တာ၀န်သိပြီး ရိုးသားသော မန်းစည်ပင်ယာဉ်မောင်းတစ်ဦးအား ဂုဏ်ပြုပေးမည်ဟု မန္တလေးမြို့တော်၀န်ပြော

160

 

မန္တ​လေး၊ စက်တင်ဘာ ၂၃

မန္တလေးမြို့ အမရပူရမြို့နယ်အတွင်းရှိ နေအိမ်တစ်အိမ်မှ အမှိုက်ပစ်ရင်း ပါသွားသည့် စိန်နားကပ်တစ်ရန်အား ကူညီရှာဖွေလုပ်ဆောင်ပေးခဲ့သူ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ အမှိုက်သိမ်းယာဉ် ယာဉ်မောင်းဖြစ်သည့် ဦးသိန်းနိုင်ထွန်း(ယာယီ)အား လာမည့် မန္တလေးစည်ပင် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ဂုဏ်ပြုပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်၀န် ဒေါက်တာရဲလွင်က ပြောကြားသည်။

အမရပူရမြို့နယ်မှ ယာဉ်မောင်းဖြစ်သူ ဦးသိန်းနိုင်ထွန်း(ယာယီ)မောင်းနှင်သော RC-24 အမှိုက်သိမ်းယာဉ်သည် တိုးချဲ့ ၄ ရပ်ကွက်၌ အမှိုက်သိမ်းဆည်းပြီး တောင်အင်းမြောက်အင်း အမှိုက်ကျင်းသို့အသွား ဖုန်း၀င်လာကြောင်း၊ အမှိုက်ပစ်ရင်း ကားပေါ်သို့ တစ်ရှူးဖြင့် ထုပ်ထားသည့် စိန်နားကပ်ပါသွားကြောင်းပြောသဖြင့် လမ်းဘေးတွင် ကားရပ်ထားကာ ပိုင်ရှင်ရောက်လာသည်အထိ စောင့်ပေးခဲ့ပြီး ပိုင်ရှင်များမှ လမ်းဘေးတွင် အမှိုက်သွန်ချ၍ရှာရန် တောင်းဆိုခဲ့ကြောင်း၊ ထိုသို့ တောင်းဆိုရာတွင် ယာဉ်မောင်းမှ လမ်းဘေးဆိုလျှင် မဖြစ်နိုင်ကြောင်းနှင့် အများပြည်သူသွားလမ်းပေါ်ဖြစ်နေသဖြင့် အရေးယူခံရနိုင်ကြောင်း ပြောပြကာ ပိုင်ရှင်များအား အမှိုက်ကျင်းအထိ လိုက်လာခိုင်းစေပြီး အမှိုက်ကျင်းတာ၀န်ခံထံ ခွင့်တောင်း၍ သီးခြားတစ်နေရာဉ် အမှိုက်ချရှာခွင့် တောင်းခံခဲ့ကြောင်း မန္တလေးမြို့တော်၀န် ဒေါက်တာရဲလွင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

“အမှိုက်​တွေကို နည်းနည်းချင်းချပေးပြီး ကူညီရှာပေးခဲ့တာ မနက် ၁၀ နာရီခွဲ​လောက်မှာ စိန်နားကပ်တစ်ရန်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်၊ ပိုင်ရှင်က ကျေးဇူးတင်တဲ့အနေနဲ့ငွေကျပ် ၁၅,၀၀၀ ပေးသွားပါတယ်၊ အဲဒီငွေကို ကူညီပြီး ရှာပေးတဲ့ကလေး​တွေလည်း ခွဲဝေပေးခဲ့တယ်လို့ သိရပါတယ်၊ ရိုးသားပြီး တာ၀န်သိမှုအတွက် နှစ်ပတ်လည်နေ့မှာ ဂုဏ်ပြုပေးမှာပါ” ဟု ၎င်းက ထပ်မံပြောဆိုသည်။

ဒီဇင်ဘာ ၂၉ ရက်သည် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ နှစ်ပတ်လည်နေ့ဖြစ်ပြီး ယခု ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် မန်းစည်ပင်၏ ၂၈ နှစ်မြောက်လည်း ဖြစ်သည့်အတွက် အဆိုပါနေ့တွင် ၂၈ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ- ဦး Ye Lwin FB

LEAVE A REPLY

Please enter your comment!
Please enter your name here