ထင်ကြေးအမျိုးမျိုးဖြင့် ရန်ကုန်လိုင်စင်ပြန်ဖွင့်မည့် အချိန်ကိုစောင့်ကြည့်ရင်း အရောင်းအဝယ်ရပ်တန့်နေသည့် ရန်ကုန်ကားစျေးကွက်

1925

ဧပြီ ၁ ရက်မှစ၍ COE စနစ်ဖြင့် ရန်ကုန်လိုင်စင်ကားများ ပြန်ဖွင့်ပေးမည်ဖြစ်ရာ ကားဝယ်ယူလိုသူများက ကားစျေးများ ပြန်ကျမည်အထင်ဖြင့် စောင့်ကြည့်နေကြသောကြောင့် စျေးကွက်အခြေအနေမှာ အေးစက်နေ သည်။ COE စနစ်နှင့် ပတ်သက်၍လည်း တင်သွင်းခွင့်ရမည့် အစီးရေ၊ ကောက်ခံမည့် အခွန်နှုန်းထားများအပေါ် သတင်းအမျိုးမျိုးထွက်ပေါ်နေပြန်ရာ စျေးကွက်အပြောင်းအလဲကို အားလုံးကစောင့်ကြည့်နေကြသည်။ အရောင်းအဝယ် ငြိမ်သက်နေသည့်ကာလတွင် ကားအရောင်းစင်တာများတွင်သာမက ယာဉ်ရောင်းဝယ်ရေး စခန်းများတွင်လည်း အဝယ်ဆင်းမှုနည်းသောကြောင့် စျေးကွက်အေးစက်နေကာ ငွေလည်ပတ်ရန်အတွက် စျေးချရောင်းသော ကားများသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

”လာမယ့်ဧပြီလမှာစတင်မယ့် COE စနစ်ကဘယ်လိုကျင့်သုံးမယ်ဆို တာကို သတင်းအမျိုးမျိုးထွက်ပေါ်နေပြီး အားလုံးကလည်း စောင့်ကြည့်နေကြတဲ့အတွက် အရောင်းအဝယ်ကအေးစက်နေပါတယ်။ COE စနစ်စတင်ခဲ့ရင် ပြည်ပက တင်သွင်းတဲ့ကားတွေနဲ့ ပြည်တွင်းထုတ်ကားတွေကိုအင်ဂျင်ပါဝါအလိုက် အခွန်တွေကောက်ခံဖို့ ရှိတဲ့အတွက် နံပါတ်ထွက်ပြီးသားဂျပန် ညာမောင်းကားတွေရဲ့စျေးကွက်က ပြန်ပြီးအားကောင်းလာဖို့ ရှိပါတယ်၊ ကားအရောင်းစင်တာတွေကနေ Consignment စနစ်နဲ့တင်သွင်းထားတဲ့ ကားတွေကိုလည်း COE စနစ်နဲ့ ရန်ကုန်လိုင်စင် ခွင့်ပြုသင့်ပါတယ်၊ ကားအရောင်းစင်တာတွေက အစိုးရကို တရားဝင် အခွန်ပေးဆောင်ထား တဲ့အတွက် COE စနစ်နဲ့ ရန်ကုန်လိုင်စင်ကိုဝယ်ယူခွင့်ပြုရမှာပါ၊ပြည်တွင်းထုတ်ကားတွေကို ရန်ကုန်လိုင်စင် တိုက်ရိုက်မပေးဘဲ COE စနစ်အောက် မှာထားမယ်ဆိုရင် Suzuki Ciaz လိုကားမျိုးက သိန်းသုံးရာကျော်သွား မှာပါ၊ ပြည်တွင်းထုတ်ကားတွေကို COE စနစ်အောက်မှာထားမယ်ဆိုရင် ဂျပန်ညာမောင်းကားတွေဖြစ်တဲ့ Toyota Axio ၊ Honda Fit Shuttle ၊ Honda Fit GK3 ၊ Honda Insight စတဲ့ကားတွေကို စီးမလား၊ ပြည်တွင်းထုတ် Suzuki Ciaz ၊ Suzuki Ertiga ၊ Nissan Sunny တို့ကိုစီးမလားဆို တာ ရွေးချယ်စရာ အများကြီးဖြစ်သွားမှာပါ၊ ဒါကြောင့် CKD ၊ SKD ကားတွေကိုလည်း COE စနစ်မှာထည့်သွင်းမယ်ဆိုရင် ဂျပန်ညာမောင်း ကားတွေနဲ့စျေးကွက်ပြိုင်ဆိုင်မှုတစ်ခု ဖြစ်လာမှာပါ”ဟု ‘ RIXS Group ‘ မှ မန်နေဂျင်းဒါရိုက်တာ ကိုအောင်မျိုးသူက ဆိုသည်။

ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်လည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ကုန်ပိုင်းလောက်မှစ၍ အရောင်းအဝယ်အေးစက်နေပြီး နယ်အဝယ်ဆင်းလာမှသာ ကြိုးကြားကြိုးကြားအရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ အရောင်းအဝယ်အေးစက်နေချိန်တွင် ၁၃ဝဝ စီစီကားများ စျေးအနည်းငယ် ဆင်းသွားပြီး အမြင့်ကားများမှာ စျေးအတက်အကျမရှိဘဲ အရောင်းအဝယ်အေးစက်နေကြောင်း သိရသည်။
၂ဝ၁၈ မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များအရ ၂ဝ၁၄ မိုဒယ်နှင့်အထက် ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့်ရမည်ဖြစ်သလို အကောက်ခွန်ဦးစီးဌာနက CIF တန်ဖိုးများ မထုတ်ပြန်တော့ဘဲ Invoice အတိုင်းသာ အခွန်စည်းကြပ်တော့မည်ဖြစ်၍ ပေးဆောင်ရမည့် အခွန်နှုန်းထားများကို တွက်ချက်နေခြင်းကြောင့် ကားတင်သွင်းမှုမှာ ရပ်တန့် နေသည်။ ထို့ပြင် ဧပြီလတွင် စတင်ကျင့်သုံးမည့် COE စနစ်ကို စောင့်ကြည့်နေခြင်း၊ တင်သွင်းရမည့်ပုံစံ ပြောင်းလဲသွားခြင်းနှင့် ပေးဆောင်ရမည့် အခွန်နှုန်းထားများပြောင်းလဲမှုတို့ကြောင့် တင်သွင်းပြီးသား ကားဟောင်းများကိုသာ ထိန်းရောင်းနေကြရသည်။

”အရောင်းအဝယ်က အကောင်းကြီးမဟုတ်ပေမဲ့ သူ့စျေးကွက် နဲ့သူတော့ ရောင်းနေရပါတယ်၊ အရောင်းအဝယ် ဖြစ်လာတယ် ဆိုပေမဲ့ ပြီးခဲ့တဲ့နှစ် နှစ်ကုန်ပိုင်းလတွေလောက်တော့ မကောင်းပါဘူး၊ COE စနစ် ကလည်း ဧပြီ ၁ ရက်မှာ ဘယ်လိုပုံစံနဲ့ထွက်လာမလဲ၊ စျေးတွေ ဘယ်လို သတ်မှတ်မလဲဆိုတာလည်း မသိသေးဘူး၊ ရန်ကုန်လိုင်စင် ရရင် စျေးသက် သာသွားမလားဆိုပြီး အားလုံးကစောင့်ကြည့်နေကြတဲ့အတွက် အရောင်းအဝယ်တွေ အေးနေပါတယ်၊ ပေါ်လစီအမျိုးမျိုးပြောင်းနေရင် ဝယ်သူရော၊ ရောင်းသူရော အရောင်းအဝယ်လုပ်ရတာ ခက်ပါတယ်၊ ဧပြီလမှာ COE စနစ် အတိတကျထွက်လာမှပဲ ဘယ်ကားတွေစျေးကွက်ပြန်ကောင်းလာမလဲ ဆိုတာအတိအကျပြောလို့ရမှာဖြစ်ပါတယ်”ဟု ဝယ်ရောင်းကိုသောမတ်ကိုကိုက ဆိုသည်။

ယခုနှစ်မူဝါဒအရလည်း ၂ဝ၁၄ မိုဒယ်နှင့်အထက် ဘယ်မောင်းကားများသာ တင်သွင်းခွင့်ရမည်ဖြစ်ရာ ထိုကားများနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသောကြောင့် လက်ရှိအချိန်တွင်လည်း မည်သည့်တန်ဖိုးတစ်ခုဖြင့် ပါမစ် လျှောက်ရမည်ကို အခက်တွေ့နေကြသည်။ ကားတင်သွင်းရန်ခက်ခဲနေ ချိန်တွင် COE စနစ်ဖြင့် ရန်ကုန်လိုင်စင်ကားများ ပြန်ဖွင့်ပေးမည်ဟု သတင်းကလည်း ထွက်ပေါ်လာရာ ကားဝယ်ယူလိုသူများက ကားစျေးများ ပြန်ကျမည်အထင်ဖြင့် စောင့်ကြည့်နေကြသောကြောင့် စျေးကွက်ကပို၍ အေးစက်သွားခဲ့သည်။ အခက်အခဲများကြားတွင် နယ်လိုင်စင်အပ်ကားများ ကို ရန်ကုန်လိပ်စာပြောင်းလဲပြီး ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းခြင်းကို လည်း ခွင့်မပြုတော့သဖြင့် စလစ်စျေး အပြောင်းအလဲကြားတွင် ကားအရောင်းအဝယ် ရပ်တန့်သွားကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here