ထိုင်း ၂ဝ၁၈ မိုဒယ် Honda Click 125 i ဆိုင်ကယ်များ စျေးကွက်အတွင်းစတင်ဝင်ရောက်ချိန် ၂ဝ၁၇ မိုဒယ် Honda Click ဆိုင်ကယ်များ ကျပ်နှစ်သိန်းခန့်စျေးတက်

1525

မန္တလေး၊ မေ

ထိုင်းနိုင်ငံထုတ် ၂ဝ၁၈ မိုဒယ် Honda Click 125 i ဆိုင်ကယ်များ ပြည်တွင်းစျေးကွက်အတွင်းသို့ မေလ စတုတ္ထပတ်တွင် စတင်ဝင်ရောက်လာသော်လည်း စျေးနှုန်းမြင့်မားမှုကြောင့် အများစုမှာ ၂ဝ၁၇ မိုဒယ် Honda Click ဆိုင်ကယ်များသာ အဝယ်လိုက်နေပြီး ယင်းဆိုင်ကယ်များ ကျပ်နှစ်သိန်းခန့် စျေးတက်သွားကြောင်း မန္တလေးမြို့ ဆိုင်ကယ်အရောင်းပြခန်းများမှ သိရသည်။

”၂ဝ၁၈ မိုဒယ် Honda Click 150i က အခုမန္တလေးမှာ ကျပ် ၃၃ သိန်း စျေးပေါက်တယ်၊ အခုမှ စဝင်လာတဲ့ Click 125 က ကျပ် ၂၈ သိန်းခွဲလည်း ရောင်းကြသလို ၂၉ သိန်းလည်း ရောင်းကြတယ်၊ စျေးက ၂ဝ၁၇ မိုဒယ်နဲ့ယှဉ်ရင် တော်တော်မြင့်တက်သွားတယ်၊ ၂ဝ၁၈ မိုဒယ်ကထင်ထားတာထက် စျေးတအားများနေတော့ အများစုက လက်ထဲမှာရှိထားတဲ့ ငွေလေးနဲ့ ကိုက်ညီတဲ့ ၂ဝ၁၇ မိုဒယ် Click ကိုပဲ ပြန်ရှာဝယ်ကြတော့တယ်၊ ဒီရက်ပိုင်း ၂ဝ၁၈ Click ထက် ၂ဝ၁၇ မိုဒယ် Click ကို ပိုမေးကြတာများသလို ပိုလာဝယ်ကြတယ်” ဟု မန္တလေးမြို့ ‘Auto Star ဆိုင်ကယ်ရောင်းဝယ်ရေး’မှ ကိုစိုးမြင့်ထွန်းက ပြောသည်။

ပြီးခဲ့သည့် မေလဆန်းပိုင်းက ၂ဝ၁၈ မိုဒယ် ထိုင်း Honda Click ဆိုင်ကယ်များ စျေးကွက်အတွင်း စတင်ဝင်ရောက်လာတော့မည့် သတင်းကြောင့် ၂ဝ၁၇ မိုဒယ် Honda Click ဆိုင်ကယ်များ စျေးကွက်အတွင်း ဝယ်ယူမှု ယာယီရပ်တန့်သွားခဲ့ပြီး ယခု မေလကုန်ပိုင်းမှသာ အများစုထင်ကြေးပေးထားကြသည့် စျေးနှုန်းနှင့် များစွာကွာဟမှုကြောင့် ၂ဝ၁၇ မိုဒယ် Click ပြန်လည်အဝယ်လိုက်လာခြင်းဖြစ်ကြောင်း၊ ထိုသို့ အဝယ်လိုက်လာခြင်းကြောင့် ၂ဝ၁၇ မိုဒယ် Honda Click ဆိုင်ကယ်များမှာ ယခင် ဒလက်ဘီး ကျပ် ၂၄ သိန်း ဖြင့် ရောင်းချနေရာမှ ယခု ကျပ် ၂၆ သိန်းအထိ စျေးတက်ရောင်းချလာကြကြောင်း ယင်းစျေးကွက်မှ သိရသည်။

”အခု ၂ဝ၁၇ မိုဒယ် Click ဆိုင်ကယ်တွေက ထိုင်းရော မြဝတီ နယ်စပ်မှာပါ ဘီးရှားသွားလို့ ဝယ်လို့ သိပ်မရတော့ဘူး၊ ဘီးရှားသွားတော့ ဝယ်ရတဲ့စျေးလည်း နည်းနည်းတက်သွားတယ်၊ ရောင်းတော့လည်း အဝယ်လိုက်မှန်းသိလို့ စျေးကို အရင်ပေါက်စျေးထက် စျေးတင်ရောင်းကြ တာလည်း ပါတာပေါ့၊ Click မှာက မန္တလေးမှာ စပုတ်ဘီးဝယ်တဲ့သူ တော်တော်နည်းတယ်၊ ဒလက်ဘီးပဲဝယ်ကြတော့ ဒလက်ဘီးက ကျပ် နှစ်သိန်းလောက် စျေးတက်သွားတယ်”ဟု မန္တလေးမြို့ခံ ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မန္တလေးမြို့တွင် လက်ရှိ ၂ဝ၁၈ မိုဒယ် Honda Click 150i ကျပ် ၃၃ သိန်း၊ Click 125i ကျပ် ၂,၈၅ဝ,ဝဝဝ၊ ၂ဝ၁၈ မိုဒယ် Scoopy i ကျပ် ၂,၈၅ဝ, ဝဝဝ၊ ၂ဝ၁၇ မိုဒယ် Honda Click ကျပ် ၂၆ သိန်းစသော စျေးနှုန်းများ ရှိနေသည်။

ကျော်ကျော်အောင် (ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here