှတ်မောင်းနှင်စေမှာပါ။ R-Line မှာ VW ရဲ့ နာမည်ကျော် 4 Motion လေးဘီးယက်စနစ်ကိုလည်း Option တစ်ခုအဖြစ် ရွေးချယ်နိုင်ပါတယ်။ ကားရဲ့ အမြင့်ဆုံးအမြန်နှုန်း က တစ်နာရီကို ၁၅၅ မိုင်နှုန်းဖြစ်ပြီး ၅ ဒသမ ၆ စက္ကန့်အတွင်းမှာ သုညမိုင်ကနေ တစ်နာရီ မိုင်ခြောက်ဆယ်နှုန်းရောက်အောင် အရှိန်မြှင့်တင်နိုင်ပါတယ်။ ဆီစားနှုန်းအနေနဲ့ မြို့တွင်းမှာ တစ်ဂါလန် ၂၅ ဒသမ ၆ မိုင်နဲ့ အေ၀းပြေးလမ်းမှာ တစ်ဂါလန် ၃၈ ဒသမ ၆ မိုင် အသုံးပြုနိုင်ပြီး စုစုပေါင်းဆိုရင် တစ်ဂါလန် ၃၂ ဒသမ ၂ မိုင်နှုန်းအထိ အသုံးပြုမောင်းနှင်နိုင်ပါတယ်။

တည်ဆောက်ပုံ

ခေတ်သစ်ဆီဒန်ကားတွေလို တံခါးလေးပေါက်နဲ့ Fastback ကိုယ်ထည်ပုံစံ ဖန်တီးတည်ဆောက်ထားတဲ့ Arteon R-Line မိုဒယ်ဟာ တခြား R-Line မိုဒယ်ကားတွေနဲ့ သိပ်မကွာခြားပါဘူး။ ကားရှေ့မျက်နှာစာက ဘမ်ပါမှာပဲ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေကို တွေ့မြင်နိုင်ပါတယ်။ ရိုးရိုး Arteon မိုဒယ်မှာ ကားရှေ့ဘမ်ပါရဲ့ ဘေးစွန်းနှစ်ဖက်က လေစုပ်ပေါက်တွေကို ခရိုမီယမ်ရောင်အပြင်အဆင်နဲ့ ခပ်ရိုးရိုးဖန်တီးထားပေမဲ့ R-Line မှာတော့ C ပုံစံဖန်တီးထားတဲ့ အနက်ရောင်အစိတ်အပိုင်းနဲ့ ပေါင်ခတ်ထားပါတယ်။ အဓိကလေစုပ်ပေါက်ရဲ့ ၀န်းကျင်က ကိုယ်ထည်ပြားတွေကိုလည်း ထပ်တိုးမွမ်းမံထားတာကြောင့် ရှဲလ်(Grille)ပေါင်နဲ့ တစ်ဆက်တည်းဖြစ်စေပြီး ဘေးဘက်လေစုပ်ပေါက်တွေကိုလည်း အဓိကလေစုပ်ပေါက်ကြီးနဲ့ သီးခြားစီဖြစ်သွားစေပါတယ်။ R-Line အထူးမိုဒယ်တစ်ခုမှန်းသိသာစေဖို့ ညာဘက်ကားရှေ့မီးနဲ့ အနီးကပ်ဆုံးနေရာက ရှဲလ် ဘားတန်းပေါ်မှာ အရွယ်အစားသေးငယ်တဲ့ R အမှတ်တံဆိပ်လိုဂိုကို တပ်ဆင်ထားပါတယ်။ ကောက်ကြောင်းလှပတဲ့ ကားဘေးဘက်က ပြေပြစ်တဲ့ ကားဘီးခုံးတွေအောက်မှာတော့ ၁၉ လက်မ၊ ဒါမှမဟုတ် လက်မ နှစ်ဆယ် အရွယ် Multi-Spoke ဒီဇိုင်း အလူမီနီယမ်ကားဘီးသစ်တွေ တပ်ဆင်ထားပြီး မီးခိုးရင့်ရောင်မှိုင်းမှိုင်း ဆေးခြယ်ထားပါတယ်။ ခေတ်သစ်ဆီဒန်ကားတွေရဲ့ ထုံးစံအတိုင်း ကားနောက်ပိုင်းကို Coupe ကိုယ်ထည်ပုံစံလို ခပ်တိုတို ဖန်တီးတည်ဆောက်ထားပါတယ်။ ကားအနောက်ဘက်ကို ခပ်ပါးပါးပဲ မွမ်းမံထားပြီး Arteon ရဲ့ ကိုယ်ထည်ရုပ်ထွက် မသိမသာ ပြောင်းလဲစေဖို့ ကားနောက်ဖုံးအစွန်းပေါ်က လေပင့်အားထိန်း တောင်ပံငယ်ကို ရွှန်းစိုလှတဲ့ အနက်ရောင်ဆေးခြယ်ထားပါတယ်။ ကား နောက်မီးတွေရဲ့ကြားက ကိုယ်ထည်နေရာလွတ်ပေါ်မှာ VW အမှတ်တံဆိပ်လိုဂိုနဲ့ Arteon မိုဒယ်အမည်ကို အထင်အရှား ရေးထိုးတပ်ဆင်ထားပြီး 4 Motion လေးဘီးယက်စနစ်နဲ့ဆိုရင်တော့ ကားနောက်မီးတစ်ဖက်ရဲ့ အောက်နားမှာ 4 Motion အမှတ်တံဆိပ်လိုဂို ပါ၀င်ပါတယ်။ စွမ်းဆောင်ရည်အသားပေးတဲ့ ကားကိုယ်ထည်အသွင်ဖန်တီးပေးထားတဲ့ Arteon R-Line ရဲ့ ဒီဇိုင်းအပြင်အဆင်သစ်တွေဟာ ကားရဲ့ ရုပ်ထွက်ကို ပိုပြီးထင်ရှားပေါ်လွင်စေပါတယ်။

အတွင်းခန်း

ခရီးသည်ငါးယောက် လိုက်ပါစီးနင်းနိုင်တဲ့ Arteon R-Line ရဲ့ ကားအတွင်းခန်းမှာတော့ ကားထိုင်ခုံတွေမှာတင်မကဘဲ စတီယာရင်နဲ့ ဂီယာတံထိပ်ကိုပါ ချုပ်ရိုးလိုင်းလေးတွေနဲ့ တန်ဆာဆင်ထားပြီး ကားဒက်ရှ်ဘုတ်နဲ့ ကားတံခါးအတွင်းဘက်ကိုတော့ သတ္တုသားပုံစံ ဖန်တီးထားပါတယ်။ Leather အကောင်းစား ဆင်ယင်ထားတဲ့ ကားထိုင်ခုံတွေရဲ့ ကျောမှီနေရာမှာ R-Line ရဲ့ အမှတ်တံဆိပ်လိုဂိုအဖြစ် R စာလုံးကို ခတ်နှိပ်ရေးထိုးထားပြီး ကားတံခါးအောက်ခံပေါင်မှာတော့ R-Line လိုဂို စာသားကို Stainless Steel နဲ့ ဖန်တီးပေးထားတာကြောင့် ကားရဲ့ ပေါ့ပါးသွက်လက်တဲ့အသွင်ကို ပိုပြီးပေါ်လွင်စေပါတယ်။ ဒါ့ပြင် သတင်း အချက်အလက်နဲ့ ဖျော်ဖြေရေးအတွက် ကားအတွင်းမှာပါ၀င်တဲ့ MIB-II Infotainment System ရဲ့ ဖန်သားပြင်ကို စဖွင့်ဖွင့်ချင်းမှာလည်း R-Line လိုဂိုစာတန်းကို တွေ့မြင်ကြရမှာပါ။ အဆင့်မြင့်မြင့် မွမ်းမံထားတဲ့ ခေတ်သစ်ဇိမ်ခံကားတစ်စီးပီပီ ကားအတွင်းမှာ ခေတ်မီအဆင့်မြင့်တဲ့ ကားအတွင်းခန်းနည်းပညာတွေ အစုံအလင်ပါ၀င်ပါတယ်။

ဈေးနှုန်းနှင့် ပြိုင်ဘက်

၂၀၁၈ ခုနှစ် ဆောင်းဦးရာသီမှာ ဈေးကွက်တင်ရောင်းချမယ့် 2019 Volkswagen Arteon R-Line ဇိမ်ခံဆီဒန်ကားသစ်ရဲ့ ဈေးကို အတိအကျ မသိရသေးပေမဲ့ ကျွမ်းကျင်သူတွေကတော့ VW CC မိုဒယ်ရဲ့ ဈေးနဲ့ သိပ်မကွာလှဘဲ အမေရိကန်ဒေါ်လာ ၃၄,၅၀၀ နဲ့ အထက်ရှိမယ် လို့ ခန့်မှန်းထားကြပါတယ်။ ဇိမ်ခံဆီဒန်ကားဈေးကွက်မှာ VW Arteon နဲ့ အဓိကပြိုင်ဘက်ဖြစ်လာနိုင်တာကတော့ Acura TLX  ၊ Lexus ES ၊ Infiniti Q50 နဲ့ Audi A5 Sportback တို့ပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here