ဒေါ်လာစျေးကျဆင်းသဖြင့် ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များ ကျပ် ငါးသောင်း၀န်းကျင် စျေးကျ

182

 

မန္တ​လေး၊ ​အောက်တိုဘာ ၁၀

ယခုရက်ပိုင်း အမေရိကန်ဒေါ်လာမှ မြန်မာငွေ လဲလှယ်နှုန်း ဆက်တိုက်ကျဆင်းနေသဖြင့် ထိုင်း Honda Click ၊ Scoopyi ဆိုင်ကယ်များ ကျပ် ငါးသောင်း၀န်းကျင် စျေးကျဆင်းသွားကြောင်း မန္တလေးမြို့ ဆိုင်ကယ်အရောင်းပြခန်းများမှ သိရသည်။

“ဒီရက်ပိုင်း ဒေါ်လာစျေး ဆက်တိုက်ကျလာတာရယ်၊ Covid-19 ကာလမှာ ဆိုင်ကယ်တွေ အ၀ယ်မရှိတာရယ်ကြောင့် တစ်စီးကို ကျပ်ငါးသောင်းလောက် ကျလာတယ်၊ ထိုင်းဘက်မှာ ၀ယ်ရင်းစျေးက မကျဘူး၊ အဓိက ဒေါ်လာစျေးကျလို့ ရောင်းစျေးကျသွားတာ” ဟု မန္တလေးမြို့ JIAFA Trading ကုမ္ပဏီ Managing Director ကိုဘိုဘိုမြတ်ကျော်က ပြောကြားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ထိုင်းနိုင်ငံ၌ ၂၀၂၁ မိုဒယ် ထိုင်း Honda Click ဆိုင်ကယ်များ စတင်ထွက်ရှိလာပြီး ပြည်တွင်းစျေးကွက်သို့ ယခုလမကုန်မီ ရောက်ရှိမည်ဟု ခန့်မှန်းမှုများလည်းရှိနေသည်။ ထိုသို့ ၂၀၂၁ မိုဒယ် ထိုင်း Honda Click ဆိုင်ကယ်များ ပြည်တွင်းစျေးကွက်အတွင်းသို့ မကြာမီ ၀င်ရောက်လာတော့မည်ဖြစ်၍ ကျပ် ငါးသောင်း၀န်းကျင် စျေးကျဆင်းခြင်းမျိုးမဟုတ်ဘဲ ဒေါ်လာစျေးအပြောင်းအလဲနှင့် Covid-19 ကာလ အ၀ယ်မရှိမှုကြောင့် စျေးကျခြင်းဖြစ်ကြောင်း မန္တလေးမြို့ခံ ဆိုင်ကယ်ရောင်း၀ယ်ရေး လုပ်ငန်းရှင်အချို့က သုံးသပ်သည်။

“၂၀၂၁ မိုဒယ် Click အပြောင်း ထွက်လို့ စျေးကျတာမဟုတ်ဘူး၊ အခုဟာက Click တစ်ခုတည်း စျေးကျတာမဟုတ်ဘဲ တခြား ထိုင်းဆိုင်ကယ်အမျိုးအစားအစုံပါ စျေးလိုက်ကျတာ” ဟု မန္တလေးမြို့ Moto Shan Lay ဆိုင်ကယ်အရောင်းပြခန်း ဖွင့်လှစ်ထားသူ ကိုရှမ်းလေးက ဆိုသည်။

အောက်တိုဘာ ၁၀ ရက်(ယ​နေ့)တွင် မန္တလေးမြို့၌ ဖြစ်​ပေါ်​နေသည့် ဆိုင်ကယ်​စျေးနှုန်းများမှာ Honda Click 125 တစ်စီးလျှင် ကျပ် ၂,၇၄၀,၀၀၀၊ Click 150 တစ်စီးလျှင် (အနက်ရောင်နှင့် အဖြူရောင်) ကျပ် ၃,၀၂၀,၀၀၀၊ Scoopyi စပုတ် (အနက်ရောင်) ကျပ် ၂,၅၀၀,၀၀၀၊ Scoopyi စပုတ် (အဖြူရောင်နှင့် အနီရောင်) ကျပ် ၂,၄၅၀,၀၀၀၊ Scoopyi ဒလက် ကျပ် ၂,၅၀၀,၀၀၀၊ Honda Super Cub ကျပ် ၄,၄၅၀,၀၀၀၊ ထိုင်းနိုင်ငံထုတ် YAMAHA MT 15 ကျပ် ၄,၄၅၀,၀၀၀ စသော နှုန်းထားများဖြင့် ရောင်းချလျက်ရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here