ဒီဇယ်အင်ဂျင်လုံးဝမပါဝင်တော့တဲ့ ပထမဆုံး Volvo ကားမိုဒယ် 2019 Volvo S60 T6 R-Design

999
Page(Test)

နာမည်ကျော် ဆွီဒင်ကားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Volvo ဟာ V60 ဝက်ဂန်ကားရဲ့ မျိုးဆက်သစ်မိုဒယ်ကို ပွဲထုတ်ပြီးနောက် ၂ဝ၁၈ ခုနှစ်၊ ဇွန်လမှာ Volvo S60 ဇိမ်ခံဆီဒန်ကားရဲ့ အသစ်မွမ်းမံထားတဲ့ ဗားရှင်းသစ်ကို ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ Volvo ဟာ S60 မိုဒယ်ကို ၂ဝဝဝ ပြည့်နှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် တတိယမျိုးဆက်အထိ ရောက်ရှိလာပါပြီ။ ၂ဝ၁ဝ ပြည့်နှစ်ကနေ ၂ဝ၁၈ ခုနှစ်အထိ ဒုတိယမျိုးဆက်ကို ထုတ်လုပ်ခဲ့ပြီး ၂ဝ၁၈ ခုနှစ်နောက်ပိုင်းမှာ တတိယမျိုးဆက်ကို ဆက်ပြီး ဖန်တီးထုတ်လုပ်မှာပါ။ အခု အသစ်ဖန်တီး ထုတ်လုပ်လိုက်တဲ့ ၂ဝ၁၉ မိုဒယ် S60 ဆီဒန်ဟာ ဒီဇယ်အင်ဂျင် လုံးဝမပါဝင်တော့တဲ့ ပထမဆုံး Volvo ကားမိုဒယ်ဖြစ်ပြီး လာမယ့်အောက်တိုဘာလမှာ စျေးကွက်တင်ရောင်းချဖို့ စီစဉ်ထားပါတယ်။

စက်စွမ်းရည်
S60 ကားသစ်ကို S90 လို အောက်ခံထည်မျိုးကိုပဲ အသုံးပြု တည်ဆောက်ထားပေမဲ့ အင်ဂျင်ပိုင်းကတော့ လုံးဝကွဲပြားပါတယ်။ S60 ကို အရင်လို အင်ဂျင်အမျိုးမျိုးနဲ့ရရှိနိုင်ပေမဲ့ အရင်နဲ့မတူတဲ့ ထူးခြားချက် ကတော့ ဒီဇယ်အင်ဂျင်နဲ့ မရနိုင်တော့တာပါပဲ။ ကားမှာ 2.0 Liter အင် ဂျင်တွေကို တပ်ဆင်ပေးထားပေမဲ့ ရှေ့ဘီးယက်စနစ်သုံး T5 နဲ့ လေးဘီးယက် စနစ်သုံး T6 မိုဒယ်တွေအပေါ်မူတည်ပြီး စွမ်းဆောင်ရည်ကွာခြားပါတယ်။ S60 R-Design မှာ T5 ကိုရော T6 ကိုပါ ရရှိနိုင်တာကြောင့် ပိုအဆင့် မြင့်တဲ့ လေးဘီးယက်စနစ်သုံး S60 T6 R-Design မိုဒယ်မှာဆိုရင် တိုက်ရိုက် ဆီဖျန်းစနစ်သုံး မြင်းကောင်ရေ ၃၁၆ ကောင်အား Turbo- charged & Supercharged 2.0 Liter ဆလင်ဒါလေးလုံးထိုး အင် ဂျင်ကို တပ်ဆင်ထားပါတယ်။ အဲဒီနှုန်းထားဟာ T5 R-Design မိုဒယ် ထက် မြင်းကောင်ရေ ၆၆ ကောင်အား ပိုများပါတယ်။ အင်ဂျင်က ထုတ် ပေးလိုက်တဲ့ စွမ်းအင်တွေကိုတော့ Auto ဂီယာ ရှစ်ချက်ကနေတစ်ဆင့် ကားဘီး လေးဘီးဆီ ပို့လွတ်မောင်းနှင်စေမှာ ဖြစ်ပါတယ်။ ကားရဲ့ ဖျတ် လတ်တဲ့ အောက်ခံထည်နဲ့ မောင်းနှင်မှုပုံစံ(Driving Mode)တွေကလည်း အကောင်းဆုံး ထိန်းသိမ်းမောင်းနှင်နိုင်စွမ်းကို ရရှိစေပြီး စွမ်းဆောင်ရည် ကောင်းကောင်း ပိုင်ဆိုင်စေမှာပါ။ ဒါ့ပြင် ပိုကျစ်လျစ်ကြံ့ခိုင်တဲ့ ခပ်ဝပ်ဝပ် ဆိုင်းထိန်းစနစ်ကလည်း ကားမောင်းနှင်ရာမှာ တုံ့ပြန်မှု ပိုပြီးမြန်ဆန်တဲ့ ထိန်းသိမ်း မောင်းနှင်နိုင်စွမ်းကို ရရှိစေနိုင်ပါတယ်။

တည်ဆောက်ပုံ
အရွယ်အလတ်စား အဆင့်မြင့် စပို့ဆီဒန်ကားသစ် S60 ဟာ ၂ဝ၁၈ ခုနှစ် အစောပိုင်းတုန်းက မြင်ဖူးခဲ့တဲ့ Volvo V60 မိုဒယ်နဲ့ ခပ်ဆင်ဆင် တူတာကြောင့် ကားကိုယ်ထည်က လုံးဝဒီဇိုင်းသစ်လို့ မဆိုနိုင်ဘဲ ခပ်ပါး ပါးပဲ မွမ်းမံပြောင်းလဲထားတာပါ။ ဒါ့ပြင် S60 ဟာ ကုမ္ပဏီရဲ့ အထင်ကရ ကားမိုဒယ် Volvo S90 ဆီဒန်အသေးစားလို့ ဆိုနိုင်တာကြောင့် Volvo ရဲ့ ဒီဇိုင်းအယူအဆသစ်နဲ့ဖန်တီးထားတဲ့ S90 လို ဂျာမန်ထုတ် ဇိမ်ခံ ကားတွေနဲ့ ယှဉ်နိုင်လောက်အောင် ခေတ်မီတင့်တယ်ပြီး ဆွဲဆောင်မှုလည်း ရှိပါတယ်။ ကားရှေ့မျက်နှာစာဟာ S90 ရဲ့ ဒီဇိုင်းကို အသေးစား ဖန်တီး ထားတဲ့ ဗားရှင်းလို့ဆိုနိုင်လောက်အောင် ဆင်တူပါတယ်။ အရွယ်အစား ကြီးမားတဲ့ ထောင့်မှန်စတုဂံပုံစံ ရှဲလ် (Grille) နဲ့ Thor ရဲ့ Hammer လုိ့ တင်စားထားတဲ့ တူပုံစံကားရှေ့မီးတွေကလည်း ခပ်ဆင်ဆင်တူပြီး ကား ရှေ့မျက်နှာစာအောက်ဘက်ရဲ့ အလယ်တည့်တည့်က တြာပီဇီယမ် ပုံ လေစုပ်ပေါက် အပါအဝင် သုံးခုတွဲ လေစုပ်ပေါက်ပါဝင်တဲ့ ကားဘမ်ပါ အနေအထားကလည်း ဆင်တူပါတယ်။ အနက်ရောင် သတ္တုပြားတွေ ပါဝင်တဲ့ ထောင့်စွန်းလေစုပ်ပေါက်တွေကတော့ နည်းနည်းကွဲပြားပါတယ်။ အဲဒီလေစုပ်ပေါက်တွေဟာ နည်းနည်းပိုကြီးပြီး ပေါင်ကွပ်ထားပုံကလည်း ကွာခြားပါတယ်။ ဒါ့ပြင် S60 ကိုလည်း BMW 3 Series မိုဒယ်ကို ယှဉ်နိုင်လောက်အောင် သွက်လက် ပေါ့ပါးဟန်ပေါက်တဲ့ စပို့ဆီဒန်ကား တစ်စီးရဲ့ရုပ်ထွက်မျိုး ရရှိစေဖို့ ထောက်ကူပေးပါတယ်။ ကားဘေးဘက်ပုံစံ ကတော့ အရွယ်အစားကြီးတဲ့ S90 နဲ့ ပိုဆင်ပါတယ်။ ကားဘေးဘက်ရဲ့ ကိုယ်ထည်အလယ်ပိုင်းနဲ့ အောက်ဘက် ကောက်ကြောင်းလိုင်းတွေတင် မကဘဲ ကားခေါင်မိုးနဲ့ ကားပြတင်းပေါက်တွေရဲ့ အသွင်အပြင်ကလည်း ဆင်တူပါတယ်။ ထူးခြားတဲ့ကွဲပြားချက်တစ်ခုကတော့ S90 လို ကား ပြတင်းမှန်အစွန်းဟာ ကားတံခါးအပြင်ဘက်အထိ စွန်းထွက်မနေဘဲ S60 မှာတော့ ကားပြတင်းမှန်အဆုံးက ကားနောက်တံခါးအစွန်းမှာပဲ အဆုံး သတ်သွားပါတယ်။ S60 ရဲ့ ကားနောက်ဖုံးစွန်းဟာလည်း အသေးစား ဆီဒန်ကားတစ်စီးလို ခပ်တိုတိုပဲရှိပါတယ်။ ကားအနောက်ဘက်မှာ S90 နဲ့ဆင်တူတဲ့ C ပုံစံ ကားနောက်မီးတွေကိုပဲ အသုံးပြုထားပါတယ်။ ဒါပေမဲ့ ကားလိုင်စင်နံပါတ်ပြားနေရာကတော့ အိပ်ဇောပိုက်အပေါ်နားက ကား ဘမ်ပါပေါ်မှာ မဟုတ်တော့ဘဲ ကားနောက်မီးနှစ်ခုကြား နေရာကို ရောက်ရှိ သွားပါတယ်။ ကားနောက်ဖုံးအစွန်းကိုလည်း အရွယ်အစားသေးငယ်တဲ့ လေပင့်အားထိန်းတောင်ပံပုံစံ ဖန်တီးထားတာကြောင့် S60 ရဲ့ ရုပ်ထွက် ဟာ ပိုပြီး သွက်လက်ဖျတ်လတ်ဟန် ပေါက်ပါတယ်။ C ပုံစံ ကားနောက်မီး တွေရဲ့အဝိုက်နေရာက နေရာလွတ်တစ်ဖက်မှာ S60 မိုဒယ်အမည် ရေးထိုး ထားပြီး နောက်တစ်ဖက်မှာတော့ T6 R-Design မိုဒယ်ဆိုရင် T6၊ R-Designနဲ့ AWD ဆိုတဲ့ စာလုံးတွေကိုလည်း အထင်အရှားရေးထိုး တပ်ဆင်ပေးထားပါတယ်။ အရင်က S60 ကားမိုဒယ်တွေရဲ့ ကိုယ်ထည် ဒီဇိုင်းဟာ ငြီးငွေ့စရာကောင်းပေမဲ့ အသစ်ဖန်တီးလိုက်တဲ့ S60 မိုဒယ် သစ်ကတော့ S90 ရဲ့ အဆင့်မြင့်လှပတဲ့ ဒီဇိုင်းအပြင်အဆင်တွေကို ပြိုင် ကားဆန်ဆန် သွက်လက်ပေါ့ပါးစေမယ့် အသွင်အပြင်တွေနဲ့ ခေတ်သစ် ဆီဒန်ကားတစ်စီးအဖြစ် ဖန်တီးထားတာကြောင့် အသွင်သစ်၊ အမြင်သစ်နဲ့ ဆွဲဆောင်မှုရှိရှိ တင့်တယ်လှပပါတယ်။

အတွင်းခန်း
S60 ဆီဒန်ကားသစ်ရဲ့ အတွင်းခန်းကို ခပ်ပါးပါးပဲ မွမ်းမံထားတာ ကြောင့် အတွင်းခန်းအစိတ်အပိုင်း တော်တော်များက Volvo V60 နဲ့ ဆင်တူပြီး ဒီဇိုင်းနဲ့ ထည့်သွင်းပေးထားတဲ့ အတွင်းခန်းအသုံးအဆောင် တချို့ကတော့ S90 နဲ့ တူပါတယ်။ ဒါ့ပြင် အရင်က S60 Series ကား တွေမှာ မရနိုင်တဲ့ S90 မိုဒယ်ရဲ့ အဆင့်မြင့်နည်းပညာသစ်တွေကို ကား သစ်မှာ ထည့်သွင်း တပ်ဆင်ပေးထားတာကြောင့် S60 မိုဒယ်သစ်ဟာ လက်ရှိ စျေးကွက်ထဲမှာရရှိနိုင်တဲ့ အကောင်းဆုံး စပို့ဆီဒန်ကားတွေထဲမှာ တစ်စီး အပါအဝင်လို့ ဆိုနိုင်ပါတယ်။

လုံခြုံရေး
Volvo ကုမ္ပဏီရဲ့ ကိုယ်ပိုင် Scalable Product Architecture (SPA) ပလက်ဖောင်းနဲ့ တည်ဆောက်ထားတဲ့ S60 ကားသစ်မှာ V60 လိုပဲ S90 မိုဒယ်မှာပါဝင်တဲ့ အဆင့်မြင့် လုံခြုံရေးနည်းပညာနဲ့ Safety Package တွေကိုပဲ အသုံးပြုပေးထားတာကြောင့် လက်ရှိလမ်းတွေပေါ် က လုံခြုံရေးအကောင်းဆုံးကားတွေထဲမှာ တစ်စီးအပါအဝင် ဖြစ်စေမှာပါ။ အဆင့်မြင့်တဲ့ ခေတ်သစ်ဆီဒန်ကားတွေမှာ ပါဝင်လေ့ရှိတဲ့ Lane Keep- ing Aid ၊ Driver Alert Control နဲ့ Run-off-Road Protection နဲ့ City Safety Package တို့လို လုံခြုံရေး နည်းပညာတွေနဲ့အတူ Volvo ရဲ့ Pilot Assist နည်းပညာသစ်လည်း ပါဝင်တာကြောင့် Semi-autonomous ကားတစ်စီးလို့တောင် ဆိုနိုင်ပါတယ်။

စျေးနှုန်းနှင့် ပြိုင်ဘက်
၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလမှာ စတင်ရောင်းချဖို့ စီစဉ်ထားတဲ့ ၂ဝ၁၉ မိုဒယ် Volvo S60 ဆီဒန်ကားသစ်ရဲ့ အခြေခံစျေးနှုန်းဟာ အမေ ရိကန်ဒေါ်လာ ၃၅,၈ဝဝ နဲ့အထက်ဖြစ်ပြီး Trim Level အလိုက် စျေး ကွာခြားမှုရှိပါတယ်။ အဆင့်မြင့်ဗားရှင်းတစ်ခုဖြစ်တဲ့ လေးဘီးယက်စနစ် သုံး S60 T6 R-Design မိုဒယ်ဆိုရင်တော့ ဒေါ်လာ ၄၅,၄ဝဝ နဲ့အထက် စျေးရှိပါတယ်။ အဆင့်မြင့် ဆီဒန်ကားစျေးကွက်မှာ 2019 Volvo S60 ရဲ့ အဓိကပြိုင်ဘက်တွေကတော့ Mercedes-Benz C-Class ၊ BMW 3 Series နဲ့ Audi A4 တို့လို ဂျာမနီနိုင်ငံထုတ် နာမည်ကျော်ကားတွေပဲ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here