ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကူညီနိုင်ရန် ကလေးမြို့ မြို့မိမြို့ဖရုံး ဖွင့်လှစ်

253

 

က​လေး၊ ​မေ ၃၁

ကလေးမြို့နယ်အတွင်းရှိ လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်းများ၊ လမ်းမီးတိုင်ထွန်းညှိခြင်း စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကူညီနိုင်ရန် ကလေးမြို့ မြို့မိမြို့ဖရုံးကို မေ ၃၁ ရက်က ကလေးမြို့ ဗိုလ်ချုပ်လမ်းရှိ ကြက်ခြေနီရုံးအပေါ်ထပ်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

“အခုဆို ကလေးမြို့ ဗိုလ်ချုပ်လမ်းပိုင်း လမ်းဆုံနား လမ်းချဲ့နေတဲ့ကိစ္စမျိုးတွေ လမ်းမီးတိုင်စိုက်ထူမယ့်ကိစ္စတွေ စတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းမှန်သမျှ ကူညီနိုင်ဖို့ အခုလို ရုံးဖွင့်လှစ်လိုက်တာပါ၊ ရုံးဖွင့်ပြီးတဲ့အခါမှာလည်း မြို့မိမြို့ဖ ၃၁ ဦးစလုံးက အလှည့်ကျနဲ့ ရုံးထိုင်ပေးမှာဖြစ်သလို ဒီရုံးမှာ မြို့အတွက် လိုအပ်ချက်ရှိတာတွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဆောင်ချင်တာတွေနဲ့ပတ်သက်လို့ ပြည်သူလူထုက လာရောက်ဆွေးနွေးနိုင်ပါတယ်” ဟု ကလေးမြို့ မြို့မိမြို့ဖ ဥက္ကဌ ဦးအောင်မင်းက ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်နှင့်အညီ ကလေးမြို့ မြို့မိမြို့ဖများကို ရပ်ကွက်ပေါင်း နှစ်ဆယ်မှ ပြည်သူလူထုရွေးချယ်မှုဖြင့် ကနဦး အယောက် ​လေးဆယ်ရွေးချယ်ခဲ့ကာ လူဦးရေများပြားကြောင်း နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်ကြောင့် ယခုအခါ ၃၁ ဦးအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရ အသိအမှတ်ပြုဖြစ်သဖြင့် လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများအပါအ၀င် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဌာနဆိုင်ရာများဖြင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြို့မမြို့ဖအဖွဲ့၀င်များထံမှ သိရသည်။

“အခုလို မြို့မမြို့ဖ တရား၀င်ဖွဲ့စည်းပြီး ရုံးခန်းဖွင့်လိုက်တော့ ကျွန်တော်တို့ဌာနဆိုင်ရာတွေအတွက်ရော၊ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်တဲ့အခါမှာရော အများကြီးအားရှိပါတယ်၊ တက်ညီလက်ညီ လုပ်ဆောင်သွားမယ်လို့ ပြောချင်ပါတယ်” ဟု ကလေးခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုက ဆိုသည်။

ကလေးမြို့ မြို့မမြို့ဖအဖွဲ့တွင် ၃၁ ဦးပါ၀င်ပြီး ဥက္ကဌအဖြစ် ဦးအောင်မင်း၊ ဒုဥက္ကဌ-၁ အဖြစ် ဦးနီးလျန်ဆန်း၊ ဒုဥက္ကဌ-၂ အဖြစ် ဦးရေမွန်၊ အတွင်းရေးမှူးအဖြစ် ဦးဌေးအောင်၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဦးစိုးမြင့်၊ ဘဏ္ဍာထိန်းအဖြစ် ဦးငူးရ်လျံနာ၊ တွဲဖက်ဘဏ္ဍာထိန်းအဖြစ် ဦးအေးဖေ၊ စာရင်းစစ်အဖြစ် ဦးလားလ်ဇားလျန်နာ၊ တွဲဖက်စာရင်းစစ်-၁ အဖြစ် ဦးသိန်းတင့်၊ တွဲဖက်စာရင်းစစ်-၂ အဖြစ် ဦးလားလ်ပွီးယာတို့ကို တာ၀န်ပေးအပ်ထားပြီး ကျန်ရှိသည့်ပုဂ္ဂိုလ်များအား အဖွဲ့၀င်များအဖြစ် ပါ၀င်ဖွဲ့စည်းထားကာ ဘဏ္ဍာငွေရှာဖွေရေးဆပ်ကော်မတီ၊ သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီတို့လည်း ထည့်သွင်းဖွဲ့စည်းထားကြောင်း သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here