ဒေါ်လာစျေး စံချိန်တင်မြင့်တက်နေခြင်းကြောင့် Brand New ကားများနှင့် စတိနံပါတ်ကားများ အရောင်းအဝယ်အေးသွားသည့် ရန်ကုန်ကားစျေးကွက်

696
Page(Test)

သြဂုတ်လအတွင်း ဒေါ်လာစျေးများ စံချိန်တင် မြင့်တက်နေခြင်းနှင့်အတူ မော်တော်ယာဉ် ဝယ်ယူတင်သွင်းမှုအပေါ် ပေးဆောင်ရသည့် အခွန်နှုန်း ထားများလည်း များပြားသွားသည့်အတွက် ပြည်ပမှ ကားတင်သွင်းမှုမှာ သိသိသာသာ လျော့နည်းသွားခဲ့သည်။ ထို့ပြင် ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူတင်သွင်းခွင့်ပေးမည့် YVQC စနစ်ကလည်း ထွက်ပေါ်မလာသေး သည့်အတွက် Brand New ကားစျေးကွက်မှာလည်း ကောင်းမွန်လာခြင်း မရှိသေးပေ။ NLD အစိုးရ စတင်တက်ရောက်သည့်အချိန်မှစ၍ ၂ နှစ် ကျော် ပိတ်ထားခဲ့သည့် ရန်ကုန်လိုင်စင်ကားတင်သွင်းခွင့်မူဝါဒကို YVQC စနစ်ဖြင့် ခွင့်ပြုပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြထားသော်လည်း ထူးခြားမှုမရှိသေးသောကြောင့် ကားသစ်စျေးကွက်မှာလည်း အေးစက်နေခြင်း ဖြစ်သည်။

‘‘ကားအသစ် တင်သွင်းရောင်းချရေးလုပ်ငန်းရှင်များအသင်း အနေ နဲ့ YVQC စနစ်ကို အမြန်ဆုံးခွင့်ပြုပေးဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအ စိုးရအဖွဲ့ကို တင်ပြထားပါတယ်၊ အခုအချိန်မှာ အမေရိကန်ဒေါ်လာစျေးတွေ မြင့်တက်နေတဲ့အတွက် ပြည်ပကနေ ကားသစ်တွေ တင်သွင်းရောင်းချဖို့ ခေတ္တရပ်ထားပါတယ်၊ ဒေါ်လာစျေးတွေမြင့်တက်ပြီး ရန်ကုန်လိုင်စင်နဲ့လည်း ရောင်းချလို့မရတဲ့အတွက် ကားသစ် တင်သွင်းရောင်းချသူတွေအနေနဲ့ အခက်အခဲတွေရှိနေပါတယ်’’ဟု ‘Automotive Association of Myanmar အသင်း’ ဒုတိယဥက္ကဋ ဦးအေးထွန်းက ဆိုသည်။

အမေရိကန်ဒေါ်လာစျေးများ မြင့်တက်နေခြင်းကြောင့် ဒေါ်လာပေါက် စျေးနှင့် တွက်ချက်ပြီး ပေးဆောင်နေရသည့် အခွန်နှုန်းထားများလည်း ယခင်ထက် ပိုများသွားရာ စတိနံပါတ်ကား ဝယ်ယူမှုများလည်း လျော့ နည်းသွားခဲ့သည်။ ဒေါ်လာစျေးမြင့်တက်ပြီး ကားတင်သွင်းမှုများ လျော့ နည်းသွားချိန်တွင် အခြေအနေအမျိုးမျိုးအပေါ်၌ စျေးနှုန်းအပြောင်းအလဲ မရှိသော ပြည်တွင်းထုတ် CKD ၊ SKD ကားများသာ ဝယ်လိုအားများ နေသည်။ ဒေါ်လာစျေး မြင့်တက်မှုကြောင့် တင်သွင်းမည့်ကားတန်ဖိုး၊ သယ်ယူစရိတ်နှင့် ပေးဆောင်ရမည့်အခွန်များ မြင့်တက်သွားသော်လည်း ပြည်တွင်းထုတ်ကားများမှာ စျေးနှုန်းအပြောင်းအလဲ မရှိသည့်အပြင် ရန်ကုန်လိုင်စင်လည်း ရရှိသောကြောင့် တစ်ပတ်ရစ်ကားများထက် ဝယ်လို အား ပိုများနေခြင်း ဖြစ်သည်။

‘‘လက်ရှိအခြေအနေအရ အရောင်းအဝယ်တွေ ပြန်ကောင်း မလာ သေးပါဘူး၊ ဒီအချိန်မှာ တစ်ပိုင်တစ်နိုင် တင်သွင်းရောင်းချဖို့အတွက်လည်း မလွယ်ကူတော့ပါဘူး၊ ပြည်ပကနေ တစ်ပတ်ရစ်ကားတင်သွင်းမယ်ဆိုရင် ဘယ်မောင်းကားတစ်မျိုးတည်းကိုသာ တင်သွင်းရမယ်ဆိုတဲ့ မူဝါဒနဲ့ ဒေါ် လာစျေး မြင့်တက်နေတဲ့အတွက် တော်တော်များများက ကားတင်သွင်းမှု ကို ရပ်နားထားပါတယ်၊ နံပါတ်ထွက်ပြီးသား ကားဟောင်းတွေကျတော့ လည်း ယာဉ်မှန်၊ မမှန်စစ်ဖို့ အချိန်ပေးရတဲ့အတွက် အရောင်းအဝယ် သိပ်မဖြစ်ပါဘူး၊ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိတဲ့သူတွေလောက်ပဲ အရောင်း အဝယ်ဖြစ်ပါတယ်၊ အခြေအနေတွေ ပြောင်းလဲနေပေမဲ့ ပြောင်းလဲမှုအပေါ် လိုက်မပြောင်းတဲ့ ပြည်တွင်းထုတ် SKD ကားတွေကတော့ အရောင်း အဝယ် ပုံမှန်ရှိပါတယ်’’ဟု ‘Suzuki Mega6 Showroom’မှ ဒါရိုက်တာ ကိုကျော်မင်းထွန်းက ဆိုသည်။
ရန်ကုန်မြို့အပါအဝင် အခြားမြို့ကြီးများတွင် ဖွင့်လှစ်ထားသော Brand New Car Showroom ၂၅ ခုကျော် ရှိသော်လည်း ကားသစ် စျေးကွက်မှာ ဝေစုတိုးလာခြင်းမရှိဘဲ ပြည်တွင်းထုတ် CKD ၊ SKD ကားများသာ အရောင်းအဝယ်ဖြစ်နေသည်။ ရန်ကုန်လိုင်စင် နံပါတ်ထွက် ပြီးသား ၁၃ဝဝ စီစီကားများမှာ အဝယ်ပြန်လိုက်လာသော်လည်း ယာဉ်ပိုင်ရှင်များက ကြိုက်စျေးရမှသာ ရောင်းချမှုပြုလုပ်သောကြောင့် အရောင်း အဝယ် ဖြစ်ရန် ခက်ခဲနေသည်။

‘‘ဒီရက်ပိုင်းမှာ နံပါတ်ထွက်ပြီးသား ၁၃ဝဝ စီစီကားတွေ အဝယ်ပြန် ဆင်းလာပါတယ်၊ ယာဉ်စစ်ဖို့အချိန်ပေးရတဲ့အတွက် အဝယ် ၁ဝ ဦး လောက်မှာ ငါးဦးလောက်ပဲ အရောင်းအဝယ်ဖြစ်တယ်၊ ဒေါ်လာစျေးတက် လို့ စတိနံပါတ်ကားတွေ စျေးတက်သွားပေမဲ့လည်း နံပါတ်ထွက်ပြီးသား ကားတွေက စျေးအများကြီးတင်ပြီး မရောင်းရဲဘူးဖြစ်နေတယ်၊ စီးပွားရေး အခြေအနေတွေ ကျဆင်းနေတဲ့အတွက်လည်း တကယ်လိုအပ်တဲ့သူတွေ လောက်ပဲ လာဝယ်ကြတော့ ရန်ကုန်လိုင်စင်ထဲက သိန်းနှစ်ရာဝန်းကျင် ကားလေးတွေလောက်ပဲ အရောင်းအဝယ်အဖြစ်များပါတယ်’’ဟု ကား ဝယ်/ရောင်း ဦးတင်အောင်က ဆိုသည်။

လာမည့် အောက်တိုဘာလအတွင်း Suzuki Motor Myanmar မှ Suzuki Swift ကဲ့သို့ ကားအမျိုးအစားကို ကျပ်သိန်းနှစ်ရာဝန်းကျင်ဖြင့် ရောင်းချပေးမည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက်လည်း ၁၃ဝဝ စီစီကားဝယ်ယူမည့်သူများက ယင်းကားထွက်ပေါ်လာမည့်အချိန်ကို စောင့် ကြည့်နေကြသည်။ Brand New ကားများထဲတွင် CKD ၊ SKD ကားများသာ ဝယ်လိုအားများပြီး အခြားကားသစ်ရောင်းချသူများမှာ နယ်စျေး ကွက်ကိုသာ အားထားနေရသည်။ YVQC စနစ် အမြန်ဆုံးအကောင်အထည် ဖော်ရန်အတွက်လည်း ကားသစ်တင်သွင်းရောင်းချသူများအသင်း AAM က ဦးစီးပြီး ကားလောကနှင့်သက်ဆိုင်သည့်သူများကို ဖိတ်ခေါ်ကာ B4B Forum အစီအစဉ်တစ်ခုကို ပြုလုပ်ရန်လည်း စီစဉ်နေသည်။ ကားသစ် တင်သွင်းရောင်းချသူများက ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူတင်သွင်းခွင့် ကို လာမည့် အောက်တိုဘာလအတွင်း ခွင့်ပြုပေးရန် မျှော်မှန်းထားကြောင်း သိရသည်။

ဒေါ်လာစျေး မြင့်တက်နေခြင်းကြောင့် စတိနံပါတ်ကားများ၏ အရောင်းအဝယ်မှာ အေးစက်နေပြီး ဝယ်လိုအားနည်းသွားခြင်းကြောင့် စလစ်စျေးများလည်း အနည်းငယ်ကျဆင်းသွားခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင် လအတွင်းက ရန်ကုန်လိုင်စင် သက်တမ်းနှစ်နှစ်ဆယ်စလစ်သည် သိန်း ၁၃ဝ ပေါက်စျေးရှိခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ကျပ် ၁၂၅ သိန်း အထိ ကျဆင်းသွားခဲ့သည်။ သက်တမ်းနှစ်နှစ်ဆယ်စလစ်စျေးများ ကျ ဆင်းသွားခြင်းနှင့်အတူ တိုက်ကြေစလစ်စျေးလည်း ကျပ် ၁၁၅ သိန်း ဝန်းကျင်အထိ ကျဆင်းသွားကြောင်း ကားစျေးကွက်ထဲမှ သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here