ထူးခြားဆန်းသစ်သည့် နည်းပညာများ၊ Safety ဆိုင်ရာ စွမ်းဆောင်ရည် မြင့်မားမှုတို့နှင့်အတူ မြန်မာပြည်ကားဈေးကွက်အတွင်း ဝင်ရောက်လာမည့် Bestune T77

76

 

Bestune ဆိုတာ တရုတ်နိုင်ငံရဲ့အကြီးဆုံး ကားကုမ္ပဏီတွေထဲက တစ်ခု ဖြစ်တဲ့ FAW(First Automobile Works) Group Corporation ရဲ့ Automotive ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ FAW Group Corporation ကတော့ တရုတ်နိုင်ငံရဲ့ အကြီးဆုံးကားထုတ်လုပ်တဲ့ ကုမ္ပဏီ လေးခုထဲမှာ တစ်ခု အပါအဝင်ဖြစ်သလို Volkswagen ၊ Toyota ၊ Mazda စတဲ့ ကမ္ဘာကျော် ကားကုမ္ပဏီတွေနဲ့ အကျိုးတူပူးပေါင်းပြီး ကားတွေ ထုတ်လုပ်နေပါတယ်။

Bestune ကားတွေကို ထုတ်လုပ်ရောင်းချနေတဲ့ FAW Group ဟာ ဝန်ထမ်းတစ်သိန်းခွဲကျော်နဲ့ လည်ပတ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံအခြေစိုက် Fortune မဂ္ဂဇင်းက နှစ်စဉ်ရွေးချယ်တဲ့ ကမ္ဘာ့ နိုင်ငံအသီးသီးက Revenue (ဝင်ငွေ)အများဆုံးလုပ်ငန်း ငါးရာ (Fortune Global 500) စာရင်းမှာ အဆင့် ၈၇ နေရာရရှိထားတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ FAW Group Corporation ဟာ ကားတွေထုတ်လုပ်ဖို့အတွက် Changchun ? Tianjin ၊ Qingdao ၊ Chengdu ၊ Foshan စတဲ့ ဒေသတွေမှာ စက်ရုံတွေတည်ဆောက်ထားပါတယ်။ ၁၉၅၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Faw ဟာ နှစ်ပေါင်းခြောက်ဆယ်အတွင်း ထုတ် လုပ်မှု တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး အလွန်ကြီးမားတဲ့ Automotive Enterprise တစ်ခုဖြစ်လာပါတယ်။ နှစ်ပတ်လည် ထုတ်လုပ်မှုနဲ့ ရောင်း ချရမှုက ကားအစီးသုံးသန်းကျော်အထိ ရှိခဲ့ပါတယ်။

၁၉၅၆ ခုနှစ်မှာ စတင်ခဲ့တဲ့ Faw Group Corporation ဟာ ၁၉၅၈ ခုနှစ်မှာတော့ ပထမဆုံးပြည်တွင်းထုတ် Passenger ကား Hongqi မိုဒယ်ကို ထုတ်လုပ်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ ပထမဆုံး ကားထုတ်လုပ်သူဖြစ်ခဲ့ပါ တယ်။ ၁၉၅၈ ခုနှစ်မှာပဲ တရုတ်နိုင်ငံရဲ့ ပထမဆုံးဇိမ်ခံမှန်လုံကားဖြစ်တဲ့ Dongfeng ကို ထုတ်လုပ်ခဲ့ပါတယ်။ Faw Group Corporation က ထုတ်လုပ်တဲ့ ထိပ်တန်း Luxury Car အမျိုးအစား Hongqi Parade Car ကို တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်က ၁၉၈၄ ခုနှစ်မှာကျင်းပခဲ့တဲ့ အမျိုးသားရေးအခမ်းအနားမှာ သုံးစွဲခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ ကျရောက်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်တဲ့ နှစ်ငါး ဆယ်ပြည့်ရွှေရတုနေ့မှာ သမ္မတကျန်ဇီမင်းက Special Hongqi Model ကို စီးနင်းအသုံးပြုခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ကျရောက်တဲ့ တရုတ်နိုင်ငံ ထူထောင်ခြင်းနှစ် ခုနစ်ဆယ်ပြည့် အခမ်းအနားမှာလည်း သမ္မတရှီကျင့် ဖျင်က Hongqi New Model Parade Car ကို အသုံးပြုစီးနင်းခဲ့ပါတယ်။

၂၀ဝ၈ ခုနှစ်ကစပြီး Bestune ကားမိုဒယ်တွေ အားလုံးမှာ Safety ဆိုင်ရာစွမ်းဆောင်ရည်ကို အဆင့်မြှင့်တင်ဖန်တီးထားတဲ့ 3H Body ကို အသုံးပြုခဲ့ပါတယ်။ Container Pressure Test အလေးချိန် ၅ ဒသမ ၉၈ တန်နဲ့ Bestune B50 မိုဒယ်ကို ၂၀၁၂ ခုနှစ်မှာ စမ်းသပ်မှုပြုလုပ်ခဲ့ပြီး ရလဒ်အနေနဲ့ကတော့ ကားရဲ့ကိုယ်ထည်ဟာ Zero Deformation ရလဒ် နဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ Bestune X80 ကတော့ C-NCAP ရဲ့ Safety Rating မှာ 58.9 Points ကို ၂၀၁၄ ခုနှစ်မှာရရှိခဲ့ပြီး ဒီရလဒ်က C-NCAP ရဲ့ သမိုင်းမှာ အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။

FAW Group Corporation ဟာ Bestune ကားတွေထုတ်လုပ်ဖို့ အတွက် Bestune Automotive ကို ၂၀ဝ၆ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး Besturn လို့လည်း သိကြပါတယ်။ Bestune Factory Welding Workshop ဟာ စတုရန်းမီတာ သုံးသောင်းကျော် အကျယ်အဝန်းရှိပြီး တစ်နှစ် ကို ကားအစီးတစ်သိန်းထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ အဲဒီ စက်ရုံမှာ Intelligent Production Line ၁၅ ခုနဲ့ Workshop လုပ်ငန်းဆောင်ရွက်တဲ့ စက်ရုပ်ပေါင်း ၂၆၀ ရှိပြီး ရာနှုန်းပြည့် အလိုအလျောက် ဝရိန်ဆက်ခြင်း စနစ်နဲ့ ၉၇ ရာခိုင်နှုန်း အလိုအလျောက်တွဲဆက်ခြင်း စနစ်တို့ကို လုပ်ဆောင်နေပါတယ်။ အကောင်းဆုံး Production Lines၊ အလွန်ကြီးမား တဲ့ Mechanical Arms ၊ Digital Control Equipment တွေနဲ့ စက်ရုံကို လည်ပတ်နေတာဖြစ်ပါတယ်။ ကားရောင်းချမှုအရေအတွက်က တရုတ် နိုင်ငံမှာ အရောင်းရဆုံး အဆင့် ၁၀ စာရင်းမှာရှိပြီး ကားအစီးရေ ၃၇ သန်းအထိ ရောင်းချနိုင်ခဲ့ပါတယ်။

Window of the World လို့ တင်စားတဲ့ Bestune Logo ကိုတော့ ၂၀၁၈ ခုနှစ်မှာ မိတ်ဆက်ခဲ့ပြီး Bestune T77 ဟာ Bestune ရဲ့ ပထမ ဆုံးထုတ်လုပ်တဲ့ All New “T”era ဖြစ်ခဲ့ပါတယ်။ Bestune T33 ကို တော့ ၂၀၁၉ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တာပါ။ Faw ရဲ့ ပထမဆုံး Flagship SUV ဖြစ်တဲ့ Bestune T99 ကို ၂၀၁၉ ခုနှစ်မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Bestune ကနေ ထုတ်လုပ်ခဲ့တဲ့ ကားတွေထဲက ပထမဆုံး နိုင်ငံတကာကားဈေးကွက်ကို တင်ပို့ရောင်းချမှုအနေနဲ့ ၂၀၁၂ ခုနှစ်မှာ B50 မိုဒယ်ကို ရုရှားနိုင်ငံမှာ စတင်ရောင်းချခဲ့ပါတယ်။ ၂၀ဝ၆ ခုနှစ်၊ မေ ၁၈ ရက်မှာ တည်ထောင်ခဲ့တဲ့ Bestune ဟာ ပထမဆုံးကားမိုဒယ်အနေနဲ့ Bestune B70 ကို မိတ်ဆက်ခဲ့ပါတယ်။ လက်ရှိထုတ်လုပ်နေတဲ့ Bestune မိုဒယ်တွေကတော့ B Series (B30 , B50 , B70 , B90) ၊ T Series (T33 , T77 , T99) ၊ X Series (X40 , X80) ၊ Electric Vehicles (E 01 , B 30 EV , B50 EV) တို့ဖြစ်ပြီး ဒီကားတွေကို FAW’s Mazda Factory မှာ တပ်ဆင်ထုတ်လုပ်ပါတယ်။

Bestune ဟာ နိုင်ငံသုံးနိုင်ငံမှာ R and D Center ငါးခုရှိပါတယ်။ အဲဒါတွေကတော့ AI Tech Center (Silicon Valley , USA) ၊ Prospective Design Center (Munich, Germany) ၊ Global R and D Headquarter (Changchun , China) ၊ NEV R and D + Design Center (Shanghai, China) ၊ Prospective Tech Innovation Center (Beijing , China) တို့ ဖြစ်ပါတယ်။ Bestune Product တွေ အားလုံးကို မြင့်မားတဲ့အပူချိန်၊ အလွန်အေးတဲ့အခြေအနေ၊ ပေပေါင်းများ စွာ မြင့်တဲ့နေရာ၊ အလွန်နိမ့်တဲ့နေရာ၊ ကြမ်းတမ်းတဲ့လမ်းအခြေအနေ၊ မြို့တွင်း၊ မြို့ပြင်ရွှံ့ထူတဲ့နေရာ၊ ကျောက်စရစ်ခင်းလမ်းစတဲ့ အခြေအနေ မျိုးစုံနဲ့ နေရာဒေသအစုံမှာ စမ်းသပ်မောင်းနှင်ခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

Bestune T77
Bestune ကနေ ထုတ်လုပ်တဲ့ မိုဒယ်ရှစ်မျိုးထဲက မြန်မာအားသစ် မာန်ကုမ္ပဏီကနေ SKD စနစ်နဲ့ တပ်ဆင်ထုတ်လုပ်မယ့် Bestune T77 မိုဒယ်ကို မိတ်ဆက်ဖော်ပြလိုက်ပါတယ်။ Bestune T77 ဟာ Crossover SUV အမျိုးအစားဖြစ်ပြီး FAW Group ကနေထုတ်လုပ်တဲ့ Bestune မိုဒယ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီကားကို FAW X60 လို့လည်း ခေါ်ကြပါတယ်။ Bestune T77 ကို Changchun ဒေသမှာရှိတဲ့ FAW စက်ရုံမှာ ၂၀၁၈ ခုနှစ်က စတင်ထုတ်လုပ် တာဖြစ်ပြီး Beijing Auto Show 2018 မှာ T-Concept အနေနဲ့ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး ၂၀၁၈ ခုနှစ်မှာ ကျင်းပတဲ့ Guangzhou Auto Show မှာလည်း ပြသရောင်းချခဲ့ပါတယ်။ Bestune T77 ဆိုတာ FAW ဟာ Besturn ကနေ Bestune ဆိုတဲ့ အမည်အသစ် အနေ နဲ့ ပထမဆုံးရောင်းချတဲ့ မိုဒယ်လည်းဖြစ်ပါတယ်။

Bestune T77 ကို အလွန်ထူးခြားဆန်းသစ်ပြီး အဆင့်မြင့်နည်း ပညာတစ်မျိုးဖြစ်တဲ့ Holographic Assistant ၊ တစ်နည်းအားဖြင့် Holographic Intelligent Control System ကို အသုံးပြုထားပါတယ်။ Holographic Assistant Tech ဆိုတာ အလွန်အဆင့်မြင့်ပြီး သုံးဖက်မြင် (Hologram) စနစ်အပေါ် အခြေခံထားတဲ့ မှတ်ဥာဏ်တု(AI) နည်းပညာ ဖြစ်ပါတယ်။ နာမည်ကျော် Smart Phone Brand ဖြစ်တဲ့ Xiaomi ကနေ ဖန်တီးထားတာ ဖြစ်ပါတယ်။ Holographic Assistant Tech ကို T77 မိုဒယ်ရဲ့ Dashboard မှာ 3D Virtual ပုံစံနဲ့ တွေ့မြင်ရမှာဖြစ်ပြီး Voice Control နဲ့ စေခိုင်းဖို့အတွက် Japanese School Girl ၊ Small Boy ၊ Robot စတဲ့ Character သုံးမျိုး ဖန်တီးထားပါတယ်။ နည်းပညာအတွက် Xiaomi Software ကို အဓိကအသုံးပြုထားပြီး ယာဉ်မောင်းသူအနေနဲ့ သိလိုတဲ့ Data တွေကို မေးမြန်းနိုင်ခြင်း၊ Ambient Lighting ဖွင့်/ပိတ်ပြုလုပ်ခြင်း၊ ဖျော်ဖြေရေးဆိုင်ရာ System တွေကို ထိန်းချုပ်ပေးခြင်း၊ အရေးကြီး အချက်အလက်တွေအတွက် Data Saving ပြုလုပ်ပေးခြင်း စတဲ့ လုပ်ဆောင်မှုတွေကို တိကျမြန်ဆန်မှန်ကန်စွာ ရရှိမှာဖြစ်ပါတယ်။

Bestune T77 ကို မြင်းကောင်ရေ ၁၆၉ ကောင်အား 1.5T အင်ဂျင် ကို 7-Speed DCT နဲ့ တွဲဖက်ထုတ်လုပ်ထားတာဖြစ်ပြီး ရှေ့ဘီးယက်စနစ် ဖြစ်ပါတယ်။ Bestune T77 နဲ့ ပုံစံတူဖြစ်တဲ့ Besturn X60 ကို ၂၀၂၀ ပြည့်နှစ်က ရုရှားကားဈေးကွက်မှာ မိတ်ဆက်ခဲ့ပါသေးတယ်။ ခံ့ညားတဲ့ ဒီဇိုင်း၊ ထူးခြားဆန်းသစ်တဲ့ Holographic Intelligent Control System နဲ့အတူ Bestune T77 ဟာ မြန်မာပြည်ကားဈေးကွက်မှာ အောင်မြင်မှုတွေ ဘယ်လောက်အထိ ရယူနိုင်မလဲဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here