ဒီဇင်ဘာလဆောင်းနှင့်အတူ အေးစက်နေသည့် ကားစျေးကွက်

1133

တက်စျေးများဖြင့်ငြိမ်သက်နေသော ကားစျေးကွက်သည် ဒီဇင်ဘာလနှင့် အတူ အေးစက်လျက်ရှိသည်။ ယခင်နှစ်များက ဘာလေးဘာလများဖြစ်သည့် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ကားအရောင်းအဝယ် ကောင်းလေ့ရှိသော်လည်း ယခုနှစ်တွင်မူ ကားတင် သွင်းခွင့်ပေါ်လစီ အပြောင်းအလဲကြောင့် အရောင်းအဝယ်များ ငြိမ်သက်လျက်ရှိနေသည်။ တစ်ဦးချင်းတင်သွင်းခွင့်ပါမစ်များကို ဒီဇင်ဘာ ၁၅ ရက် နောက်ဆုံးထားပြီး လှျောက်ရမည်ဖြစ်သောကြောင့် ကားတင်သွင်းသူများက ယခုရက်ပိုင်းအတွင်း အရောင်းအဝယ်ပြုလုပ်ရေးထက် ပါမစ်လှျောက်ရေးကိုသာ အာရုံစိုက်နေကြသည်။ ကားအဟောင်းစလစ်စျေးကလည်း အတက်၊ အကျမရှိဘဲ ငြိမ်သက်နေသောကြောင့် စလစ်စျေးကွက်လည်း အေးစက်နေကြောင်း သိရသည်။

 

”နိုဝင်ဘာလ တစ်လလုံးတင်မက ဒီဇင်ဘာလအစမှာလည်း ကားစျေးကွက်က တော်တော်လေးအေးနေပါတယ်၊ ၂ဝ၁၈ ခုနှစ်အတွက် မော်တော်ယာဉျတင်သွင်းခွင့် မိုဒယ်သတ်မှတ်ချက်တွေ ထွက်ပေါ်လာပြီး နောက်ပိုင်းမှာ လူတိုင်းက စျေးတက်တော့မယ်ဆိုပြီး ကားတွေကိုဝယ်ကြတဲ့အတွက် စျေးတွေမြင့်တက်သွားတယ်၊ အခုအချိန်မှာ တက်စျေးနဲ့ဝယ်ထားတဲ့သူတွေကလည်း ပြန်ချပြီးမရောင်းတဲ့အတွက် စျေးကွက်က အေးသွားတာ ဖြစ်ပါတယ်၊ စလစ်စျေးဆိုရင်လည်း ၁၃၅ သိန်းဝန်းကျင်မှာ တန့်နေတယ်၊ နယ်အဝယ်အများစုကတော့ မနှစ်က လိုင်စင်အဟောင်းနဲ့ တင်သွင်းတဲ့ သိန်းနှစ်ရာအောက်ကားတွေကိုပဲ ရှာဝယ်ကြပါတယ်၊ ကားစျေးတွေ တက်တဲ့အချိန်မှာ ရန်ကုန်အဝယ်တွေကလည်း Brand New ကားတွေဘက် ဦးတည်သွားကြတယ်၊ ကားသစ်တွေ စျေးကျသွားရင်တော့ ကားဟောင်းစျေးလည်း ပြန်ကျသွားနိုင်ပါတယ်၊ အခုအချိန်မှာ စျေးကွက် က ဘာလေးဘာထဲက ဒီဇင်ဘာလ ဆောင်းနဲ့အတူ အေးစက်စက်ဖြစ်နေပါတယ်”ဟု ကိုသန့်ဇင်(Japan Online Car Aution) က ဆိုသည်။

 

ကားအရောင်းအဝယ်များ အေးစက်နေသည့်အချိန်တွင် ငွေလှည့်လိုသူများ စျေးချရောင်းသည့် ကားများသာ အရောင်းအဝယ်ဖြစ်နေသည်။ ယခုရက်ပိုင်းအတွင်း စျေးအနည်းငယ် ပြန်ကျလာသော ၁၃ဝဝ စီစီကား လေးများ အရောင်းအဝယ်အနည်းငယ်ဖြစ်ပြီး စလစ်ကပ်ကားများမှာလည်း တက်စျေးအတိုင်းမဟုတ်ဘဲ စျေးချရောင်းမှသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

 

”အရောင်းအဝယ်အေးသွားတာ တစ်လနီးပါးရှိပါပြီ၊ ကားစျေးတွေတက်ပြီး ပြန်ငြိမ်သွားတဲ့အချိန်မှာ ရောင်းတဲ့သူပဲရှိပြီး အဝယ်ကတော့ နည်းသွားပါတယ်၊ ငွေလှည့်ချင်လို့ စျေးချရောင်းတဲ့ကားတွေလောက်ပဲ အရောင်း အဝယ်ဖြစ်ပါတယ်၊ ဒီရက်ပိုင်းမှာ သိန်း ၁၅ဝ ဝန်းကျင် ၁၃ဝဝ စီစီ ကား တွေလောက်ပဲ အရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်၊ အခုအချိန်မှာရောင်း ကားများပြီး အဝယ်နည်းနေပါတယ်၊ သိန်းသုံးရာကျော်သုံးမယ့် သူတွေကလည်း ညာမောင်းကြိုက်သူက ဂျပန်ညာမောင်းကားကို ဝယ်ကြတယ်၊ အသစ်စီးချင်တဲ့သူက ဘယ်မောင်း Brand New ကားကို ဝယ်ကြတယ်၊ ဝယ်/စီး/ရောင်းတွေကတော့ Brand New ကားထက်စာရင် ဖရီးပါမစ်နဲ့ တင်သွင်းလို့ရတဲ့ ဘယ်မောင်းကားသစ်တွေကို ပိုကြိုက်ကြပါတယ်၊ အခု အချိန်မှာ ကားစျေးတွေက အတက်စျေးနဲ့ငြိမ်နေပြီး ဘယ်အချိန်ကျမှ အရောင်းအဝယ်တွေ ပြန်ကောင်းလာမယ်ဆိုတာကိုတော့ ခန့်မှန်းရခက်ပါတယ်”ဟု ‘မော်တော်ယာဉျရောင်းဝယ်ရေးအသင်း’ ဥက်ကြ ဦးအောင်သန်းဝင်းက ဆိုသည်။

 

စျေးကွက်အတွင်း တက်စျေးအတိုင်း ခေါ်ရောင်းပါက အရောင်းအဝယ်မဖြစ်ဘဲ ပုံမှန်စျေးထက်အနည်းငယ် ချရောင်းမှသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ နံပါတ်ထွက်ပြီးသား ရန်ကုန်လိုင်စင်ကားများကိုလည်း အပြင်ဝယ်လက်ထက် ဝယ်/ရောင်းအချင်းချင်းသာပြန်ဝယ်ကြသဖြင့် စျေးကွက် အီသွားကြောင်း သိရသည်။

 

”ဒီတစ်ပတ်အတွင်းမှာ အရောင်းအဝယ်တွေ ပြန်အေးသွားပါတယ်၊ စျေးကွက်ထဲမှာ စျေးတန်တဲ့ကားတစ်စီး ထွက်လာပြီဆိုရင်လည်း ဝယ်/ ရောင်းအချင်းချင်းပဲ လှည့်ဝယ်နေကြတာ များပါတယ်၊ ရန်ကုန်လိုင်စင်နဲ့ တင်သွင်းထားတဲ့ ၁၃ဝဝ စီစီ နံပါတ်အသစ်ကားတွေဆိုရင်လည်း အပြင်အဝယ်ထက် ဝယ်/ရောင်းအချင်းချင်း ပြန်ကောက်ကြတာများတယ်၊ အရင်တုန်းက သိန်း ၁၈ဝ ခေါ်ရောင်းတဲ့ကားတစ်စီးကို အခုအချိန်မှာ သိန်းနှစ်ရာ ကျော်ခေါ်ရောင်းနေပေမဲ့ခေါ်စျေးပဲရှိတယ်၊တကယ်အရောင်းအဝယ်မဖြစ်ဘူး၊စျေးတွေမြင့်တက်သွားတဲ့အတွက် အဝယ်မရှိတဲ့အခါကျတော့ စျေးကွက်က သိသိသာသာ အေးသွားတယ်၊ ဒီရက်ပိုင်းမှာ အပြင်ဝယ်လက် မရှိသလောက်နည်းသွားတယ်၊ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် စျေးကွက် အီသွားဖို့ရှိပါတယ်၊ စျေးကွက်အခြေအနေက အရင်လို သုံးပတ်၊ လေးပတ် လောက်အထိမခံတော့ဘဲ တစ်ပတ်နဲ့တစ်ပတ် ကောင်းလိုက် မကောင်းလိုက် ဖြစ်နေပါတယ်၊ အရောင်းအဝယ်ကောင်းလာပြီ ဆိုတာနဲ့ စျေးကွက်ထဲက ကားတွေရော အွန်လိုင်းမှာတင်ရောင်းတဲ့ကားတွေပါ စျေးဆွဲတင်ပြီး ခေါ်ရောင်းကြတဲ့အတွက် ကိုယ်လည်းဝယ်မရ သူလည်းရောင်းလို့မရတဲ့အခြေ အနေမျိုးဖြစ်သွားပါတယ်၊ လာမယ့်နှစ်အတွက်မူဝါဒ ထွက်ပေါ်လာပေမဲ့ လည်း စျေးကွက်အခြေအနေကတော့ ကောင်းလိုက် မကောင်းလိုက်နဲ့ မငြိမ်သေးပါဘူး၊ ကားတင်သွင်းခွင့်တွေ တင်းကြပ်လိုက်တဲ့အတွက် ညာ မောင်းကားတွေ စျေးထိုးတက်သွားတဲ့အချိန်မှာ Brand New ကားစျေးကွက်က အားကောင်းလာဖို့ရှိပါတယ်၊ လူတွေက စျေးနည်းနည်းနဲ့ ကားကောင်းကောင်း စီးချင်ကြပါတယ်၊ ဒီအတွက်ရည်ရွယ်ပြီး ထုတ်ထားတဲ့ ပြည်တွင်းထုတ် ကားသစ်တွေကတော့ ရောင်းအားကောင်းဦးမှာ ဖြစ်ပါတယ်”ဟု ကားဝယ်/ရောင်း ကိုနိုင်လင်းက ဆိုသည်။

 

ရန်ကုန်လိုင်စင်နှင့် နယ်လိုင်စင်ကြား စျေးကွာဟချက် တဖြည်းဖြည်း ကြီးမားလာ၍ နယ်အဝယ်များက ယခင်လို ရန်ကုန်လိုင်စင်ကား ရှာမဝယ်တော့ဘဲ နယ်လိုင်စင်ကားများသာ ဝယ်ယူလာကြသည်။ အချို့သော အဝယ်များကလည်း စျေးပြန်ကျမည်အထင်ဖြင့် နှစ်အကူးအပြောင်းကာလကို စောင့်ကြည့်နေကြသည်။ ဘဏ်များနှင့်ချိတ်ဆက််ပြီး အရစ်ကျစနစ်ဖြင့် ရောင်းချမှုမှာ ယခင်ထက် အားကောင်းလာ၍ ကားအရောင်းစင်တာများမှာ လက်ငင်းအပြင် အရစ်ကျစနစ်ဖြင့်ပါ ရောင်းချလာကြကြောင်း သိရသည်။

 

”သိန်း ၁၅ဝ နဲ့ သိန်းနှစ်ရာကြားမှာရှိတဲ့ ၁၃ဝဝ စီစီ ကားတွေပဲ အရောင်းအဝယ်ဖြစ်ပါတယ်၊ အမြင့်ကားတွေကတော့ အရောင်းအဝယ်သိပ် မဖြစ်ဘူး၊ ဒီအချိန်မှာ အရောင်းအဝယ်ထက် အလဲအထပ်လုပ်တဲ့ကားက ပိုများပါတယ်၊ နယ်သမားတွေလည်း အရင်လို ရန်ကုန်လိုင်စင်ကားကို ရှာမဝယ်တော့ဘူး၊ ရန်ကုန်လိုင်စင်နဲ့ နယ်လိုင်စင်ကြားမှာ စျေးကွာဟချက် ကြီးမားသွားတဲ့အတွက် နယ်အဝယ်တွေက နယ်ကားပဲဝယ်လာကြတယ်၊ အသစ်တင်သွင်းဖို့လည်းမလွယ်၊ ရောင်းဖို့ကလည်း ခက်နေတဲ့အတွက် ကားစျေးက တက်စျေးနဲ့ငြိမ်နေပြီး အရောင်းအဝယ်အေးသွားတာဖြစ်ပါတယ်၊ တချို့ကလည်း နှစ်အကူးအပြောင်းမှာ မူဝါဒတွေပြောင်းဦးမလားဆိုပြီး စောင့်ကြည့်နေကြတယ်၊ ကားအရောင်းစင်တာတွေကျတော့ အရစ်ကျစနစ်နဲ့ ရောင်းချပေးတဲ့အတွက် ပုံမှန်ရောင်းရပါတယ်”ဟု ကားဝယ်/ရောင်း ကိုအောင်မျိုးမင်းက ဆိုသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းမှစ၍ စလစ်စျေးများ အပြောင်းအလဲမရှိ ငြိမ်သက်လျက်ရှိရာ သက်တမ်း အနှစ် နှစ်ဆယ်အမည်ပေါက်စလစ်သည် ကျပ် ၁၃၅ သိန်းဝန်းကျင်၊ တိုက်ကြေနှင့် တက်ကစီစလစ်သည် ကျပ် ၁၂၅ သိန်းဝန်းကျင် ပေါက်စျေးရှိနေကြောင်း သိရသည်။ ယခုလအတွင်း ၁၉၉၈ မိုဒယ်နှင့်အောက် ဘတ်စ်များ အပ်နှံခွင့်ပေးခဲ့၍ သက်တမ်းအနှစ်နှစ်ဆယ် စလစ်သည် သိန်း ၁၃ဝ နှင့် ၁၃၅ ကြားတွင် စျေးကစားနေသည်။ တစ်ဦးချင်း ကားတင်သွင်းခွင့်ပါမစ်လှျောက်ထားခြင်းကို ဒီဇင်ဘာ ၁၅ ရက် နောက်ဆုံးထားခွင့်ပြုပေးမည်ဖြစ်ရာ ယင်းရက်မတိုင်မီအထိ စလစ်လို အပ်ချက်ရှိနေဦးမည်ဖြစ်ပြီး ပါမစ်လှျောက်ခွင့်ပိတ်လိုက်ပါက စလစ်စျေးများ ပြန်လည်ကျဆင်းသွားဖွယ်ရှိကြောင်း ကားတင်သွင်းသူများက ခန့်မှန်းထားကြသည်။

ကိုဖြိုး၊ ကိုရဲ

LEAVE A REPLY

Please enter your comment!
Please enter your name here