ထိုင်း Honda Click ၊ Scoopy i မိုဒယ်နိမ့်ဆိုင်ကယ်များ တစ်ဟုန်ထိုးစျေးပြုတ်ကျ

194

 

မန္တလေး၊ ဇူလိုင်
Covid-19 ထိန်းချုပ်ဆဲကာလစီးပွားရေးလုပ်ငန်းများကျပ်တည်းနေမှုကြောင့် ထိုင်းနိုင်ငံထုတ် Honda Click ၊ Scoopy i မိုဒယ်နိမ့်ဆိုင် ကယ်များအား ပြန်ရောင်းသူများ လာပြီး စျေးနှုန်းများလည်းတစ်ဟုန်ထိုးထိုးကျသွားကြောင်း မန္တလေး မြို့ ဆိုင်ကယ်ဝယ်/ရောင်းများထံမှ သိရသည်။

“Brand New တွေ စျေး တက်နေပေမဲ့ မိုဒယ်နိမ့်ဘီးတွေ က စျေးထိုးကျသွားတယ်၊ မိုဒယ် သစ်ထွက်တော့မှာကြောင့်လည်း မဟုတ်ဘူး၊ အဓိက စီးပွားရေး အဆင်မပြေလို့ ရရာစျေးနဲ့ ရောင်း ရင်း စျေးထိုးကျကုန်တာ”ဟု မန္တလေးမြို့ စိမ်းကမ္ဘာဆိုင်ကယ် ဝိုင်းမှ ဝါရင့်ဝယ်/ရောင်းတစ်ဦးက ပြောကြားသည်။

ယခင်က ၂ဝ၁၈ မိုဒယ် Click ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၂၁ သိန်းခွဲဝန်းကျင် စျေးပေါက်ခဲ့သော် လည်း ယခုအခါ ၁၈ သိန်းခွဲ ဝန်းကျင်ဖြင့် ဝယ်ယူ၍ရကြောင်း၊ ထို့ပြင် ၂ဝ၁၉ မိုဒယ် Scoopy i တစ်စီးလျှင် ယခင်က ကျပ် ၂၂ သိန်း ဝန်းကျင်စျေးပေါက်ခဲ့သော်လည်း ယခုအခါ ၁၉ သိန်း ခွဲဝန်းကျင်သာ ပေါက်စျေးရှိလာပြီး မိုဒယ်နိမ့်ဆိုင် ကယ်တိုင်း ယခင်ထက် ကျပ်တစ် သိန်းခွဲမှ နှစ်သိန်းခွဲအထိ စျေးပြုတ် ကျသွားကြောင်း မန္တလေးမြို့ခံဝါရင့် ဆိုင်ကယ်ဝယ်/ရောင်းများထံမှ သိ ရသည်။

“မိုဒယ်နိမ့် ထိုင်းဘီးတွေ လည်း အရင်လို စျေးကောင်း မရ တော့ဘူး၊ သိပ်မမြတ်တော့ဘူးပေါ့၊ အထူးသဖြင့် ဒီ Covid-19 ကာလမှာ ဆိုးကုန်တာ၊ တချို့ကျတော့လည်း အရစ်ကျငွေ မကျေသေးလို့ ထပ်မသွင်းနိုင်လို့ဆိုပြီး ပြန်ရောင်းကြတာတွေလည်းရှိသလို တချို့ကျတော့လည်း တခြားကဏ္ဍမှာ ငွေအသုံးလိုလို့ ပြန်ရောင်းကြတာလည်း ရှိတယ်၊ ဗိုက်နာစျေးနဲ့ ပြန်ရောင်း သလိုဖြစ်တော့ စျေးကောင်းမရဘူး ပေါ့၊ ပြီးတော့ ကျွန်တော်တို့ဝယ်/ ရောင်းတွေမှာကလည်း စျေးကောင်း ပေးဝယ်လို့ သိပ်အဆင်မပြေဘူး၊ ဆိုင်ကယ် တစ်ပတ်ရစ်လေး ဝယ်ထားပြီးရင် ပြန်ရောင်းတဲ့အခါ အရင်လို စျေးနဲ့ ပြန်ရောင်းလို့ မရ တော့ဘူးပေါ့၊ အဲဒီမှာ ဝယ်စျေးလည်း ကျသွားသလို ရောင်းစျေးလည်း ကျသွားတယ်”ဟု မန္တလေး မြို့ခံဝါရင့်ဆိုင်ကယ်ဝယ်/ရောင်း တစ်ဦးက ဆိုသည်။

လက်ရှိတွင် မန္တလေးမြို့ပေါ်ရှိဆိုင်ကယ်ဝိုင်းများ၌ ဆိုင်ကယ် ရောင်းဝယ်မှုများ ပြန်လည်စတင် နေပြီဖြစ်သော်လည်း အရောင်းအ ဝယ်အေးစက်နေကြောင်း အဆိုပါ လုပ်ငန်းလုပ်ကိုင်သူများက ပြောဆိုသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here