ထိုင်း ၂ဝ၁၈ မိုဒယ် Honda Click 150 ကို ထိုင်းနိုင်ငံဖက်မှ မြန်မာဖက်သို့ ရောင်းချမှုယာယီကန့်သတ်လိုက်ခြင်းကြောင့် မန္တလေးစျေးကွက်အတွင်း ဆိုင်ကယ်များပြတ်လပ်

1583

မန္တလေး၊မေ

ပြီးခဲ့သည့် မေလဆန်းပိုင်းကမှမြန်မာပြည်စျေးကွက်အတွင်းသို့ရောက်ရှိထားသော ၂ဝ၁၈ မိုဒယ် Honda Click 150 ဆိုင်ကယ်များကို မေလတတိယပတ်အတွင်း ထိုင်းနိုင်ငံဖက်မှ မြန်မာဖက်သို့ ရောင်းချမှု ယာယီကန့်သတ်လိုက်ခြင်းကြောင့် မန္တလေးစျေးကွက်အတွင်း ယင်းဆိုင်ကယ်များ ပြတ်လပ်သွားကြောင်း သိရသည်။

”ထိုင်း Honda စက်ရုံကနေ စထုတ်တာက ပြည်တွင်းသုံးအနေနဲ့ စထုတ်လိုက်တာ၊စထွက်ခါစဆိုတော့ မြန်မာဖက်ကရော၊ ကမေ္ဘာဒီယားရော၊လာအိုဖက်ကရော အမြန်လုဝယ်ကြတော့ ထိုင်းဖက်မှာ  ပုံမှန်ပေါက်စျေးထက် စျေးမြင့်သွားတယ်၊ စထုတ်ကတည်းက အစီးရေနည်းတဲ့ဟာကို အခုလို ကျွန်တော်တို့မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက စုဝယ်လိုက်တဲ့အချိန်မှာ ထိုင်းပြည်တွင်း သုံးဖို့ ဝယ်ဖို့ကို ဆိုင်ကယ်က တော်တော်နည်းသွားတယ်၊ သူတို့ ထိုင်းနိုင်ငံအတွက်ကို ပစ္စည်းမလောက်ဘူးဖြစ်သွားတယ်ပေါ့၊ ဒါကြောင့် အခုကျတော့ ထိုင်းနိုင်ငံထဲက Honda ကိုယ်စားလှယ်ဆိုင်တွေကို Export ထပ်မရောင်းဖို့ Distributor ကုမ္ပဏီကနေစာထုတ်လိုက်တယ်လို့ကြားတယ်၊ အရေးယူမယ်ဆိုပြီး စာထုတ်လိုက်တော့ မြန်မာဖက်ကို Export မရောင်းရဲတော့တဲ့အချိန်မှာ ပစ္စည်းပြတ်သွားတာ၊ အခု ဆိုင်အများစု ၂ဝ၁၈ Click 150 က ပစ္စည်းပြတ်သွားကြပြီ”ဟု ထိုင်းဆိုင်ကယ်များတင်သွင်းရောင်းချလျက်ရှိသော မန္တလေးမြို့ခံ ကုန်သည်တစ်ဦးကပြောကြားသည်။

ယခင်နှစ်များက မိုဒယ်အဟောင်းနှင့်အသစ်အပြောင်းအလဲကြား ယင်းဖြစ်ရပ်မျိုး မကြုံခဲ့ဖူးဘဲ ယခုတစ်ကြိမ်သည် မြန်မာဖက်မှအချို့ကုန်သည်များအတွက် အထိနာခဲ့ကြောင်း၊ ထိုသို့ ထိုင်း Honda Click 150 ဆိုင်ကယ်များ ပြတ်လပ်သော်လည်း ၂ဝ၁၈ မိုဒယ် Honda Scoopy i ဆိုင်ကယ်များမှာ ဆက်တိုက်တင်သွင်း၍ ရနေသောကြောင့် လက်ရှိတွင် ၂ဝ၁၈ မိုဒယ် Honda Scoopy i နှင့် ၂ဝ၁၇ မိုဒယ် Click ဆိုင်ကယ်များသာ ရောင်းချနေရကြောင်း မန္တလေးမြို့ခံဆိုင်ကယ်အရောင်းပြခန်းများထံမှ စုံစမ်းသိရသည်။

”ဒီရက်ပိုင်း ထိုင်း Honda Click 150 တွေပစ္စည်းပြတ်သွားတဲ့အတွက် အခု ၂ဝ၁၈ မိုဒယ် Scoopy i နဲ့ ၂ဝ၁၇ မိုဒယ် Click လောက်ပဲ အားထားရောင်းနေရတယ်၊ ၂ဝ၁၈ မိုဒယ်က လတ်တစ်လော ပစ္စည်းပြတ်နေပေမယ့်မေးတဲ့သူနည်းတယ်၊ ဘာလို့ဆိုစျေး က ၃၃ သိန်းဝန်းကျင်လောက်ဖြစ်တော့ ငွေသိပ်မလိုက်နိုင်ကြဘူးလေ၊ ဒါကြောင့် တစ်ချို့ကလည်း စျေးသင့်တဲ့ Scoopy i နဲ့ 2017 Click လောက်ပဲ ရှာဝယ်ကြတော့တာ”ဟု မန္တလေးမြို့ Auto Star ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင် ကိုစိုးမြင့်ထွန်းက ဆိုသည်။

မန္တလေးမြို့တော်တွင် ၂ဝ၁၈ မိုဒယ် Honda Click 150 ဆိုင်ကယ်များ စျေးကွက်တွင်းပစ္စည်းမပြတ်လပ်သည့်အချိန်ထိ တစ်စီးလျှင် ၃၃ သိန်းဝန်းကျင်ရောင်းချကြပြီး ၂ဝ၁၈ မိုဒယ် Scoopy i မှာ လက်ရှိ စပုတ်-၂၄ သိန်း၊ ဒလက် ၂၅ သိန်းဝန်းကျင်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here