ထင်ရှားပေါ်လွင်ချင်တဲ့ လူငယ်လူရွယ်တွေကိုရည်ရွယ်တဲ့ 2018 Rolls-Royce Ghost Black Badge

764

နာမည်ကျော် ဇိမ်ခံကားကုမ္ပဏီကြီး Rolls-Royce ရဲ့ အထူးမွမ်းမံရေးလုပ်ငန်းခွဲဟာ ခမ်းနားထည်ဝါတဲ့ ကိုယ်ထည်၊ အဆင့်မြင့်ဇိမ်ကျတဲ့ အတွင်းခန်း၊ မြင့်မားတဲ့ စွမ်းဆောင်ရည်တို့နဲ့ ပြိုင်ဘက်ကင်းတဲ့ အထူးထုတ်ကားမိုဒယ်တွေကို ထုတ်လုပ်ဖန်တီးပါတယ်။ အခုလက်ရှိမှာ အဲဒီအချက်ကို အကောင်းဆုံးသက်သေပြနေတာကတော့ ၂ဝ၁၈ မိုဒယ် အထူးထုတ်ဇိမ်ခံကားသစ် Rolls-Royce Ghost Black Badge ပါပဲ။ Ghost Black Badge မိုဒယ်သစ်ကို ၂ဝ၁၆ ခုနှစ် ဂျီနီဗာကားပြပွဲမှာ ပွဲထုတ်ပြသခဲ့ပါတယ်။
ကုမ္ပဏီရဲ့အဆိုအရ ၂ဝ၁၈ Rolls-Royce Ghost Black Badge ကားသစ်ဟာ အများကြားမှာ ထင်ရှားပေါ်လွင်ချင်တဲ့ လူငယ်လူရွယ်တွေအတွက် အဓိကရည်ရွယ်ပါတယ်။

စက်စွမ်းရည်

အထူးထုတ်မိုဒယ်ပီပီ ကိုယ်ထည်အတွင်း/အပြင်ကိုတင်မကဘဲ စက် ပိုင်းဆိုင်ရာကိုလည်း အဆင့်မြှင့်တင်ထားတဲ့ Ghost Black Badge မှာ အရွယ်အစားကြီးမားတဲ့ 6.6 Liter Twin Turbo V12 အင်ဂျင်ကို တပ်ဆင်ပေးထားပြီး အရင်ထက် မြင်းကောင်ရေ လေးဆယ်အား ပိုများတာကြောင့် မြင်းကောင်ရေ ၆ဝ၃ကောင်အားအထိ ထုတ်လုပ်ပေးနိုင်ပါတယ်။ အဲဒီပမာဏအရဆိုရင် Black Badge ဗားရှင်းဟာ ထုတ်လုပ်ခဲ့သမျှ Ghost မိုဒယ်တွေထဲမှာ စွမ်းအားအပြည့်ဝဆုံးလို့ ဆိုနိုင်ပါတယ်။ အင်ဂျင်က ထုတ်လုပ်ပေးလိုက်တဲ့ စွမ်းအင်တွေကိုတော့ တုံ့ပြန်အား ဖျတ်လတ်ကောင်းမွန်တဲ့ ZF Auto ဂီယာရှစ်ချက်ကနေတစ်ဆင့် ကားဘီးတွေဆီ ပို့လွှတ်မောင်းနှင်စေမှာပါ။ ကားရဲ့ အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီကို ၁၅၅ မိုင်နှုန်းဖြစ်ပြီး ၄ ဒသမ ၆ စက္ကန့်အတွင်းမှာ သုညမိုင်ကနေ တစ်နာရီ မိုင်ခြောက်ဆယ်နှုန်းရောက်အောင် အရှိန်မြှင့်တင်နိုင်ပါတယ်။ ဆီစားနှုန်းကတော့ တစ်ဂါလန်ကို ၁၉ မိုင်နှုန်း ဖြစ်ပါတယ်။ စွမ်းအင် ပြည့်ဝရုံတင်ကမဘဲ ကားရဲ့ဆိုင်းထိန်းစနစ်နဲ့ စတီယာရင်စနစ်တို့ကိုလည်း အဆင့်မြှင့်မွမ်းမံပေးထားပါတယ်။

တည်ဆောက်ပုံ

တံခါးလေးပေါက်နဲ့ အဆင့်မြင့်ဇိမ်ခံကားသစ် Ghost Black Badge ရဲ့ ကိုယ်ထည်မှာ ပထမဆုံးအနေနဲ့ အမြင်အာရုံကို ဖမ်းစားမယ့်အရာကတော့ နက်မှောင်တောက်ပတဲ့ အနက်ရောင်ဆေးသားပါပဲ။ ကားကိုယ်ထည်က အနက်ရောင်ဆေးသားကို အရင်မိုဒယ်တွေနဲ့မတူဘဲ အလွှာအထပ်ထပ် ဆေးခြယ်ထားပြီး လက်အားကိုပဲ အသုံးပြုထားပါတယ်။ ကားရှေ့မျက်နှာစာမှာ အထူးခြားအထင်ရှားဆုံးကတော့ အနက်ရောင် ပြောင်လက်နေတဲ့ မျက်နှာစာ ရှဲလ်(Grille)နဲ့ ကားစက်ဖုံးထိပ်က ထူးထူးခြားခြား အနက်ရောင်ဖန်တီးထားတဲ့ Flying Lady လို့ အမည်ရတဲ့ Rolls-Royce လိုဂိုအမှတ်အသားပဲ ဖြစ်ပါတယ်။ Rolls-Royce ကားတွေမှာ ပြောင်လက်တောက်ပတဲ့ ခရိုမီရောင်တွေ ခပ်များများ အသုံးပြုတတ်ပေမဲ့ အခု Black Badge မှာတော့ အမည်နဲ့လိုက်အောင် အနက်ရောင် ဒီဇိုင်းအပြင်အဆင်တွေကိုချည်း အဓိကအသုံးပြုထားတာကလည်း ကားရဲ့ ထူးခြားချက်တစ်ခုပါပဲ။ ကားပြတင်းပေါက်၊ ကားတံခါးလက်ကိုင်နဲ့ အိပ်ဇောပိုက်တို့ကိုတော့ ခရိုမီယမ်ရောင် ဖန်တီးထားပါတယ်။ ကားကိုယ်ထည်တစ်ခုလုံးမှာ ထူးထူးခြားခြားတောက်ပနေတဲ့ ဒီဇိုင်းဆန်းကားဘီးတွေကတော့ အနက်ရောင်ကိုယ်ထည်အစိတ်အပိုင်းတွေကြားမှာ ခရိုမီယမ်ရောင်တောက်တောက်နဲ့ ထင်ရှားပေါ်လွင်နေပြီး ဘီးခွေတွေကို ပေါ့ပါးကြံ့ခိုင်တဲ့ ကာဗွန်ဖိုင်ဘာသားတွေနဲ့ ဖန်တီးထားပါတယ်။ ကုမ္ပဏီရဲ့အဆိုအရ ကားကိုယ်ထည်ကို အနက်ရောင်တင်မကဘဲ ဝယ်သူ ကြိုက်နှစ်သက်ရာအရောင်နဲ့လည်း ရရှိနိုင်ပါတယ်။ ဒါပေမဲ့ Black Badge ဆိုတဲ့အတိုင်း ကားရှေ့ စက်ဖုံးပေါ်က လိုဂိုရုပ်ကြွ ကိုတော့ အနက်ရောင်ပဲ ဖန်တီးထည့်သွင်းပေးမှာပါ။

အတွင်းခန်း

အရွယ်အစားပြည့် ဇိမ်ခံဆီဒန်ကားသစ်ကြီး Ghost Black Badge ရဲ့ ငါးယောက်စီးအတွင်းခန်းမှာ ကားကိုယ်ထည်လိုပဲ Black Badge ဆိုတဲ့ အမည်နဲ့လိုက်အောင် နက်မှောင်တဲ့ အပြင်အဆင်တွေကို တွေ့မြင်ကြရမှာပါ။ ကားအတွင်းခန်းတစ်ခုလုံးကို အနက်နဲ့ ခရမ်း နှစ်ရောင်စပ် ဒီဇိုင်းအဖြစ် ခံ့ညားလှပစွာ ဖန်တီးထားပါတယ်။ Black Badge ရဲ့ ဒက်ရှ်ဘုတ်၊ Centre Console နဲ့ ကားတံခါးအတွင်းပေါင်တို့ကို အလူမီနီယမ်-ကာဗွန်ဖိုင်ဘာ ပေါင်းစပ်သတ္တုတွေနဲ့ အသုံးပြုထားပါတယ်။ ကားနောက်ခန်းမှာ Rolls-Royce ကားတွေရဲ့ ထုံးစံအတိုင်း ရှေ့ထိုင်ခုံ နောက်ကျောမှာ တပ်ဆင်ထားတဲ့ ဖျော်ဖြေရေးဖန်သားပြင်နဲ့ ခေါက်စားပွဲတို့တင်မက နောက်ခန်းထိုင်ခုံနှစ်ခုကြားမှာလည်း ဝိုင်ပုလင်းထည့်စရာ သေတ္တာအသေးစားလေး ပါဝင်ပါတယ်။ ကားထိုင်ခုံနောက်မှီမှာ R ဆိုတဲ့ လိုဂိုအမှတ်အသားကို ရေးထိုးခတ်နှိပ်ထားပါတယ်။ ဒါ့ပြင် အတွင်းခန်းရဲ့ ထူးခြားချက်တစ်ခုကတော့ ကားအတွင်းခန်းခေါင်မိုးမှာ မီးလုံးပေါင်း ၁,၃ဝဝ လောက်ပါဝင်တဲ့ Starlight Headliner ကို ထည့်သွင်းပေးထားတာကြောင့် မိုးကောင်းကင်မှာ ကြယ်လေးတွေ ထွန်းလင်းနေသလို အသွင်အပြင်မျိုးအဖြစ် လှပစွာတွေ့မြင်ရမှာပါ။ ကားအတွင်းခန်းကျယ်ဝန်းရုံမက ကားထိုင်ခုံတွေမှာ အညောင်းအညာပြေစေမယ့် Massage Function ပါဝင်ပြီး ထိုင်ခုံခေါင်းမှီနေရာမှာလည်း နူးညံ့ဇိမ်ကျစေမယ့် ခေါင်းအုံးလေးတွေ တပ်ဆင်ပေးထားပါတယ်။ နောက်ထပ် ထူးခြားချက်တစ်ခုကတော့ ကားနောက်တံခါးပေါင်အတွင်းမှာ ထီးထည့်စရာနေရာ ဖန်တီးပေးထားတာပဲ ဖြစ်ပါတယ်။

စျေးနှုန်းနှင့် ပြိုင်ဘက်

၂ဝ၁၈ မိုဒယ် Rolls-Royce Ghost Black Badge ဇိမ်ခံဆီဒန် ကားသစ်ရဲ့စျေးကို အတိအကျမသိရသေးပေမဲ့ ရိုးရိုး Ghost မိုဒယ်ရဲ့ စျေးဟာ အမေရိကန်ဒေါ်လာနှစ်သိန်းခွဲဖြစ်တာကြောင့် ကျွမ်းကျင်သူတွေကတော့ Black Badge ဟာ ဒေါ်လာသုံးသိန်းခွဲဝန်းကျင် ဖြစ်မယ် လို့ ခန့်မှန်းထားကြပါတယ်။ အဆင့်မြင့်ဇိမ်ခံကားစျေးကွက်မှာ ၂ဝ၁၈ Rolls-Royce Ghost Black Badge နဲ့ အဓိကပြိုင်ဘက်တွေကတော့ Bentley Flying Spur Miller နဲ့ Mercedes-Maybach S600 တို့ပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here