ပြည်တွင်းထုတ်လုပ်မှုကို ဦးစားပေးနိုင်ရန် ပြည်ပမှတင်သွင်းသည့် လျှပ်စစ်ကားများကို ယခင် ၁ ရာခိုင်နှုန်းမှ ယခု ၂ဝ ရာခိုင်နှုန်းအထိ အခွန်တိုးမြင့်ကောက်ခံခြင်းဖြစ် ကြောင်း အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ကားများကို ILBC ကျောင်းသားများက စမ်းသပ်ထုတ်လုပ်ခဲ့ဖူးပြီး ပြည်တွင်း၌ ယင်းကဲ့သို့ လျှပ်စစ်ကားများ ထုတ်လုပ်လာနိုင်ရန်နှင့် ပြည်ပမှ အသုံးပြုပြီးသောကားများ တင်သွင်းခြင်းကို လျှော့ချရန် ရည်ရွယ်၍ အကောက်ခွန်တိုးမြင့်ရခြင်းဖြစ်ကြောင်း သိရသည်။
”ကနဦး ရှေ့ပြေးအနေနဲ့ ILBC ကျောင်းသားတွေက လျှပ်စစ်ကားကို စမ်းသပ်ထုတ်လုပ်ခဲ့ဖူးတယ်၊ ပြည်တွင်းမှာ လျှပ်စစ်ကားတွေ ထုတ်လုပ်မှုကို အားပေးချင်တဲ့အတွက် ပြည်ပကနေ တင်သွင်းမယ့် လျှပ်စစ်ကားတွေကို အကောက်ခွန်တိုးမြင့်တာ ဖြစ်ပါတယ်၊ ဒီမှာ စက်ရုံတွေ တည်ထောင်ပြီး တပ်ဆင်ထုတ်လုပ်မယ်ဆိုရင် ရင်းနှီးမြုပ်နှံမှုတွေရမယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ရမယ်၊ နိုင်ငံခြားငွေသုံးစွဲမှုလည်း လျှော့ ချနိုင်မှာ ဖြစ်ပါတယ်၊ နောက်ပြီး ဒီမှာ တပ်ဆင်ထုတ်လုပ်နေသူတွေကို အားပေးချင်တဲ့အတွက် SKD ၊ CKD တွေရဲ့ အကောက်ခွန်နဲ့ မတိမ်း မယိမ်းဖြစ်အောင် အရင် ၁ ရာခိုင်နှုန်းကနေ အခု ၂ဝ ရာခိုင်နှုန်းအထိ တိုးမြင့်ရတာဖြစ်ပါတယ်”ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အောက်တိုဘာ ၁ ရက်မှစ၍ လျှပ်စစ်ကားများကို အကောက်ခွန် ၁ ရာခိုင်နှုန်းအစား ၂ဝ ရာခိုင်နှုန်းဖြင့် တိုးမြင့်ကောက်ခံလျက်ရှိပြီး လုပ်ငန်း သုံးကားများအပါအဝင် Truck နှင့် Bus များကိုလည်း ၁ဝ ရာခိုင်နှုန်း တိုးမြင့်ကောက်ခံလျက်ရှိကြောင်း သိရသည်။
ကိုရဲ၊ ဆန်းသစ်အောင်