တောက်လျှောက်မြင့်တက်နေသော ကားစျေးတန်းများကြောင့် အရောင်းအဝယ်ငြိမ်သက်သွားသည့် ရန်ကုန်ကားစျေးကွက်

1017

၂ဝ၁၈ မော်တော်ယာဉ်မူဝါဒ ထွက်ပေါ်ပြီးနောက်တွင် ကားစျေးများ ရုတ်တရက် မြင့်တက်သွားခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း  တက်စျေးဖြင့် အရောင်းအဝယ် မဖြစ်သောကြောင့် စျေးကွက်အနည်းငယ် အေးသွားကြောင်း သိရသည်။ ယခုနှစ်အတွက် ပါမစ်နောက်ဆုံးထား လျှောက်ရမည့်ရက်များကိုလည်း ထုတ်ပြန်ခဲ့ခြင်းကြောင့် ကားတင်သွင်းသူများအနေဖြင့် အရောင်းအဝယ်ထက် ပါမစ်လျှောက်သည့်ဘက်ကို ပိုအားသန်နေ ၍ စျေးကွက်ပြန်လည်ငြိမ်သက်သွားခဲ့သည်။ နယ်လိုင်စင်ကားများကို မြို့ဝင်ကြေးအခွန် ကောက်မည်ဆိုသည့် သတင်းများထွက်ပေါ်နေသည့်အတွက်လည်း နယ်ကားများ အရောင်းအဝယ် အဖြစ်နည်းသွားခဲ့သည်။

 

‘‘လာမယ့်နှစ်အတွက် မူဝါဒထွက်ပြီးနောက်ပိုင်းမှာ ကားစျေးတွေ မြင့်တက်သွားခဲ့ပေမဲ့ ဒီရက်ပိုင်းမှာတော့ ပြန်အေးသွားပါတယ်၊ မူဝါဒထွက်ပြီး ရက်ပိုင်းမှာ ကားစျေးတွေ တက်သွားတယ်ဆိုတာ ဝယ်/ရောင်းအချင်းချင်း အရောင်းအဝယ် ပြုလုပ်ကြလို့ ဖြစ်ပါတယ်၊ ဒီအချိန်မှာတော့ ဝယ်/ရောင်းတွေဆီမှာ ကားပြည့်သွားတဲ့အတွက် အရောင်းအဝယ် အေးသွားတာလည်း ဖြစ်နိုင်ပါတယ်၊ နောက်ပြီး ဒီနှစ်အတွက် ပါမစ်ကလည်း ဒီဇင်ဘာလအထိ လျှောက်လို့ရတဲ့အတွက် စျေးကွက်က ငြိမ်သွားပါတယ်၊ အရောင်းအဝယ် ပြန်ငြိမ်သွားတယ် ဆိုပေမဲ့လည်း ကားစျေးတွေကတော့မကျဘဲ အပေါ်မှာပဲရှိပါတယ်၊ နယ်လိုင်စင်ကားတွေကို မြို့ဝင်ကြေး ကောက်မယ်ဆိုရင်တော့ နယ်ကားတွေ အရောင်းအဝယ်ပြုလုပ်ရတာ ခက်သွားနိုင်ပါတယ်၊ လိုင်းပေါ်က ကားတွေဖြစ်တဲ့ Kluger ၊ Wish ၊ Alphard ၊ Crown တို့နဲ့ ၁၃ဝဝ စီစီ ကားထဲက Fit Shuttle ၊ Axio တို့ကတော့ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်ပါတယ်၊ အရောင်းအဝယ် အေးသွားသလို စလစ်အရောင်းအဝယ်လည်း အေးသွားပြီး စျေးလည်း အနည်းငယ် ပြန်ကျသွားပါတယ်’’ ဟု Bagan Automotive Motor  မန်နေဂျင်းဒါရိုက်တာ ကိုရန်မျိုးအောင်က ဆိုသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လူပုဂိ္ဂုလ်တစ်ဦးချင်းတင်သွင်းသည့် စလစ်ကပ်ကားများကို ပုံမှန်သက်တမ်း သုံးလအပြင် ပထမအကြိမ် နှစ်လနှင့် ဒုတိယအကြိမ် တစ်လ သက်တမ်းတိုးခွင့်ပေးမည် ဖြစ်သောကြောင့် အချိန်တစ်ခုရသွားပြီး စလစ်ဝယ်လိုအားလည်း အနည်းငယ် ကျဆင်းသွားခဲ့သည်။ မူဝါဒအသစ်ထွက်ပေါ်ပြီး တစ်ပတ်အတွင်း စလစ်စျေး ကျပ်သိန်း ၁၄ဝ အထိ မြင့်တက်သွားခဲ့သော်လည်း ဝယ်လိုအား နည်းသွားခြင်းကြောင့် သိန်း ၁၃ဝ ကျော်သို့ ပြန်လည် ကျဆင်း သွားခဲ့သည်။ ကားစျေးကွက်အခြေအနေသည် စလစ်စျေးအပေါ်လည်း မူတည်နေရာ စလစ်စျေးများ ပုံမှန်အတိုင်းသာရှိနေပါက ကားစျေးများသည် အတိုင်းအတာတစ်ခုတွင် ငြိမ်သက်သွားနိုင်ကြောင်း ကားတင်သွင်းသူ များက ဆိုသည်။

 

‘‘ဒီရက်ပိုင်းမှာ အရောင်းအဝယ်က ပုံမှန်အနေအထားထက် ပိုရောင်း ရတယ်ဆိုပေမဲ့ မူဝါဒအသစ် ထွက်ခါစရက်ပိုင်းတွေလိုတော့ ဟော့ဟော့ ရမ်းရမ်း မရောင်းရတော့ပါဘူး၊ တစ်ဦးချင်းတင်သွင်းတဲ့ စလစ်ကပ် ကားတွေလည်း ပါမစ်သက်တမ်းတိုးဖို့ အချိန်ရသွားတဲ့အတွက် စလစ်စျေး ပြန်ကျသွားပါတယ်၊ ဒါပေမဲ့ ကားအရောင်းစင်တာတွေကနေ လျှောက်တဲ့ Consignment ပါမစ်ကို ဒီဇင်ဘာ ၂၇ ရက်အထိခွင့်ပြုပေးပြီး တစ် ဦးချင်းပါမစ်ကျတော့ ဒီဇင်ဘာ ၁၅ ရက်အထိပဲ ခွင့်ပြုပေးတဲ့အတွက် Showroom တွေထက်စာရင် ပါမစ်လျှောက်ရမယ့်ရက် ကပ်သွားပါတယ်၊ ဒီလအတွင်းမှာတော့ ကားစျေးက ထပ်တက်ဖို့အလားအလာမရှိပါဘူး၊ နောက်ပြီး ကားစျေးအတက်/အကျက စလစ်စျေးအပေါ်မှာလည်းမူတည်နေတဲ့အတွက် စလစ်စျေး ပြန်ဆင်းသွားရင် ကားစျေးက အရမ်းတက်ဖို့မရှိတော့ ပါဘူး၊ တစ်ဦးချင်းတင်သွင်းတဲ့ စလစ်ကပ်ကားတွေကို ပုံမှန်ပါမစ်သက်တမ်း သုံးလအပြင် နောက်ထပ် သုံးလခွင့်ပြုပေးတဲ့အတွက် ဂျပန်လေလံမှာလည်း ပြန်ထိန်းပြီးဆွဲလို့ရတဲ့အနေအထား ဖြစ်သွားပါတယ်၊ ရန်ကုန်မှာ မောင်းနှင်နေတဲ့ နယ်လိုင်စင်ကားတွေကို မြို့ဝင်ကြေးအခွန်ပြန်ကောက် မယ်ဆိုရင်တော့ နယ်ကားဝယ်လက် များသွားမှာပါ၊ နယ်ကားတွေကို အခွန်ပြန်ကောက်မယ်ဆိုရင် ရန်ကုန်မှာ နယ်လိုင်စင်နဲ့စီးနေတဲ့သူတွေအတွက် အခက်တွေ့သွားစေမှာပါ၊ နယ်ကားတွေကို မြို့ဝင်ကြေးကောက်ခံတဲ့ ကိစ္စက တရားမျှတမှု မရှိပါဘူး၊ အရောင်းအဝယ်ကတော့ ရာသီကြိုက်ကား လေးတွေဖြစ်တဲ့ Wish  ၊ Alphard နဲ့ ရန်ကုန်လိုင်စင်နံပါတ်ထွက်ပြီးသား ကားတွေ အရောင်းအဝယ်ဖြစ်ပါတယ်၊ ပွင့်လင်းရာသီ ရောက်လာတဲ့အတွက် ဒီရက်ပိုင်းမှာ ရန်ကုန်အဝယ်နဲ့ နယ်အဝယ်ဆင်းတာ မျှပါတယ်’’ဟု KMT Auto မန်နေဂျင်းဒါရိုက်တာ ကိုကျော်မင်းထွန်းကဆိုသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယခုနှစ်အတွက် ပါမစ်နောက်ဆုံးထား လျှောက်ရမည့် ရက်ကို အောက်တိုဘာလမကုန်ခင် ထုတ်ပြန်ကြေညာလိုက်သည့်အတွက် ကားတင်သွင်းသူများချိန်ဆရန် အချိန်တစ်ခုရသွားခဲ့သည်။ ပါမစ်နောက်ဆုံးထား လျှောက်ရမည့်ရက်များကို ထုတ်ပြန်ကြေညာလိုက်သည့် အခါတွင် ကားအရောင်းပြခန်း၊ ကားအရောင်း စင်တာများမှ တင်သွင်းမည့်ကားများကို ဒီဇင်ဘာ ၂၇ ရက်၊ တစ်ဦးချင်း လျှောက်ထားမည့်ကားများကို ဒီဇင်ဘာ ၁၅ ရက်အထိ ခွင့်ပြုပေးမည်ဖြစ်သည်။ ပါမစ်သက်တမ်းတိုးခွင့်ပြုရာတွင် ယခင်နှစ်များကဲ့သို့ ကားအရောင်း ပြခန်း၊ ကားအရောင်းစင်တာများမှ တင်သွင်းမည့် ဖရီးပါမစ်ကားများနှင့် တစ်ဦးချင်းတင်သွင်းမည့် စလစ်ကပ်ကားများကို ပုံမှန်ပါမစ်သက်တမ်း သုံးလအပြင် နောက်ထပ် သုံးလပေးမည်ဖြစ်သည်။ သို့သော် ကားအရောင်းစင်တာများမှ တင်သွင်းမည့် ၂ဝ၁၄ မိုဒယ်နှင့်အောက် စလစ်ကပ်ကားများနှင့် တစ်ဦးချင်းတင်သွင်းမည့် ဖရီးပါမစ်ကားများကိုမူ သက်တမ်းတိုးခွင့် ပေးမည်မဟုတ်ဘဲ ပုံမှန်သက်တမ်း သုံးလသာ ရရှိမည်ဖြစ်သည်။

 

‘‘Consignment ဖရီးပါမစ်တွေကို ပါမစ်လျှောက်ဖို့ သက်တမ်းတိုး ကာလပေးလိုက်ပေမဲ့လည်း အားသာချက်၊ အားနည်းချက် မရှိပါဘူး၊ Consignment ပါမစ်တွေက လျှောက်ရတာကြာပြီး တစ်ဦးချင်းပါမစ်က လွယ်တယ်၊ Consignment ပါမစ်လျှောက်မယ်ဆိုရင် ဌာနတွေအဆင့် ဆင့်ဖြတ်ပြီးမှ ချပေးတာပါ၊ ပါမစ်သက်တမ်း တိုးခွင့်မရှိတဲ့ ကားတွေဆိုရင် လည်း လာမယ့်နှစ် မတ်လမရောက်ခင်မှာ ကားအဆင်သင့်ဝယ်ပြီးသား ဖြစ်ရမှာပါ၊ အရင်လိုလည်း ဂျပန်ကနေ တစ်ပတ်တစ်ခါဆိုက်ကပ်ဆိုတာ မရှိပါဘူး၊ ဒီမှာဖြစ်နေတဲ့အခြေအနေတွေကို ဂျပန်က သတင်း ကြိုရနေတဲ့အတွက် ကားစျေးတွေကို ဆွဲတင်လိုက်တဲ့အခါ လေလံစျေးတွေ မြင့်လာပါတယ်၊ ဒီရက်ပိုင်းမှာ စလစ်ကိုကိုင်ထားတဲ့ လက်ကြီးသမားတွေက ထုတ်ရောင်းလာကြတဲ့အတွက် စလစ်စျေးကတော့ ပြန်ကျသွားပါတယ်၊ တစ်ဦးချင်းတင်သွင်းမယ့် စလစ်ကပ်ကားတွေကို ပါမစ်သက်တမ်းတိုးပေး လိုက်တဲ့အတွက်လည်း စလစ်တွေကို လက်ထဲမှာ သိပ်မကိုင်ထားကြတော့ဘူး၊ ငွေလှည့်တဲ့သဘောနဲ့ ခေါ်ရောင်းလာကြတယ်၊ ပါမစ်သက်တမ်းတိုးပေးလိုက်တဲ့အတွက် အရမ်းအဝယ်လိုက်နေတဲ့အခြေအနေကတော့ တန့်သွားတယ်၊ အဝယ်နည်းသွားလို့ စျေးတန့်သွားတဲ့သဘော ဖြစ်ပါတယ်၊ ဒီရက်ပိုင်းမှာ ကားစျေး အတက်အကျတော့ ပြောင်းလဲမှုမရှိပါဘူး’’ဟု RIXS Group မန်နေဂျင်းဒါရိုက်တာ ကိုအောင်မျိုးသူက ဆိုသည်။

 

ပွင့်လင်းရာသီရောက်ရှိလာသဖြင့် ယာဉ်ရောင်းဝယ်ရေးစခန်းများတွင် နယ်အဝယ်များဆင်းလာကာ အရောင်းအဝယ်ကောင်းလာကြောင်း သိရသည်။ မူဝါဒထွက်ပေါ်လာခြင်းကြောင့်လည်း အပြောင်းအလဲကိုစောင့် ကြည့်ခဲ့ကြသူများက တည်ငြိမ်လာသည့်အနေအထားတွင် ဝယ်ယူလာသည့်အတွက် အရောင်းအဝယ် ပုံမှန်ပြန်ဖြစ်လာခဲ့သည်။

 

‘‘အရင်ရက်တွေထက်စာရင် ဒီရက်ပိုင်းမှာ အရောင်းအဝယ်တွေပြန် ကောင်းလာပါတယ်၊ မူဝါဒတွေ တည်ငြိမ်သွားတဲ့အတွက်လည်း စျေးကွက်က ပြန်ပြီးအသက်ဝင်လာပါတယ်၊ ယာဉ်ရောင်းဝယ်ရေးစခန်းတွေမှာ တစ် ဦးချင်းတင်သွင်းတဲ့ကားတွေများတဲ့အတွက် စတိနံပါတ်ကားတွေရော နံပါတ်ထွက်ပြီးသားကားတွေပါ အရောင်းအဝယ်ဖြစ်ပါတယ်၊ ကားစျေးတွေ မြင့်တက်သွားတဲ့အနေအထားမှာ ပုံမှန်ထက် အနည်းငယ် ချရောင်းမယ်ဆိုတာနဲ့ အရောင်းအဝယ်ဖြစ်သွားပါတယ်၊ စလစ်ကပ်ကားထက်စာရင် ဖရီးပါမစ် ကားက ပိုပြီးအရောင်းအဝယ်ဖြစ်ပါတယ်’’ဟု ကားဝယ်/ရောင်း ကိုကျော်ကျော်က ဆိုသည်။

 

ယခုနှစ်အတွက် ပါမစ်နောက်ဆုံးထား လျှောက်ရမည့်ရက်များကို ကြေညာလိုက်ခြင်းနှင့် ယခင်နှစ်များကဲ့သို့ တစ်ဦးချင်းစလစ်ကပ်တင်သွင်းမည့်ကားများကို ပါမစ်သက်တမ်းတိုးခွင့်ပေးမည်ဖြစ်သောကြောင့် စလစ်စျေးများ အနည်းငယ်ပြန်လည် ကျဆင်းသွားခဲ့သည်။ ယခုတစ်ပတ်အတွင်း သက်တမ်း နှစ် နှစ်ဆယ်စလစ်သည် ကျပ် ၁၃၅ သိန်းဝန်းကျင်နှင့် တိုက် ကြေစလစ်သည် ကျပ် ၁၂၅ သိန်းဝန်းကျင် ပေါက်စျေးရှိကြောင်း ေစျးကွက်အတွင်းမှ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here