တံခါးလေးပေါက်ပါ လျှပ်စစ်ပြိုင်ကားဖြစ်ပြီး Audi က ထုတ်လုပ်မည့် လျှပ်စစ်ကား အမျိုးအစားများထဲတွင် တတိယမြောက်မိုဒယ် ဖြစ်သည့် e-tron GT ကို ၂ဝ၂ဝ ပြည့်နှစ်တွင် ဂျာမနီနိုင်ငံ၌ စတင် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ် Rupert Stadler အတည်ပြုခဲ့သည်ဟု မတ် ၁၆ ရက်တွင် Autoweek ကားသတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။
Audi ကုမ္ပဏီသည် ၂ဝ၂၅ ခုနှစ်အမီ လျှပ်စစ်ကားမိုဒယ် နှစ်ဆယ်ခန့် ထုတ်လုပ်ရန် စီစဉ်ထားပြီး တစ်ဝက်ကျော်မှာ လျှပ်စစ်စွမ်းအင်အပြည့်သုံးကားများ ဖြစ် ကာ ကျန်ကားများမှာ Plug-in Hybrid နှင့် Mild Hybrid တို့ ဖြစ် ကြောင်း သိရသည်။ Audi အမှု ဆောင်အရာရှိချုပ် Rupert Stadier က ယခု ၂ဝ၁၈ ခုနှစ် အတွင်း အမေရိကန်ဒေါ်လာ တစ်သောင်းခန့် ကျသင့်မည့် e-tron SUV လျှပ်စစ်ကားကို စထုတ်သွားမည်ဖြစ်ကာ ၂ဝ၁၉ ခုနှစ်တွင် e-tron Sportback ၊ ၂ဝ၂ဝ ပြည့်နှစ်တွင် e-tron GT တို့ကို ထပ်မံ ထုတ်လုပ်သွားမည်ဟု ဆိုသည်။
e-tron GT လျှပ်စစ်ပြိုင်ကားသည် ကိုယ်ထည်သေးသွယ်ကာ ဖင်လျှောစတိုင်လ် ဆီဒန်ကားမျိုး ဖြစ်ပြီး Volkswagen ၏ J1 အဆင့်မြင့် လျှပ်စစ်ကားပလက်ဖောင်း နှင့် Porsche ၏ Mission E ဆီဒန်ကားတို့ကို ပေါင်းစပ်ဖန်တီးတည်ဆောက်သွားမည်ဖြစ်ကြောင်း Rupert Stadier က ပြောသည်။ Audi ၏ ပြိုင်ကားများထဲတွင် အထင်ကရမိုဒယ်ဖြစ်လာမည့် e-tron GT နှင့်ပတ်သက်၍ Rupert Stadier က ”လျှပ်စစ်ကားတွေမှာ လည်း မြင့်မားတဲ့စွမ်းဆောင်ရည် ရှိကြောင်း ဒီကားက သက်သေပြလိမ့်မယ်” ဟု ပြောကြားသွားသည်။
Ref : Autoweek