တီးတိန်မြို့နယ်အတွင်းရှိ လာရောက်လည်ပတ်မှုများသည့် နေရာများသို့ ကျန်းမာရေးထောက်ခံချက်မပါရှိပါက လာရောက်ခွင့်မပြုရန် ညွှန်ကြား

225

တီးတိန်မြို့အား အဝေး တစ်နေရာမှ လမ်းမြင်ရပုံ။

တီးတိန်၊ နိုဝင်ဘာ ၂၀

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ ထေးဇန်ကျေးရွာ၊ အာလွယ်ကျေးရွာနှင့် လေသာတောင်(လေထန်ကုန်း)သို့ ကလေးမြို့မှသော်လည်းကောင်း၊ တီးတိန်မြို့မှသော်လည်းကောင်း လူအစုလိုက်၊ သို့မဟုတ် အဖွဲ့လိုက်ဖြင့် မလာရောက်စေရေးနှင့် ကျန်းမာရေးထောက်ခံချက် အပြည့်အစုံပါရှိမှသာ ချင်းပြည်နယ်အဝင် ခိုင်ကမ်းစစ်ဆေးရေးဂိတ်မှ သွားလာခွင့်ပြုရန် ညွှန်ကြားလိုက်ကြောင်း တီးတိန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ စုံစမ်းသိရသည်။

“ထေးဇန်တို့၊ အာလွယ်တို့၊ သိုင်းငင်းတို့၊ လေထန်ကုန်းတို့မှာ ကလေးမြို့ကနေရော တီးတိန်မြို့ပေါ်ကနေပါ လူငယ်တွေ အုပ်စုဖွဲ့ပြီး လာရောက်လည်ပတ်ကြတာ များနေတာပေါ့၊ ဒါကြောင့် အဲဒီလို အုပ်စုဖွဲ့လာရောက်လည်ပတ်တာတွေ ခွင့်မပြုဖို့၊ ချင်းပြည်နယ်အဝင်ကစပြီး ထောက်ခံချက်အပြည့်အစုံပါမှသာ ချင်းပြည်နယ်အတွင်းဝင်ရောက်ခွင့်ပြုဖို့ မြို့နယ်ကနေ ညွှန်ကြားထားတယ်၊ ကျွန်တော်တို့အုပ်ချုပ်ရေးဘက်ကတော့ ညွှန်ကြားချက်နဲ့အညီ ဆက်လက်ဆောင်ရွက်ဖို့ ကြပ်မတ်သွားဖို့ပဲရှိတယ်” ဟု တီးတိန်မြို့နယ် ထေးဇန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်ခန့်မုန်က ပြောကြားသည်။
တီးတိန်မြို့အ၀င်တွင် လူငယ်အချို့ လာရောက်လည်ပတ်နေကြသည်ကို Covid-19 ကာလမတိုင်မီက တွေ့ရစဉ်။

တီးတိန်မြို့နယ်အတွင်းသို့ ကလေးမြို့မှ လာရောက်သူအချို့ထံမှ Covid-19 ရောဂါပိုးတွေ့ရှိသူများလာသဖြင့် ကြိုတင်ကာကွယ်နိုင်ရန် အထင်ကရနေရာများသို့ အုပ်စုဖွဲ့လာရောက်လည်ပတ်ခြင်းကို ခွင့်ပြုတော့မည်မဟုတ်ဘဲ ပြည်ပနိုင်ငံများ၊ ပြည်တွင်းရှိ မြို့နယ်အသီးသီးမှ ပြန်လာသော ပုဂ္ဂိုလ်များအား Facility Quarantine ပြုလုပ်ရာ၌ သက်ဆိုင်ရာကျေးရွာများတွင် မထားရှိဘဲ မြို့ပေါ်ရှိ Facility Quarantine Center များတွင်သာ ထားရှိဆောင်ရွက်သွားရန်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်း အစုလိုက်၊ အပြုံလိုက် ဖျားနာခြင်းများရှိပါက ကျန်းမာရေးဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ တင်ပြရေးနှင့် လူစိမ်းဝင်ရောက်မှုများအား ကြပ်ကြပ်မတ်မတ်စစ်ဆေးဆောင်ရွက်ရန်၊ ဘာသာရေးအသင်းတော်များအားလုံးမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အတိုင်း ဝတ်ပြုဆုတောင်းခြင်းကို ယာယီရပ်ဆိုင်းထားရန်နှင့် လိုက်နာမှုမရှိဘဲ ဝတ်ပြုဆုတောင်းခြင်းများတွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်ဟု တီးတိန်မြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

“တီးတိန်မြို့နယ်ကနေ ညွှန်ကြားထားတာ မှန်ပါတယ်၊ အဓိကကတော့ Facility Quarantine ၁၄ ရက်ဝင်ရောက်ပြီး ကိုယ့်ရပ်ကွက်၊ ဒါမှမဟုတ် ကျေးရွာတွေဆီ ပြန်လည်စေလွှတ်တဲ့အခါ Home Quarantine ခုနစ်ရက် ထားရှိသူတွေအားလုံး သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေအတိုင်း လိုက်နာနေထိုင်မှုရှိမရှိ စောင့်ကြည့်ဖို့ မှာကြားထားတယ်၊ ပြီးတော့ လာရောက် လည်ပတ်မှုများတဲ့နေရာတွေမှာ အုပ်စုဖွဲ့လာလည်တာတွေမရှိဖို့နဲ့ ကြပ်မတ်ဖို့လည်း မှာကြားထားပါတယ်” ဟု တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဒိုဇတွောင်က ဆိုသည်။

ကလေးမြို့နယ်အတွင်းရှိ လည်ပတ်စရာအများစု ယာယီပိတ်ပင်ထားသည့်အတွက် ဒေသခံအချို့မှာ ချင်းတောင်ပေါ်ရှိ အထင်ကရနေရာများသို့ ပျော်ပွဲစားထွက်ခြင်း၊ ရှုခင်းကောင်းသည့်နေရာများသို့ ဓာတ်ပုံသွားရောက်ရိုက်ကူးခြင်း၊ စိတ်ပျော်ရွှင်စေရန် သွားရောက်လည်ပတ်ကြသူများမှာ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် အများဆုံးဖြစ်ကြောင်း ထေးဇန်ကျေးရွာရှိ ဒေသခံများထံမှ စုံစမ်းသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here