ဒီဇယ် ကားအိုကားဟောင်းများ မောင်းနှင်မှု ချက်ချင်းပိတ်ပင်ရန် ဂျာမနီနိုင်ငံတွင် ညွှန်ကြား

902

ဥရောပသမဂ္ဂ၏ လေထုညစ်ညမ်းမှုဆိုင်ရာ စည်းမျဉ်းများနှင့် ကိုက်ညီစေရန် ဂျာမနီရှိမြို့များတွင် လေထုညစ်ညမ်းစေသည့် ဒီဇယ်ကားအိုကားဟောင်းများ မောင်းနှင်မှု ချက်ချင်းပိတ်ပင်ရန် ပြီးခဲ့သည့် သောကြာနေ့၌ နိုင်ငံတော်တရားရုံးက ညွှန်ကြားခဲ့ကြောင်း မေ ၂၁ ရက်တွင် auto.ndtv သတင်း ဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။
ဟမ်းဘတ်၊ မြူးနစ်နှင့် စတုဂတ် တို့ပါဝင်သော ဂျာမန်မြို့ကြီး ဒါဇင်ပေါင်းများစွာတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်စေသည့် နိုက်ထရိုဂျင်အောက်ဆိုက် (NOx)မှာ ဥရောပသမဂ္ဂ၏သတ်မှတ်ချက်ထက် ကျော်လွန်နေသဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလက လေထုညစ်ညမ်းမှု ဆိုးဆိုးရွားရွား ဖြစ်စေသော ဒီဇယ်ကားများကို လမ်းပေါ်မောင်းနှင်ခြင်း တားမြစ်ပိတ်ပင်ခဲ့သည်။ သို့ရာတွင် ဂျာမနီအနေဖြင့် ၎င်း၏မြို့ကြီးများတွင် လေထုအရည်အသွေးကောင်းမွန်ရန် ကာကွယ်ဖို့ ပျက်ကွက်နေဆဲဖြစ်ကြောင်း ဥရောပကော်မရှင်က စောဒကတက်ခဲ့ပြီးနောက် ချက်ချင်းဆိုသလို ဒီဇယ် ကားအိုကားဟောင်းများကို လမ်းပေါ် မောင်းနှင်မှု ပိတ်ပင်ချက် ထွက်ရှိလာခြင်းဖြစ်သည်။
အဆိုပါ ပိတ်ပင်ချက်အရ ၂ဝ၁၄ ခုနှစ်တွင် နောက်ဆုံးထုတ်ပြန်ခဲ့သည့် Euro-6 ဓာတ်ငွေ့ ထုတ်လုပ်မှုစံနှုန်းနှင့် ကိုက်ညီသော ဒီဇယ်ကားများသာ ဂျာမန်လမ်းများပေါ်တွင် မောင်းနှင်ခွင့်ရတော့မည် ဖြစ်သည်။ ဂျာမနီနိုင်ငံတစ်ဝန်းတွင် ဒီဇယ်ကားအစီးရေ ၁၅ သန်း ရှိသည့်အနက် Euro-6 ဓာတ်ငွေ့ထုတ်လုပ်မှုစံနှုန်းနှင့် အံဝင်သော ဒီဇယ်ကားအရေအတွက်မှာ ၂ ဒသမ ၇ သန်းသာရှိကြောင်း သိရသည်။ ယခုလို ဒီဇယ်ကားအိုကားဟောင်းများမောင်းနှင်မှု ချက်ချင်းတားမြစ်ပိတ်ပင်ခဲ့မှုကြောင့် ကားပိုင်ရှင် ၁ဝ သန်းကျော်အပြင် Volkswagen ကဲ့သို့ ဂျာမန်ကားထုတ်လုပ်ရေးကုမ္ပဏီများ၊ ၎င်းတို့ဘက်မှ ရပ်တည်ပေးနေသည့် အဓိပတိ အန်ဂျယ်လာမာကယ် ဦးဆောင်သည့် ဂျာမန်အစိုးရတို့အတွက် အထိနာစေကြောင်း ဂျာမန် DUH ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ မန်နေဂျင်းဒါရိုက်တာ Juergen Resch က ပြောကြားသွားသည်။
Ref : auto.ndtv

LEAVE A REPLY

Please enter your comment!
Please enter your name here