ဒေါ်လာစျေးများ တစ်ဟုန်ထိုးမြင့်တက်မှုကြောင့် ဂျပန်လေလံဖြင့်တင်သွင်းသည့် ဆိုင်ကယ်လုပ်ငန်းအချို့ ယာယီရပ်ဆိုင်း

455

မန္တလေး၊ သြဂုတ် ၂၁
ဒေါ်လာစျေးများ တစ်ဟုန်ထိုးမြင့် တက်မှုနှင့်အတူ ဂျပန် ယန်းငွေစျေး ပါ ဆက်တိုက်တက်နေသောကြောင့် ဂျပန်လေလံဖြင့် တင်သွင်းသည့်Harley-Davidson ၊ ရှဲဒိုးစသော ဆိုင်ကယ်များရောင်းဝယ်သည့် လုပ်ငန်းအချို့ ယာယီရပ်ဆိုင်းထားရ ကြောင်း သိရသည်။
‘‘ဒေါ်လာစျေးက တအား တက်တော့ ဂျပန်ယန်းစျေးပါ ထိုးတက်သွားတယ်၊ ဆိုင်ကယ်တစ်စီး ကို မြန်မာငွေနဲ့ သိန်း ခုနစ်ဆယ် ကနေ သိန်း တစ်ရာကျော် ဆိုင်ကယ်တွေဆိုတော့ ငွေစျေး အပြောင်းအလဲမှာ တအားသိသာတယ်၊ တစ်ခေါက် စျေးကြီးမိလိုက်ရင်ကို ပြန်ရောင်းရတာ ခက်တော့ အခု ဂျပန်လေလံသွင်းတာတွေ ရပ်ထားတယ်’’ဟု လေလံဆိုင်ကယ်ဘီးကြီး များရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ မန္တလေးမြို့ခံ ကို အောင်လေးက ပြောကြားသည်။
ယခု ၂ဝ၁၈ ခုနှစ် နှစ်လယ် အထိ ဂျပန်လေလံ ဘီးကြီးဆိုင် ကယ်များဖြစ်သော Harley-Davidson ၊ ရှဲဒိုး စသည့် ဆိုင်ကယ် များကို ပုံမှန်တင်သွင်းမှုရှိပြီး ယခု သြဂုတ်လအတွင်း ဒေါ်လာစျေးနှင့် ဂျပန်ယန်းစျေးများ ထိုးတက်သွား မှုကြောင့် တင်သွင်းမှုယာယီရပ်ဆိုင်း လိုက်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ယခု နှစ်တွင် မိုဒယ်နိမ့် Harley-Davidson နှင့် ရှဲဒိုး ဆိုင်ကယ်များမှာ စံချိန်တင် အရောင်းအေးနေပြီး ငွေ စျေးတက်ချိန်တွင် ဆိုင်ကယ်များ ဝယ်၍ လှောင်ထားရပါက နောင် တစ်ချိန် ငွေစျေးကျချိန်၌ များစွာ အရှုံးပြနိုင်ကြောင်း ဂျပန်လေလံဘီး တင်သွင်းနေသူများက ပြောသည်။
‘‘အရင်နှစ်တွေကဆို ကိုးလ ပိုင်းထဲနဲ့ ၁၂ လပိုင်းထဲ Bike Week ပွဲတွေရှိတော့ လစဉ်ပုံမှန် ရောင်းရတယ်၊ ဒီနှစ် တစ်လ တစ် စီး ရောင်းရဖို့တောင် မသေချာဘူး ဖြစ်နေတယ်၊ အရောင်းပါးနေတာ ကြီးကို ငွေစျေး တအားထိုးတက် နေချိန်မှာ ဘီးတွေ အများကြီး ဝယ်လှောင်ထားမိရင် ငွေအိပ်ပြီး လုပ်ငန်း Jam ဖြစ်ကုန်မှာကြောင့် အခု တင်သွင်းမှုရပ်ထားတယ်၊ လော လောဆယ်တော့ အရင်သွင်းထား တဲ့ လက်ကျန်ဘီးကြီးတွေပဲ ရောင်း ပေးနေတယ်’’ဟု ဂျပန်လေလံ ဘီး ကြီးဆိုင်ကယ်များ ရောင်းဝယ်ရေး လုပ်ကိုင်နေသူ မန္တလေးမြို့ခံ ကို ရှမ်းလေးက ဆိုသည်။
လက်ရှိ မန္တလေးမြို့တွင် ဂျပန် လေလံဖြင့် တင်သွင်းထားသော မိုဒယ်နိမ့် Harley-Davidson ၊ ရှဲဒိုး စသည့် ဆိုင်ကယ်များမှာ စံချိန် တင် အရောင်းအေးနေပြီး ၂ဝ၁၅ နှင့် ၂ဝ၁၆ မိုဒယ် Harley-Davidson ဆိုင်ကယ်တစ်စီးလျှင် ကျပ် သိန်း နှစ်ရာဝန်းကျင်၊ ၂ဝဝ၈ မှ ၂ဝ၁ဝ မိုဒယ်ကြား ရှဲဒိုး ဆိုင်ကယ် တစ်စီးလျှင် ကျပ်သိန်း ခုနစ်ဆယ်မှ သိန်း ရှစ်ဆယ်ကြား စသော စျေးအသီးသီး ပေါက်နေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here