ထွက်ပေါ်နေသည့်သတင်းများအပေါ်ချင့်ချိန်နေပြီး မရောင်းရဲ၊ မဝယ်ရဲဖြစ်နေသည့် ရန်ကုန်ကားဈေးကွက်

1138

၂ဝ၁၅ မော်တော်ယာဉ်ဥပဒေကို ပြန်လည်ပြင်ဆင်ပြီးဖြစ်ရာ တင်သွင်းခြင်း မူဝါဒများကို ပို့ဆောင်ရေးဝန်ကြီးဌာနက ချမှတ်မည်ဖြစ်ပြီး လာမည့်နှစ်မှစ၍ ဖရီးပါမစ်ကားများသာမက စလစ်ကပ် ကားများကိုပါ ဘယ်မောင်းတစ်မျိုးတည်း တင်သွင်းခွင့်ပေးရန် ရှိနေသည်။ လာမည့်နှစ်မှစ၍ စလစ်ကပ် ကားများတင်သွင်းရာတွင် ဘယ်မောင်းကားများကိုသာ ခွင့်ပြုပေးမည်ဟု သတင်းများ ထွက်ပေါ်လာပြီး နောက်ပိုင်းတွင်လည်း ရောက်ရှိပြီးသား ကားများမှာ အဝယ်လိုက်နေကြောင်း သိရသည်။ ထို့ပြင် ယခုရက်ပိုင်းတွင်လည်း လေလံများပြန်လည်ဆွဲ၍ ဝယ်ယူလာကြသဖြင့် စလစ်ဈေးလည်း ပြန်လည် မြင့်တက်သွားကြောင်း သိရသည်။ အထူးသဖြင့် ဈေးကွက်အတွင်း အင်ဂျင်ပါဝါ ၁၃ဝဝ စီစီကားလေးများ အရောင်းအဝယ် ဖြစ်လာကြောင်း သိရသည်။

”အရင်လောက် အရောင်းအဝယ်မဖြစ်ပေမဲ့ တစ်လကို အစီးခြောက် ဆယ်လောက်တော့ ပုံမှန်အရောင်းအဝယ် ဖြစ်ပါတယ်၊ ၁ဝ တန်း အောင်စာရင်းတွေထွက်ပြီးတဲ့နောက်ပိုင်းမှာ ၁၃ဝဝ စီစီကားလေးတွေ အဝယ်လိုက် လာပါတယ်၊ သက်တမ်းနှစ်နှစ်ဆယ် ရန်ကုန်လိုင်စင်ကားတွေကို နယ်ပို့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက်လည်း နယ်က ၁၉၉၆၊ ၁၉၉၇ မိုဒယ် Prado ၊ Surf ကားတွေကို ဈေးလျှော့ပြီး လာရောင်းကြပါတယ်၊ ဒီသတင်းက မသေချာပေမဲ့ စိုးရိမ်ကြတဲ့သူတွေက သက်တမ်းနှစ် နှစ်ဆယ်ပြည့်တဲ့ ကားတွေကို ဈေးချပြီး ရောင်းနေကြသလို ဝယ်တဲ့သူတွေကလည်း ချင့်ချိန်ပြီး ဝယ်နေကြပါတယ်၊ ထွက်ပေါ်နေတဲ့သတင်းတွေနဲ့ ပတ်သက်ပြီးတော့ ဈေးကွက်က သိသိသာသာ ပြောင်းလဲခြင်း မရှိပါဘူး”ဟု ‘ MMM ကားအရောင်းစင်တာ’ မန်နေဂျင်းဒါရိုက်တာ ကိုမင်းမင်းမောင် က ဆိုသည်။

သက်တမ်း ၁ဝ နှစ်ကျော်သည့် ရန်ကုန်လိုင်စင်ကားများကို နယ်ပို့မည်၊ သက်တမ်းနှစ် ၂ဝ ကျော်သည့်ကားများကို နယ်ပို့မည်ဆိုသည့် သတင်းများသည် ပြီးခဲ့သည့်နှစ်ကတည်းက ထွက်ပေါ်နေသော်လည်း COE စနစ် ကျင့်သုံးမှသာ နှစ်ကန့်သတ်၍ရမည်ဖြစ်ကြောင်း သိရသည်။ ထွက်ပေါ်နေသည့် သတင်းများအပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အတည်မပြုသေးသော်လည်း နှစ်နှစ်ဆယ်နှင့်အောက်ယာဉ်ပိုင်ရှင်များက စိုးရိမ်စိတ်ဖြင့် ဈေးချပြီး ရောင်းချရန် စဉ်းစားနေကြသလို အဝယ်များကလည်း ဒွိဟဖြစ်နေ၍ မရောင်းရဲ၊ မဝယ်ရဲသည့်အခြေအနေမျိုးဖြစ်နေသည်။

”ရန်ကုန်လိုင်စင် နှစ်နှစ်ဆယ်ကားတွေကို နယ်ပို့မယ်ဆိုတဲ့အတွက် မရောင်းရဲ၊ မဝယ်ရဲနဲ့ အရောင်းအဝယ် ရပ်နေပါတယ်၊ ဝယ်/ရောင်းတွေကလည်း ရန်ကုန်လိုင်စင်နဲ့ ကားသစ်ရဖို့အတွက် လေလံဆွဲတဲ့ဘက်ကို လှည့်သွားပါတယ်၊ ရန်ကုန်လိုင်စင် နှစ်နှစ်ဆယ်ကားတွေကို နယ်ပို့မယ်ဆိုတဲ့ သတင်းက ဘယ်သူက ထုတ်ပြန်တာလဲ၊ ဘယ်ကထွက်ပေါ်လာလဲဆိုတာ တိတိကျကျ သိချင်ပါတယ်၊ တိတိကျကျသိလာရင်တော့ ဘာဆက်လုပ်ရမယ်ဆိုတာ ဆုံးဖြတ်လို့ရမှာ ဖြစ်ပါတယ်၊ ဒီရက်ပိုင်းမှာတော့ ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ လွတ်လွတ်ကျွတ်ကျွတ်ရှိမယ့် J ၊ K ၊ L အက္ခရာတန်း ရန်ကုန်လိုင်စင် ၁၃ဝဝ စီစီကားလေးတွေလောက်ပဲ အမေးရှိပါတယ်၊ ကားဝယ်/ရောင်းတွေကလည်း ရန်ကုန်လိုင်စင်နောက်ကို လိုက်နေကြတဲ့အတွက် ရောက်ရှိပြီးသား ကားတွေထက် လေလံဆွဲဖို့ကိုပဲ အားသန်နေပါတယ်”ဟု ကားဝယ်/ရောင်း ကိုနိုင်လင်းက ဆိုသည်။

ဈေးကွက်အတွင်း ၁၉၉၅ မိုဒယ် YBS ဘတ်စ်စလစ်များ ဝင်မလာ သေးသည့်အတွက် စလစ်ဈေးများ ပြန်လည်မြင့်တက်သွားကြောင်း သိရသည်။ ၁၉၉၅ မိုဒယ်နှင့်အောက် YBS ဘတ်စ် အစီး ၂,၆ဝဝ ကျော် အပ်နှံပြီးဖြစ်သော်လည်း ဈေးကွက်အတွင်း အလုံးအရင်းဖြင့် ဝင်မလာသေးသောကြောင့် ကျပ်သိန်းကိုးဆယ် ဝန်းကျင်အထိ ကျဆင်းခဲ့သော နှစ်နှစ်ဆယ် စလစ်ဈေးမှာ ကျပ်သိန်းတစ်ရာဝန်းကျင် ပြန်လည် ရောက်ရှိသွားခဲ့သည်။

” YBS ဘတ်စ်တွေအပ်နှံရင် စလစ်တွေ ဈေးကွက်ထဲရောက်လာမယ်လို့ ထင်ထားပေမဲ့ တကယ်တမ်း ဝင်မလာတဲ့အတွက် စလစ်ဈေးက ပြန်ပြီးမြင့်တက်သွားပါတယ်၊ ထင်တာကိုပြောရရင် ဘတ်စ်စလစ်တွေက တစ်ဦးချင်းစီမှာရှိတာနည်းပြီး ကုမ္ပဏီတွေစုပြီး ကိုင်ထား ဝယ်ထားတယ်လို့ ထင်ပါတယ်၊ ဈေးကွက်ထဲကို အများကြီးရောက်မလာတဲ့အတွက် စလစ်ဈေးက ပြန်တက်သွားတာပါ၊ စလစ်တွေကို ကိုင်ထားတဲ့သူတွေကလည်း ဈေးတွေကိုပြန်ထိန်းနေတဲ့သဘောမှာရှိပါတယ်၊ ဂျပန်လေလံဈေးကို ကစားဖို့ဆိုတာ ခက်ပေမဲ့ စလစ်ဈေးက ကစားလို့ရနေတဲ့အတွက် အစီးနှစ်ရာ၊ သုံးရာလောက် ဝယ်ထားပြီးပြီဆိုရင် ဈေးကွက်ကိုကစားလို့ရပါတယ်၊ တချို့ဆိုရင် ကိုယ်လိုချင်တဲ့ဈေး မရသေးရင် ဈေးကွက်ထဲမှာ ရှိတဲ့စလစ်ကို ပြန်ဝယ်ပြီး ကြိုက်ဈေးရမှ ပြန်ထုတ်ရောင်းတဲ့သူတွေ ရှိပါ တယ်”ဟု ‘ Bagan Automotive ‘ မန်နေဂျင်းဒါရိုက်တာ ကိုရန်မျိုးအောင်က ဆိုသည်။

ယခုရက်ပိုင်းအတွင်း သက်တမ်းနှစ်နှစ်ဆယ်စလစ်သည် ကျပ်သိန်း တစ်ရာဝန်းကျင်အထိ ဈေးမြင့်တက်သွားသလို အပ်ကားရှားပါးသည့် တက္ကစီစလစ်များလည်း ကျပ်သိန်း ၁၁ဝ ဝန်းကျင်အထိ မြင့်တက်သွားကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here