ကင်ညာနိုင်ငံ၌ နာမည်ကျော် ဂျပန် ဆိုင်ကယ်ကုမ္ပဏီ Honda ၏ ပထမဆုံး တည်ထောင်ဖွင့်လှစ်ခဲ့သော Honda Kenya စက်ရုံမှ ဒေသထွက်ပစ္စည်းများ အသုံးပြု၍ မော်တော်ဆိုင်ကယ်များ စတင် ထုတ်လုပ်နိုင်တော့မည် ဖြစ်ကြောင်း ဇွန် ၂၅ ရက်တွင် Standardmedia.co.ke သတင်းဝက်ဘ်ဆိုက်မှ ရေးသားဖော်ပြခဲ့သည်။
နိုင်ရိုဘီမြို့တွင် အခြေစိုက် ထားသည့် Honda Kenya စက်ရုံ အတွက် နည်းပညာ လွှဲပြောင်းမျှဝေပေးခြင်း၊ လိုအပ်သည့် လေ့ကျင့်သင်တန်းပေးမှုများကို အပြင်းအထန် လုပ်ဆောင်ခဲ့ခြင်း၊ ပစ္စည်း အစိတ်အပိုင်းများ ပေးသွင်းမည့် ဒေသခံများ ရွေးချယ်စိစစ်ခြင်း၊ အဆိုပါပစ္စည်း အစိတ်အပိုင်းများကို ဆိုင်ကယ်တစ်စီးဖြစ်ရန် စုပေါင်း တပ်ဆင်ခြင်းတို့ကို သုံးနှစ်ကြာ အချိန်ယူပြင်ဆင်ခဲ့ပြီးနောက် ယခုအခါ အမှန်တကယ်ထုတ်လုပ်နိုင်ပြီ ဖြစ်၍ ကြိုးစားမှု အသီးအပွင့်များ ခံစားနိုင်တော့မည်ဟု စက်ရုံမန်နေဂျင်းဒါရိုက်တာ Hirohide Ichikawa က ဖွင့်ပြောကြားခဲ့သည်။ Honda Kenya စက်ရုံမှာ ကင်ညာနိုင်ငံထွက် ပစ္စည်းအစိတ်အပိုင်း ငါးမျိုးအသုံးပြုကာ Honda ဆိုင်ကယ်များထုတ်လုပ်သည့် ပထမဆုံးစက်ရုံဖြစ်ပြီး အရှေ့နှင့်အလယ်ပိုင်း အာဖရိကတိုက်တွင် တည်ရှိသော ပထမဆုံး Honda ဆိုင်ကယ် စက်ရုံလည်းဖြစ်ကြောင်း သိရသည်။
Honda Kenya စက်ရုံသို့ လာရောက် လေ့လာကြည့်ရှုခဲ့သော Honda ၏ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်ရေးဌာန အကြီးအကဲ Yoshi Yamane က ကင်ညာနိုင်ငံ အတွက် လိုအပ်နေသော ဆိုင်ကယ်များကို ယခုစက်ရုံမှ ထုတ် လုပ်ပေးနိုင်မည်ဟု ဆိုခဲ့ပြီး ကင်ညာ မော်တော်ဆိုင်ကယ် အစည်းအရုံး ဥက္ကဌ Isaac Kaula ကလည်း ဒေသခံလူငယ် ရာပေါင်းများစွာအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ပြီး နိုင်ငံ၏ စက်မှုထုတ်လုပ်ရေးလုပ်ငန်းကို ကမ္ဘာ့ဈေးကွက်အတွင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် တွန်းအားပေးသည့် Honda Kenya စက်ရုံ ဖွင့်လှစ်နိုင်မှုကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ Honda ကုမ္ပဏီသည် ကမ္ဘာ့ဆိုင်ကယ် ထုတ်လုပ်သူများစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေကာ ဈေးကွက်ရှယ်ယာ စုစုပေါင်း ၃၅ ရာခိုင်နှုန်း ကြီးစိုးထားသည့် ဆိုင်ကယ်ထုတ်လုပ်သူဖြစ်ပြီး ၂ဝ၁၆ ခုနှစ်က ဆိုင်ကယ်အစီးရေ စုစုပေါင်း တစ်သန်း ထုတ်လုပ် ရောင်းချခဲ့ရသည်။
Ref: Standardmedia.co.ke