ဒီဇင်ဘာ ၃၁ ရက်အထိ  City Taxi  မှတ်ပုံတင်ရန် ကြိုတင်တိုကင်ယူ စာရင်းပေးသွင်းထားသည့်  အငှားယာဉ်  အစီးနှစ်သောင်းကျော်ရှိ

603

City Taxi  မှတ်ပုံတင်ရန် ကြိုတင်တိုကင်ယူထားသည့် အငှားယာဉ် အစီးရေ နှစ်သောင်းကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ City Taxi  မှတ်ပုံတင်ဌာနမှ သိရသည်။

 

ရန်ကုန်တိုင်းအတွင်းမှ အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားသည့် ယာဉ်များကို City Taxi  မှတ်ပုံတင်ပြုလုပ်ရန် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး စာရင်းပေးသွင်းရမည်ဟု သတ်မှတ်ခဲ့ကာ ကြိုတင်တိုကင်ယူ စာရင်းပေးသွင်းထားသည့် ယာဉ်အစီးရေ နှစ်သောင်းကျော်ရှိကြောင်း သိရသည်။

 

”ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး စာရင်းပေးခဲ့တဲ့ အငှားယာဉ်တွေကိုပဲ City Taxi  မှတ်ပုံတင် ပြုလုပ်ပေးမယ်ဆိုပြီး YRTA က ထုတ်ပြန်ထားတာ ရှိပါတယ်၊ နှစ်မကုန်ခင်အထိ ကြိုတင်တိုကင်ယူထားတဲ့ တက္ကစီနှစ်သောင်းကျော် လောက်ရှိတယ်၊ ကြိုတင်တိုကင်ယူထားတဲ့ ကားတွေကိုပဲ မှတ်ပုံတင်ခွင့်ပြုမှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၊ City Taxi  မှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

City Taxi  အဖြစ် မှတ်ပုံတင်ရန် ဇန်နဝါရီလအထိ အချိန်ကာလတိုးမြင့်ပေးထားသော်လည်း ဒီဇင်ဘာ  ၃၁ ရက် နောက်ဆုံးထားပြီး စာရင်းပေးသွင်းထားသည့် ယာဉ်များကိုသာ ဆက်လက်လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းအတွင်း အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားသည့် တက္ကစီ ၆၇,ဝဝဝ ကျော်ရှိပြီး City Taxi  မှတ်ပုံတင် ပြုလုပ်ခြင်းကို စတင်ခဲ့သည့် နိုဝင်ဘာ ၁၄ ရက်မှ လက်ရှိအချိန်ထိ မှတ်ပုံတင်လာရောက် ပြုလုပ်ထားသည့် တက္ကစီ ၃၁,၃၈၈ စီးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

 

ခရိုင်လေးခုမှ တက္ကစီများ City Taxi  မှတ်ပုံတင်ရာတွင် အရှေ့ပိုင်းနှင့် တောင်ပိုင်းခရိုင်မှ တက္ကစီများကို လေးထောင့်ကန်လမ်းမကြီးရှိ YRTA ဗဟိုရုံး၊ အနောက်ပိုင်းနှင့် မြောက်ပိုင်းခရိုင်မှ တက္ကစီများကို အင်းစိန်မြို့နယ်ရှိ YRTA မြောက်ပိုင်းခရိုင်ရုံး၌ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here