ထိုင်းနှင့် ဗီယက်နမ်နိုင်ငံထုတ် ဆိုင်ကယ်စျေးနှုန်းများကို မြန်မာနိုင်ငံ မော်တော်ဆိုင်ကယ် တင်သွင်းထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများအသင်းမှ ထုတ်ပြန်မည့်စျေးနှုန်းများအတိုင်းသာ ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင်တင်ကြရန် ကြေညာချက်ထုတ်

1072

မန္တလေး၊ ဇန်နဝါရီ
ထိုင်းနှင့် ဗီယက်နမ်နိုင်ငံထုတ်မော်တော်ဆိုင်ကယ်စျေးကွက် အခြေအနေကို ထိန်းသိမ်းနိုင်ရန်အတွက် မြန်မာနိုင်ငံ မော်တော်ဆိုင်ကယ် တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်း၏Facebook Page တွင် အပတ်စဉ် တနင်္လာနေ့တိုင်း လက်လီစျေးနှုန်းများ တင်ပေးသွားမည်ဖြစ်ပြီး ထိုစျေးနှုန်းများ အတိုင်းသာ ကိုယ်ပိုင် Facebook Page များတွင်တင်ကြရန် ဇန်နဝါ ရီ ၁၃ ရက်က ကြေညာချက် ထုတ် ပြန်လိုက်ကြောင်း သိရသည်။

‘‘ဟိုတစ်လောက ထိုင်းနဲ့ဗီယက်နမ် ဆိုင်ကယ်စျေးကွက်က စျေးတွေ အပြိုင်အဆိုင်လျှော့ကြရင်း စျေးကွက်ပျက်သလို ဖြစ်သွားတယ်၊ ဒါကြောင့် ကျွန်တော်တို့အသင်းတွေကို အစည်းအဝေးခေါ်ပြီး မန္တလေးမှာ ဇန်နဝါရီ ၁၃ ရက်ကပဲ အစည်းအဝေး ထိုင်ကြတယ်၊ စျေးကွက်တည်ငြိမ်ဖို့၊ ရေရှည်သွားနိုင် ဖို့ဆိုရင် အားလုံးညီညွတ်မှရမှာ ဖြစ်တဲ့အတွက် အစည်းအဝေး တက်ရောက်သူများအားလုံး သဘောတူညီချက်အရ ထိုင်းနဲ့ ဗီယက်နမ် ဆိုင်ကယ်စျေးတွေကို အပတ်စဉ် တနင်္လာနေ့တိုင်း အသင်းရဲ့ Facebook Page မှာ လက်လီစျေးနှုန်းတွေ တင်ပေးသွားမယ်၊ အဲဒီစျေးနှုန်း အတိုင်းပဲ ကိုယ်ပိုင် Facebook Page တွေမှာ တင်ကြဖို့ ကြေညာချက် ထုတ်တာပါ၊ နောက်ပိုင်းဆို အရေးယူမှုတွေနဲ့ တွဲလာမှာပါ’’ဟု မြန်မာနိုင်ငံ မော်တော်ဆိုင်ကယ် တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်း အတွင်းရေးမှူး ဦးဘိုဘိုမြတ်ကျော်က ပြောကြားသည်။

မန္တလေးမြို့တွင် ယခင် ရက်သတ္တပတ်များက ထိုင်းနှင့် ဗီယက်နမ် ဆိုင်ကယ်စျေးနှုန်းများကို တစ်ဆိုင်နှင့်တစ်ဆိုင် Facebook Page နှင့် ကိုယ်ပိုင် Account များ တွင် အပြိုင်အဆိုင် လျှော့စျေးများ တင်၍ ရောင်းချခဲ့ကြကြောင်း၊ ထိုသို့ ရောင်းချခဲ့ကြရာမှ အမြတ်မကျန်ဘဲ စျေးကွက်ပျက်လုနီးပါး ဖြစ်သွားခဲ့သည့်အတွက် ထပ်မံ မဆိုးရွားစေရန် ကြိုတင်ထိန်းသိမ်းသည့်အနေဖြင့် အသင်းသားစုံညီ အစည်းအဝေးကို ဇန်နဝါရီ ၁၃ ရက် က မန္တလေးမြို့တွင် ကျင်းပခဲ့ပြီး (၁/၂ဝ၂ဝ)ဖြင့် ကြေညာချက် ထုတ်ခဲ့ခြင်းလည်းဖြစ်ကြောင်း အဆိုပါ အသင်းမှ သိရသည်။

‘‘အဓိကကတော့ ကျွန်တော် တို့ မော်တော်ဆိုင်ကယ်အသင်းရဲ့ တရားဝင် Facebook Page မှာ တင်တဲ့စျေးအတိုင်းပဲ ကိုယ်ပိုင် Facebook Page တွေမှာ တင် ကြဖို့ ကြေညာချက်ထုတ်တာဖြစ်တယ်၊ မလိုက်နာဘူးဆိုရင် ဒဏ်ငွေ ရိုက်သွားမယ်၊ ပထမအကြိမ် ကျပ်သိန်းငါးဆယ်၊ ဒုတိယအကြိမ် ကျပ်သိန်းတစ်ရာ၊ တတိယအကြိမ် မော်တော်ဆိုင်ကယ် ရောင်းချခြင်း ရပ်စဲသည်အထိ အရေးယူသွားမယ်၊ ဒဏ်ငွေကိုတော့ အသင်းကို ပေးဆောင်ရမယ်’’ဟု မြန်မာနိုင်ငံ မော်တော်ဆိုင်ကယ် တင်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအသင်း၏ အတွင်းရေးမှူး ကိုဘိုဘိုမြတ်ကျော်က ထပ်မံဆိုသည်။

မြန်မာနိုင်ငံ မော်တော်ဆိုင်ကယ် တင်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအသင်းကို ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်၊ မေ ၂ဝ ရက် က စတင်ဖွဲ့စည်းခဲ့ပြီး ဆိုင်ကယ် လောကသားများ၏ အခက်အခဲ များကို ကူညီ ဖြေရှင်းပေးနိုင်ရန် အတွက် တရားဝင်အသင်းဖြစ်လာရေးအတွက်လည်း ကြိုးပမ်းနေ ကြောင်း သိရသည်။
ေကျာ်ေကျာ်ေအာင်
(ကေလးြမို့)

LEAVE A REPLY

Please enter your comment!
Please enter your name here