ထင်ရှားပေါ်လွင်တဲ့ ကားရှေ့မျက်နှာစာအလှတရားနဲ့ 2019 CHEVROLET MALIBU RS

346

Chevrolet Chevelle ကားမိုဒယ်ရဲ့ Trim Level တစ်ခုအဖြစ် စတင်ပေါ်ပေါက်လာတဲ့ Chevrolet Malibu ဟာ ၁၉၇၈ ခုနှစ်ကစလို့ သီးသန့်မိုဒယ်တစ်ခုအနေနဲ့ ရပ်တည်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ကယ်လီ ဖိုးနီးယားပြည်နယ်ရဲ့ နာမည်ကျော်ကမ်းခြေဒေသ Malibu ကို အစွဲပြုမှည့်ခေါ်ထားတဲ့ Malibu ကားမိုဒယ်ဟာ အခုဆိုရင် နဝမမျိုးဆက်တိုင်ခဲ့ပါပြီ။ Chevrolet ကားကုမ္ပဏီဟာ နဝမမြောက်မျိုးဆက်သစ်မိုဒယ်ကို ၂ဝ၁၆ ခုနှစ်က ထုတ်လုပ်ခဲ့ပြီး ၂ဝ၁၈ ခုနှစ်မှာတော့ အသစ်မွမ်းမံထားတဲ့ ၂ဝ၁၉ မိုဒယ်သစ်ကို ထပ်တိုးမိတ်ဆက်ခဲ့ပါတယ်။ ၂ဝ၁၉ မိုဒယ်ဟာ ကားကိုယ်ထည်ရော အတွင်းခန်းကိုပါ မွမ်းမံပြောင်းလဲထားပေမဲ့ ရှိရင်းစွဲဂုဏ်ဒြပ်တွေက တော့ မပြောင်းမလဲကျန်ရှိပါတယ်။ 2019 Chevrolet Malibu မိုဒယ်သစ်မှာ ကနဦးမိုဒယ်တွေနဲ့အတူ အသစ်ထပ်တိုးပါဝင်လာတာကတော့ ပေါ့ပေါ့ပါးပါးဖန်တီးထားတဲ့ Malibu RS Trim Level ပါပဲ။

စက်စွမ်းရည်
Malibu မိုဒယ်သစ်မှာ ကိုယ်ထည်နဲ့ အတွင်းခန်းကို အဆင့်မြှှင့် တင်မွမ်းမံထားပေမဲ့ စက်စွမ်းရည်ကတော့ သိပ်မပြောင်းလဲပါဘူး။ Malibu RS မှာဆိုရင် မြင်းကောင်ရေ ၁၆၃ ကောင်အား 1.5 Liter Turbo-charged အင်ဂျင် တပ်ဆင်ထားပြီး အင်ဂျင်က ထုတ်လုပ်ပေးလိုက်တဲ့ စွမ်းအင်တွေကိုတော့ အသစ်အစားထိုးတပ်ဆင်ထားတဲ့ CVT ဂီယာ ကနေတစ်ဆင့် ကားရှေ့ဘီးတွေဆီ ပိုလွတ်မောင်းနှင်စေမှာပါ။ Malibu RS Trim ဟာ ပေါ့ပေါ့ပါးပါးမောင်းနှင်အသုံးပြုနို်င်ဖို့ ဖန်တီးထားတာ ဖြစ်ပြီး 2019 Malibu မှာ အဲဒီထက် စွမ်းဆောင်ရည် ပိုကောင်းတာလို ချင်ရင်တော့ မြင်းကောင်ရေ ၂၅ဝ အား 2.0 Liter အင်ဂျင်ကို Auto ဂီယာကိုးချက်နဲ့ တွဲဖက်တပ်ဆင်ထားတဲ့ Malibu Premier Trim ကို ရွေးချယ်နိုင်ပါတယ်။

တည်ဆောက်ပုံ
Malibu ရဲ့ ၂ဝ၁၉ မိုဒယ်သစ်မှာ အရွယ်အစားပိုကြီးမားတဲ့ ရှေ့ မျက်နှာစာ ရှဲလ်(Grille) ဒီဇိုင်းသစ်နဲ့ ရှဲလ်ကို Chevrolet အမှတ်တံ ဆိပ်လိုဂိုပါဝင်တဲ့ ခရိုမီယမ်ရောင်ဘားတန်းတစ်ခုနဲ့ ခွဲခြားထားတဲ့ ဒီဇိုင်း တို့ကြောင့် ကားရှေ့မျက်နှာစာကို ပေါ်လွင်စေပါတယ်။ ကားအနောက် ဘက်မှာတော့ သိသာထင်ရှားတဲ့ အပြောင်းအလဲ နည်းပါးပါတယ်။ ကား ကိုယ်ထည်မှာ အသစ်မွမ်းမံထားတဲ့ ဒီဇိုင်းအပြင်အဆင်တွေပါဝင်သလို အရင်က ရင်းနှီးကျွမ်းဝင်ပြီးသား ဒီဇိုင်းတွေကိုလည်း ဆက်လက်အသုံး ပြုထားပါတယ်။ အံ့သြမှင်တက်ရလောက်အောင် ပေါ့ပါးဖျတ်လတ်မှုကို အသားပေးဖန်တီးထားတဲ့ Malibu RS Trim Level အသစ်မှာတော့ သွက်လက်ပေါ့ပါးဟန်ပေါက်တဲ့ ကိုယ်ထည်ရုပ်ထွက်ကို တွေ့မြင်ရမှာ ဖြစ်ပြီး အနက်ရောင် ရှဲလ်၊ ထူးခြားလှပတဲ့ ၁၈ လက်မအရွယ် ကား ဘီးတွေ၊ အသစ်မွမ်းမံထားတဲ့ အိပ်ဇောပိုက်နှစ်ခု၊ လေပင့်အားထိန်း တောင်ပံငယ်နဲ့ RS လိုဂိုတွေ တပ်ဆင်ပေးထားရုံတင်မက ကိုယ်ထည်အရောင်သစ်တွေကိုလည်း ရရှိနိုင်ပါတယ်။ ကားရှေ့မျက်နှာစာမှာ နှစ်ခုခွဲခြားထားတဲ့ ရှဲလ်ဒီဇိုင်း၊ ကားရှေ့မီးနဲ့ နေ့လင်းမီး(Daytime Running Light)တွေကို သစ်လွင်တောက်ပစွာ တွေ့မြင် ရမှာဖြစ်ပြီး ကောက်ကြောင်းပိုထင်ရှားလှပတဲ့ ကားဘေးဘက်က ကား ရှေ့တံခါးပေါ်မှာ Malibu ဆိုတဲ့ စာသားကို ခရိုမီယမ်ရောင်တောက် တောက်နဲ့ အထင်အရှား ရေးထိုးတပ်ဆင်ထားပါတယ်။ ရိုးရှင်းလှပတဲ့ ကားအနောက်ဘက်မှာ ပုံမှန်ဆီဒန်ကားတစ်စီးထက် ပိုပြီးထင်ရှားသိသာ တဲ့ အနောက်ဘက်လေပင့်အားထိန်းတောင်ပံနဲ့အတူ Chevrolet အမှတ် တံဆိပ်လိုဂို၊ Malibu မိုဒယ်အမည်၊ RS အမည်စာသားတို့ကိုလည်း ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်။

အတွင်းခန်း
တံခါးလေးပေါက်နဲ့ အရွယ်အလတ်စား ဆီဒန်ကားသစ် Malibu ရဲ့ အသစ်မွမ်းမံထားတဲ့ ကားအတွင်းခန်းမှာ ကားထိုင်ခုံတွေကိုတင်မက စတီယာရင်ကိုရော Shifter ကိုပါ Leather နဲ့ ဖန်တီးမွမ်းမံထားပါတယ်။ Power Driver Seat နဲ့ အပူပေးနိုင်တဲ့ ကားနောက်ခန်းထိုင်ခုံတွေ ပါဝင်တဲ့ ကားအတွင်းမှာ နည်းပညာတွေကိုလည်း ထပ်တိုးအဆင့်မြှင့်တင် ထားပြီး ရှစ်လက်မအရွယ်Chevrolet Infotainment 3 Touch Screen ဖန်သားပြင်ကို အသစ်ထပ်ဆင်ပေးထားပါတယ်။ ဒါ့ပြင် ၂ဝ၁၉ မိုဒယ် အနေနဲ့ အရွယ်အစားပိုကြီးတဲ့ ရှစ်လက်မအရွယ် Driver Infotainment Center တင်မက ပိုကောင်းတဲ့ Bluetooth ကြိုးမဲ့ချိတ် ဆက်စနစ်၊ ပိုမြန်ဆန်တဲ့ နည်းပညာတွေ၊ ပိုအဆင့်မြင့်လာတဲ့ ရုပ်ထွက်ဒီဇိုင်းအနေ အထားနဲ့အတူ Apple CarPlay ၊ Android Auto နဲ့ 4G LTE Wi-fi Hotspot တို့လည်း ပါဝင်ပါတယ်။

စျေးနှုန်းနှင့် ပြိုင်ဘက်
လာမယ့် ဆောင်းဦးရာသီမှာ စျေးကွက်တင်ရောင်းချဖို့ စီစဉ်ထားတဲ့ ၂ဝ၁၉ မိုဒယ် Chevrolet Malibu အတွက် စျေးနှုန်းတွေကို အတိအကျ မသိရသေးပေမဲ့ ကုမ္ပဏီရဲ့အဆိုအရ Malibu RS Trim Level ကိုတော့ အမေရိကန်ဒေါ်လာ နှစ်သောင်းခွဲဝန်းကျင်နဲ့ ရောင်းချသွားမယ်လို့ သိရပါ တယ်။ အရွယ်အလတ်စား ဆီဒန်ကားစျေးကွက်မှာ စျေးနှုန်းအရ Malibu ကားသစ်ရဲ့ အဓိကပြိုင်ဘက်တွေကတော့ Honda Accord Sport နဲ့ Toyota Camry ထိပ်တန်းဗားရှင်းတို့ပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here