တောင်ကိုရီးယားနိုင်ငံသားများအကြား Tesla Fever ဖြစ်ပွားနေ

310

 

အရှေ့အာရှတွင်သာမကကမ္ဘာ့စီးပွားရေးထိပ်တန်းနိုင်ငံအဖြစ် ရပ်တည်နေသည့် တောင်ကိုရီးယားနိုင်ငံတွင် အမေရိကန် လျှပ်စစ်ကားကုမ္ပဏီ Tesla မှထုတ်လုပ်သောကားများကို နိုင်ငံသားများက စွဲလမ်းနှစ်ခြိုက်စွာမှာယူနေသောကြောင့် Tesla Fever ဟုပင် ခေါ်ဆိုနိုင်ကြောင်း ရိုက်တာသတင်းဌာနက ဇူလိုင် ၁၂ ရက်တွင် ဖော်ပြသည်။
Tesla သည် လျှပ်စစ်ကားနယ်ပယ်တွင် ထိပ်ဆုံးမှဦးဆောင်နေသော အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလနှင့် မေလအတွင်း တောင်ကိုရီးယား၌ ထင်ထားသလောက် ရောင်းအားကောင်းမွန်ခဲ့ခြင်း မရှိပေ။ သို့သော်လည်း ဇွန်လတွင်မူ ရောင်းအားပြန်လည်မြင့်တက်လာပြီး ၂,၈၂၇ စီး ရောင်းချနိုင်ခဲ့သည်။ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ပထမခြောက်လတာကာလအတွင်း Tesla အနေဖြင့် တောင်ကိုရီးယားတွင် ကားအစီးရေ ၇,၀၇၉ စီး ရောင်းချနိုင်ခဲ့ကာ ၂၀၁၉ ခုနှစ် ပထမခြောက်လရောင်းအား ၄၂၂ စီးထက် အဆပေါင်းများစွာ သာလွန်ခဲ့သည်။

ယခုကဲ့သို့ ရောင်းအားအဆမတန် မြင့်တက်လာရခြင်း၏ အဓိကအချက်မှာ Tesla Model 3 ၏ ရောင်းအားကအခရာကျခဲ့ပြီး ကမ္ဘာတစ်လွှားဝယ်လိုအား မြင့်တက်လျက်ရှိသည်။ Tesla Model 3 သည် လက်ရှိအချိန်တွင် နိုင်ငံခြားမှတင်သွင်းသော ကားအမှတ်တံဆိပ်များအနက် Mercedes-Benz E-Class ပြီးလျှင် ဒုတိယ ရောင်းအားအကောင်းဆုံးမိုဒယ်အဖြစ် ရပ်တည်လျက်ရှိပြီး ယင်း၏နောက်တွင်မူ BMW 5 Series ၊ Audi A6 တို့ရှိနေသည်။ တောင်ကိုရီးယားနိုင်ငံသားများအနေဖြင့် Model 3 ကို ငွေရှိရုံဖြင့် ချက်ချင်း ဝယ်ယူနိုင်ဦးမည်မဟုတ်ဘဲ အမေရိကန်အထိ အမှာစာပေးပို့ရပြီး လအနည်းငယ်စောင့်ဆိုင်းမှသာ လက်ဝယ်ပိုင်ဆိုင်ခွင့်ရရှိမည်ဖြစ်သည်။

လက်ရှိအချိန်တွင် Model 3 ကိုပိုင်ဆိုင်ခွင့်ရနိုင်ရေး အမှာစာပေးပို့ထားသည့် တောင်ကိုရီးယားနိုင်ငံသား လေးထောင်မှ ငါးထောင်ကြားရှိနေပြီး အနိမ့်ဆုံးစက်တင်ဘာလခန့်အထိ စောင့်ဆိုင်းရမည်ဖြစ်သည်။ ဆိုးလ်မြို့တွင် ကြော်ငြာအေဂျင်စီတစ်ခု တည်ထောင်ထားသူ Kang Sung-mo မှာ လွန်ခဲ့သည့် ဒီဇင်ဘာလကမှ Tesla Model 3 ကိုလက်ခံရရှိကာ ဂုဏ်ယူစွာဖြင့် မောင်းနှင်သုံးစွဲလျက်ရှိသည်။ အသက် ၃၉ နှစ်အရွယ် Kang သည် လွန်ခဲ့သည့် နွေရာသီကမှ Hyundai Crossover ကားတစ်စီးကို ဝယ်ယူထားသော်လည်း အမေရိကန်ကုမ္ပဏီ၏ တီထွင်ဖန်တီးမှုများကြောင့် Tesla Model 3 ကို စိတ်ရှည်သည်းခံမှုအပြည့်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်က ကားတွေကိုစိတ်မဝင်စားဘူး၊ ဒါပေမဲ့ Tesla ရဲ့အမှတ်တံဆိပ်နဲ့ နည်းပညာပိုင်းတွေကိုတော့ စိတ်ဝင်စားတယ်” ဟု ပြောကြားခဲ့ခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံသားများအကြား Tesla Fever ကူးစက်နေသည်ကို အထင်းသားတွေ့မြင်နိုင်ပေသည်။
Ref: Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here