ရန်ကုန်၊ စက်တင်ဘာ ၁၁
တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိ ကညနရုံးများ၏ ဝန်ဆောင်မှုလုပ်ငန်းများကို ယခုလ ၁၄ ရက်မှစ၍ ခေတ္တ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှသိရသည်။
Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်အရ Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိ စေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးများတွင် ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုလုပ်ငန်းများအားလုံးကို ယခုလ ၁၄ ရက်မှစ၍ ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြာင်း သိရသည်။
” ကနဦး (၄) ရုံးနဲ့ပြည်နယ် တိုင်းဒေသကြီး ခရိုင် (၅၅) ရုံး စတဲ့ ကညနရုံးအားလုံး တနင်္လာနေ့ ကစပြီး ပိတ်မှာပါ၊ အခြေအနေတည်ငြိမ်မှ ပုံမှန် ဝန်ဆောင်မှုတွေကို ပြန်လည်လက်ခံ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်၊ ပြန်ဖွင့်ရက်ကိုလည်း ကြေညာပေးမှာပါ”ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (နေပြည်တော်ရုံးချုပ်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သို့ရာတွင် ဝန်ဆောင်မှုလုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားသည့်ကာလအတွက် ကနဦးမှတ်ပုံတင်ယာဉ်များ၏ ရက်လွန်ဒဏ်ကြေး၊ သက်တမ်းတိုး မော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များ၏ သက်တမ်းလွန်ဒဏ်ကြေးများ အပါအဝင် လုပ်ငန်းဆိုင်ရာများကို အများပြည်သူ ထိခိုက်နစ်နာမှု မရှိစေရန် တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေလျှော့ဆောင်ရွက်ပေးမည် ဖြစ် ကြောင်း သိရသည်။
ဆန်းသစ်အောင်